@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၅၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၅

Dr နန္ဒမာလာဘိဝံသ


မဂ္ဂပစ္စယော

မဂ္ဂဆိုတာ သာမန်အားဖြင့် လမ်းကြောင်းလို့ အဓိပ္ပာယ်ရတယ်၊ လူတွေလျှောက်လှမ်းစရာ လမ်းကြောင်း၊ ယာဉ်တွေ သွားစရာလမ်းကြောင်း၊ တစ်စုံတစ်ခုဘက်ကို ဦးတည်ပြီး သွားနေတဲ့ လမ်းကြောင်းမှန်သမျှကို “မဂ္ဂ” လို့ ခေါ်တယ်၊ မဂ္ဂပစ္စယော ဆိုတဲ့နေရာမှာ မဂ္ဂ ဟာ မဂ် ဖိုလ် နိဗ္ဗာန်လမ်းနဲ့သာ သက်ဆိုင်တာ မဟုတ်ဘူး၊ ငရဲသွားတဲ့လမ်းကြောင်းကိုလည်း မဂ္ဂ လို့ ခေါ်တာပဲ၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံသွားတဲ့ လမ်းကြောင်း၊ အကုသိုလ်ဖြစ်စရာ လမ်းကြောင်းကိုလည်းပဲ မဂ္ဂလို့ ခေါ်တာပဲ၊ ဒီတော့ မဂ် ဖိုလ် ဆိုတာမှာပါတဲ့ မဂ္ဂထက် မဂ္ဂပစ္စယော မဂ္ဂက ပိုပြီးတော့ အဓိပ္ပာယ်ကျယ်ပြန့်တယ်လို့ ဒီလို မှတ်ရမယ်၊ ဒါက ရှေးဦးစွာ မှတ်ထားရမယ်။

မဂ္ဂဆိုတာ လမ်းကြောင်းပဲ၊ ဥပမာ - သမထကျင့်စဉ်ကျင့်လို့ ဈာန်ရလာတယ်ဆိုရင် အဲဒီဈာန်တရားဟာ ဗြဟ္မာ့ပြည်သွားဖို့ လမ်းကြောင်းပဲ၊ အဲဒါကိုလည်း မဂ္ဂလို့ပဲ သုံးတာပဲ၊ ဒါနကောင်းမှု သီလကောင်းမှု ဘာဝနာကောင်းမှု၊ ဒီကောင်းမှုတွေဟာ နတ်ပြည်ရောက်ကြောင်း (သို့မဟုတ်) သုဂတိရောက်ကြောင်း လမ်းကြောင်းသဖွယ်ဖြစ်လို့ ဒီကုသိုလ်တွေကိုလည်း မဂ္ဂလို့ပဲ ခေါ်တာပဲ၊ ဒီတော့ မဂ္ဂဆိုတာ တစ်စုံတစ်ခုသောအရပ်သို့ ဦးတည်ပြီးသွားနေတဲ့ လမ်းကြောင်း မှန်သမျှဟာ ဒီနေရာမှာ မဂ္ဂပစ္စယောလို့၊ လမ်းကြောင်းပမာ ကျေးဇူးပြုတတ်တဲ့ သဘာဝတရားတဲ့။


မဂ္ဂင်ရှစ်ပါးဆိုတာ ဓမ္မစကြာတရားမှာ မြတ်စွာဘုရားက “ဒုက္ခနိရောဓဂါမိနိပဋိပဒါ” တဲ့၊ ဒုက္ခနိရောဓ ဆိုတာ ဒုက္ခအားလုံး ကုန်ဆုံးသွားရာဖြစ်တဲ့ နိဗ္ဗာန်ကို၊ ဂါမိနိ - ရောက်စေနိုင်တဲ့၊ ပဋိပဒါ - အကျင့်တရားတဲ့၊ အဲဒါလည်းပဲ မဂ္ဂပဲ၊ နိဗ္ဗာန်ကို ပို့ဆောင်တဲ့ လမ်းကြောင်းပေါ့။

“ဒုက္ခနိရောဓဂါမိနိပဋိပဒါ” လို့ဆိုတဲ့ မဂ္ဂကျတော့ အရိယမဂ္ဂလို့ ဒီလို သုံးတယ်၊ “အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ” လို့ ဆိုတာ၊ သာမန် မဂ္ဂေါလို့ သုံးတာ မဟုတ်ဘူး၊ ဒါကို သတိထား၊ သာမန် မဂ္ဂေါလို့ သုံးလို့ရှိရင်တော့ မဂ္ဂဆိုတာ လမ်းကြောင်းအားလုံးနဲ့ သက်ဆိုင်တယ်၊ လမ်းကြောင်းအားလုံးကို ရည်ညွှန်းတာ ဖြစ်တယ်၊ အရိယောဆိုတဲ့ စကားလုံးပါမယ်၊ အဋ္ဌင်္ဂိကောလို့ ပါမယ်ဆိုမှ မဂ္ဂင်ရှစ်ပါးကို ရည်ညွှန်းတာ ဖြစ်တယ်။

တချို့နေရာမှာ စကားလုံးရဲ့ ဆက်စပ်မှုကို ကြည့်ပြီး သို့မဟုတ် နေရာဒေသရဲ့ ဆက်စပ်မှုကို ကြည့်ပြီးတော့ စကားလုံးရဲ့အဓိပ္ပာယ်ကို ကောက်ယူရတာတွေ ရှိတယ်၊ ဒါ ဘယ်ဘာသာစကားပဲ ဖြစ်ဖြစ် word context, စကားစပ်၊ စကားလုံးရဲ့ ဆက်စပ်မှုကို ကြည့်ပြီးတော့မှ အဓိပ္ပာယ်ကို ဆုံးဖြတ်ချက်ချရမယ်။

“အတ္ထ ပကရဏာ လိင်္ဂါ၊ သြစိတျာ ကာလဒေသတော” ၊ စကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ ဒါတွေ အရေးကြီးတယ်၊ ပကရဏ ဆိုတာ အရာဌာန၊ သြစိတျဆိုတာ အသင့်ယုတ္တိ၊ အတ္ထဆိုတာ လိုအပ်တဲ့အနက်၊ လိင်္ဂ ဆိုတာ gender ၊ ဒီနေရာမှာ စကားလုံးတွေမှာ gender ဆိုတာ ရှိတယ်၊ ကာလဒေသတော - တစ်ခါတစ်ရံ အရပ်ဒေသကိုကြည့်ပြီး၊ တစ်ခါတစ်ရံ အချိန်အခါကို ကြည့်ပြီး ဆုံးဖြတ်ရတာတွေရှိတယ်၊ ဒါက စကားလုံး အဓိပ္ပာယ်ကို ရွေးချယ်တဲ့ နည်းတွေပြောတာ၊ ၀ိသေသနပုဒ်တွေကို ကြည့်ပြီးတော့လည်း စကားလုံးတစ်လုံးရဲ့ အဓိပ္ပာယ်ကို ကန့်သတ်ပေးထားတယ်၊ ဒါက အတော်ထူးခြားတယ်၊ ဘာသာစကားနဲ့ပတ်သက်ရင် အာရုံစိုက်ပြီးတော့ လေ့လာသင့်တယ်၊ ဘာသာစကားဟာ ဆိုင်ရာဆိုင်ရာ သတ်မှတ်ချက်လေးတွေနဲ့ အနက်အဓိပ္ပာယ်ကို ထိန်းသွားတယ်။

ဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင် ပါဠိစကားမှာ ရောဟိတ ဆိုတဲ့စကားလုံး ရှိတယ်၊ ရောဟိတဆိုတဲ့ စကားလုံးက “စိုင်” ဆိုတဲ့ သတ္တ၀ါကိုလည်း ခေါ်တယ်၊ “ငါးကြင်း” ဆိုတဲ့ ငါးမျိုးကိုလည်းပဲ ခေါ်တယ်၊ ရောဟိတလို့ပြောရင် ဒီစကားလုံးရဲ့ အဓိပ္ပာယ်က ကွဲပြားမှုမရှိဘူး၊ သူပြောနေတဲ့ရောဟိတက “ငါးကြင်း” ပြောတာလား၊ “စိုင်” ပြောတာလား မရှင်းဘူး၊ word context မပါလို့ရှိရင် မရဘူး၊ သို့မဟုတ် ဒေသ ကာလ မဆုံးဖြတ်နိုင်လို့ရှိရင်လည်း မရဘူး၊ ဒီတော့ စကားလုံးတစ်လုံးကို ပြည့်ပြည့်စုံစုံ ပြောလိုက်မယ်ဆိုရင် “ရောဟိတာ ၀နေ ယန္တိ” လို့ ပြည့်ပြည့်စုံစုံ ပြောလိုက်တယ်၊ “ရောဟိတဆိုတာတွေဟာ တောထဲမှာ သွားနေကြတာ” လို့ ဆိုလို့ရှိရင် တောဆိုတဲ့ ဒေသကိုကြည့်ရင် ဒါ ငါးကြင်း မဖြစ်နိုင်တော့ဘူး၊ စိုင်ပဲဆိုတာကို ဆုံးဖြတ်လို့ ရတယ်၊ ဒါ ဘယ်သူက ဆုံးဖြတ်ပေးလိုက်တာလဲ၊ ၀နေဆိုတဲ့ စကားလုံးနဲ့ ဆုံးဖြတ်ပေးလိုက်တာ၊ ရောဟိတက ဒီနေရာမှာ ငါးကြင်းမဟုတ်ဘူး၊ စိုင်။

တစ်ခါ “ဥဒကေ ယန္တိ ရောဟိတာ” လို့ သုံးလိုက်ပြန်ရင် ဥဒကေ ဆိုတဲ့ စကားလုံးကိုကြည့်ပြီး ရောဟိတဟာ စိုင်တော့ မဟုတ်တော့ဘူးး၊ ငါးကြင်းပဲ ဖြစ်ရမယ်လို့ ဒီလိုအဓိပ္ပာယ်ရပြန်တယ်၊ ဒါ ဒေသနဲ့ ထိန်းလိုက်တယ်လို့ ပြောတာ၊ အေး မှတ်သားစရာတွေ မြောက်မြားစွာ ရှိတယ်၊ ပါဠိစကားလုံးမှ ဒီလိုပြောတာ မဟုတ်ဘူး၊ မြန်မာစကားလုံးတွေမှာလည်း တချို့စကားလုံးတွေဟာ တစ်ခုနဲ့တစ်ခု ထိန်းသွားတာ၊ ဒါကြောင့်မို့လို့ တွဲတွဲပြီးတော့ သုံးလေ့ရှိတယ်၊ တွဲဖက်လာတဲ့ စကားလုံးတစ်ခုက အနက်အဓိပ္ပာယ်ကို ထိန်းပေးသွားတာ။

အခု ဒီနေရာမှာလည်း “မဂ္ဂ” လို့ သာမညပြောရင် လမ်းကြောင်းလို့ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ဘယ်လမ်းပဲဖြစ်ဖြစ် အရပ်ဒေသတစ်ခုကို ဦးတည်ထားတဲ့ လမ်းကြောင်း မှန်သမျှ မဂ္ဂ၊ သို့သော် ရှေ့က ၀ိသေသနပုဒ်နဲ့ ထိန်းလိုက်တယ်၊ အရိယော မဂ္ဂေါ မြင့်မြတ်တဲ့လမ်းလို့ဆိုတော့ သာမန်လမ်းကြောင်းနဲ့မဆိုင်တော့ဘူး၊ အရိယောဆိုတဲ့ စကားလုံး သုံးလိုက်တာနဲ့ ကန့်သတ်ပြီးသား ဖြစ်သွားတယ်၊ ဒါကြောင့်မို့ အင်္ဂလိပ်လိုပြန်တဲ့ အခါကျတော့ Noble path ဒီလိုပြန်တယ်၊ Noble path မြင့်မြတ်တဲ့လမ်းလို့ ဒီလိုအဓိပ္ပာယ်ရတယ်။

ဒီမဂ္ဂပစ္စယောကျတော့ Noble path တစ်ခုတည်းလို့ ရည်ညွှန်းတာ မဟုတ်ဘူးတဲ့၊ အားလုံးကို ရည်ညွှန်းတယ်၊ လမ်းကြောင်းနှစ်ခု - ကောင်းတဲ့လမ်းကြောင်းဖြစ်ဖြစ်၊ မကောင်းတဲ့လမ်းကြောင်းပဲဖြစ်ဖြစ် လမ်းဟာလမ်းပဲ၊ မဂ္ဂပဲ၊ Noble path ကို ရည်ညွှန်းတဲ့ လမ်းကြောင်းကျတော့ မဂ္ဂဆိုတဲ့ စကားလုံးဟာ အဓိပ္ပာယ် အလွန် လေးနက်တယ်၊ မဂ်ဖိုလ်နိဗ္ဗာန်မှာပါတဲ့ မဂ္ဂ၊ အင်္ဂလိပ်လိုဘာသာပြန်တော့ မဂ္ဂကို path လို့ပဲ ပြန်ကြတယ်၊ သို့သော်လည်း ဒီ့ထက်လေးနက်တယ်။

တရားဓမ္မကိုနားလည်ဖို့ရာအတွက် စကားလုံးနဲ့ပတ်သက်တဲ့ အဓိပ္ပာယ်တစ်ခု ပြောရမယ်ဆိုရင် မဂ္ဂဆိုတဲ့ စကားလုံးမှာ အခြေခံစကားလုံး နှစ်ခုရှိတယ်။ နှစ်ခုကို ပေါင်းစပ်ပြောင်းလဲထားတာ၊ နှစ်ခုက ဘာတုန်းဆိုရင် “မရ” နဲ့ “ဂမု” ၊ ဒီစကားလုံးနှစ်ခုကနေ မရ က ရ ကို ဂ အဖြစ် ပြောင်းလိုက်တယ်၊ ဂမု က မ ကို ဖြုတ်ထားလိုက်တယ်၊ ဖယ်ထားလိုက်တယ်၊ မရ ဆိုတာ ဖျက်ဆီးတယ် သတ်ဖြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်၊ ဂမု ဆိုတာ သွားတာ၊ ဒီတော့ မဂ္ဂကို နှစ်ပိုဒ်ခွဲလိုက်တဲ့အခါ “မ” က ဖျက်ဆီးခြင်း ဖယ်ရှားခြင်း၊ “ဂ” က သွားရောက်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖေါ်ပြကြတယ်၊ ဒီစကားလုံးနှစ်ရပ်ကို ပေါင်းစပ်လိုက်တဲ့အခါမှာ မဂ္ဂလို့ ဖြစ်လာတယ်။

ဒါဖြင့် ဘာကိုဖျက်ဆီးပြီး ဘယ်ကို သွားတာတုန်းလို့ မေးစရာရှိတယ်၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မ၀ါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ လို့ဆိုတဲ့ ဒီရှစ်ခုကို ပေါင်းထားတဲ့ အရိယမဂ္ဂသည် ကိလေသာတွေကို ဖျက်ဆီးပြီး နိဗ္ဗာန်ကိုသွားတယ်၊ တစ်ဖက်က ကိလေသာတွေကို ဖယ်ရှားပစ်ပြီး တစ်ဖက်က နိဗ္ဗာန်ကို ရောက်စေတယ်၊ အဲဒီ အဓိပ္ပာယ်နှစ်ရပ် ပေါင်းစပ်ပြီး မဂ္ဂ ဆိုတဲ့ စကားလုံးကို တီထွင်ထားတာပါတဲ့။

နောက်တစ်ခြားအဓိပ္ပာယ်တွေလည်း ရှိသေးတယ်ပေါ့၊ မဂ္ဂဆိုတာ ရှာဖွေခြင်း ဆိုတဲ့ အဓိပ္ပာယ်၊ နိဗ္ဗာန်ကို ရှာပေးတဲ့တရားလို့ ဒီလိုလည်း အဓိပ္ပာယ်ယူလို့ ရတယ်၊ နိဗ္ဗာန်က ဒီအတိုင်းရှာလို့တော့ တွေ့မှာမဟုတ်ဘူး၊ ၀ိပဿနာကျင့်စဉ်တွေကျင့်လို့ ဒီမဂ္ဂဆိုတဲ့ သဘာဝတရားတွေ စွမ်းအားပြည့်လာပြီဆိုရင် နိဗ္ဗာန်ကို တွေ့သွားမှာပဲ၊ ဒါကြောင့်မို့ မဂ္ဂဆိုတဲ့ တရားရှစ်ပါးဟာ နိဗ္ဗာန်ကို တွေ့သွားမှာပဲ၊ ဒါကြောင့်မို့ မဂ္ဂဆိုတဲ့ တရားရှစ်ပါးဟာ နိဗ္ဗာန်ကို ရှာပေးတဲ့တရားလို့ ပြောတာ၊ ဒီမဂ္ဂနဲ့မှ နိဗ္ဗာန်ကို တွေ့နိုင်တာ၊ ပကတိမျက်လုံးနဲ့ မတွေ့နိုင်ဘူး၊ ပကတိခြေထောက်နဲ့ သွားလို့လည်း မရဘူး၊ လောကမှာရှိတဲ့ယာဉ်တွေနဲ့ သွားလို့လည်း မရောက်ဘူးး၊ ဟောဒီမဂ္ဂင်ရှစ်ပါးနဲ့သွားမှ ရောက်တယ်လို့ ဒီလိုပြောတာ။


ဓမ္မပဒဂါထာမှာ “န ဟိ ဧတေဟိ ယာနေဟိ၊ ဂစ္ဆေယျ အဂတံ ဒိသံ” ၊ လောကမှာရှိတဲ့ ယာဉ်တွေနဲ့သွားရင် မရောက်ဖူးတဲ့အရပ်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူးတဲ့၊ ဘယ်တော့မှ မရောက်ဖူးးတဲ့အရပ်ဆိုတာ နိဗ္ဗာန်ပဲ၊ ကျန်တဲ့အရပ်တွေက မရောက်ဖူးးဘူးလို့ ပြောလို့မရဘူးနော်၊ အ၀ီစိငရဲ ကြည့်မလား၊ ရောက်ဖူးတယ် လူတိုင်းပဲ၊ မြတ်စွာဘုရားက အပါယ်လေးဘုံဆိုတာ လူတွေအဖို့ လမ်းကို ဖုံးနေတာပဲ၊ ခဏခဏရောက်နေတာ၊ ရောက်ဖူးရုံတင်မကဘူး “ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟ သဒိသာ” ၊ “ကုသိုလ်ကိစ္စမှာ မေ့နေတဲ့ပုဂ္ဂိုလ်အဖို့ အပါယ်လေးဘုံဟာ သူ့ရဲ့အိမ်ဂေဟာနဲ့တူတယ်” တဲ့၊ ကိုယ့်အိမ်ဆိုတာ ကိုယ်အမြဲနေတဲ့ နေရာပဲ၊ ဟိုဟိုဒီဒီသွားရင် ခဏပဲ၊ ပြီးရင် အိမ်ပြန်ကြတာပဲနော်၊ တရားပွဲပြီးရင် ဘယ်ပြန်တုန်း၊ အိမ်ပြန်ကြတယ်၊ ဘ၀သံသရာမှာ ခရီးတွေ ထွက်ချင်တိုင်းထွက်၊ နောက်ဆုံးအိမ်ပြန်ကြတယ်။ မေ့နေတဲ့ပုဂ္ဂိုလ်တွေအတွက် အပါယ်လေးဘုံမှာ အဖြစ်များတာကို ပြောတာနော်၊ မမေ့လို့ တရားဓမ္မနဲ့ ကြိုးစားတဲ့ ပုဂ္ဂိုလ်တွေအဖို့ မဆိုပါဘူး။


မရောက်ဖူးတဲ့နေရာဆိုတာ နိဗ္ဗာန်ပဲရှိတယ်၊ ကျန်တဲ့နေရာတွေကတော့ သံသရာမှာ ရောက်ဖူးတဲ့နေရာတွေပဲ၊ အတိအကျပြောရင် ၃၁ ဘုံမှာ သုဒ္ဓါဝါသ ၅ ဘုံ ကလွဲရင် ကျန်တဲ့ဘုံတွေဟာ ရောက်ဖူးကြတယ်လို့ သေချာမှတ်ပါ၊ သုဒ္ဓါဝါသ ၅ ဘုံရောက်ရင် ဒီဘုံပြန်လာမှာ မဟုတ်တော့ဘူး၊ သူက အနာဂါမ်မှ ရောက်တဲ့ဘုံ၊ အနာဂါမ်ဆိုတဲ့အဓိပ္ပာယ်က န + အာဂါမိ ပြန်မလာဘူး၊ Non returner ဘယ်တော့မှ ပြန်မလာဘူးလို့ ပြောတာ၊ ဒီတော့ အနာဂါမ်တွေသာဖြစ်တဲ့ သုဒ္ဓါဝါသ ၅ ဘုံ၊ ဒါက ဗြဟ္မာဘုံတွေ၊ အဲဒီ ၅ ဘုံကလွဲရင် ၃၁ ဘုံမှာ မရောက်ဘူးတဲ့ ဘုံဟာ မရှိဘူးတဲ့ ဒီလိုဆိုတယ်၊ အဲဒီဘုံတွေကတော့ သာမန်နဲ့ ရောက်နိုင်ကြသော်လည်း နိဗ္ဗာန်ဆိုတာကတော့ ဘယ်တော့မှ မရောက်ဖူးတဲ့နေရာမျိုးလို့ ပြောတာ။


ဟောဒီ မဂ္ဂပစ္စယောကျတော့ အခုပြောတဲ့ မဂ္ဂင်ရှစ်ပါးလည်း အကျုံးဝင်တယ်၊ အကုသိုလ်နဲ့ ယှဉ်တွဲလာတဲ့ မဂ္ဂတွေလည်း ပါတယ်လို့ ဒီလိုမှတ်ရမယ်၊ ဘာဖြစ်လို့တုန်းဆိုရင် အကုသိုလ်နဲ့ယှဉ်တွဲလာတဲ့ မဂ္ဂက ဒုဂ္ဂတိဘုံကို သယ်ဆောင်တဲ့ လမ်းကြောင်း ဖြစ်နေလို့ပဲ၊ ဒုဂ္ဂတိဘုံသွားသွား သုဂတိဘုံသွားသွား ဘယ်နေရာပဲ သွားသွား လမ်းကြောင်းဟူသမျှသည် မဂ္ဂပစ္စယောထဲမှာ ပါတယ်လို့ ဒီလို မှတ်ထားပါ။


မဂ္ဂင် ၁၂ ပါး

သာမန် မဂ္ဂင်္ဂလို့ ပြောမယ်ဆိုရင် သာမန်အင်္ဂါရပ်က ၁၂ မျိုး ရှိတယ်၊ အရိယာတွေရဲ့မဂ္ဂင် (သို့မဟုတ်) အရိယာမဂ္ဂင်ကတော့ ၈ မျိုးပဲ ရှိတယ်၊ ဒါကြောင့်မို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်း သမုစ္စည်းပိုင်းမှာ ဒွါဒသ မဂ္ဂင်္ဂါနိ လို့ ဆိုတဲ့ စကားလုံးက စပြီး ပြောတာနော်၊ ဒွါဒသဆိုတာ ၁၂၊ ဒွါဒသ မဂ္ဂင်္ဂါနိ ၁၂ မျိုးသော မဂ္ဂအင်္ဂါ၊ အဲဒါတွေက ဘာတွေတုန်းဆိုရင် အားလုံးသိကြတဲ့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တသမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ၊ ဒီ ၈ မျိုးအပြင် မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပ မိစ္ဆာဝါယာမ မိစ္ဆာသမာဓိလို့ အဲဒီ ၄ မျိုး ထည့်ထားတာ။

မိစ္ဆာဒိဋ္ဌိဆိုတာ မှားယွင်းတဲ့ အတွေးအခေါ်အမြင် ဒိဋ္ဌိစေတသိက်ကို ရည်ညွှန်းတယ်၊ အကုသိုလ်မှာရှိတဲ့ ဒိဋ္ဌိစေတသိက်ကို မိစ္ဆာဒိဋ္ဌိတဲ့၊ မိစ္ဆာသင်္ကပ္ပ ဆိုတာ အကုသိုလ်မှာယှဉ်တွဲလာပြီး လောဘနဲ့တွဲနေတဲ့ အတွေး၊ ဒေါသနဲ့တွဲနေတဲ့ အတွေး၊ မောဟနဲ့တွဲနေတဲ့ အတွေး၊ အဲဒါတွေကို မိစ္ဆာသင်္ကပ္ပလို့ ခေါ်တယ်။

မိစ္ဆာဝါယာမဆိုတာ မှားယွင်းတဲ့ ကြိုးပမ်းအားထုတ်မှု၊ အကုသိုလ်စိတ်မှာ ယှဉ်တဲ့ ကြိုးပမ်းအားထုတ်မှု ၀ီရိယ၊ လောဘနဲ့ ယှဉ်တယ်၊ ဒေါသနဲ့ ယှဉ်တယ်၊ မောဟနဲ့ ယှဉ်တွဲပြီး ဖြစ်တယ်၊ အဲဒီ လောဘ ဒေါသ မောဟတွေနဲ့ ယှဉ်တွဲတဲ့ ကြိုးပမ်းအားထုတ်မှုမှန်သမျှသည် မိစ္ဆာဝါယမလို့ ဒီလိုပြောတယ်။

မိစ္ဆာသမာဓိဆိုတာ အကုသိုလ်စိတ်တွေနဲ့ လောဘနဲ့တွဲလာတဲ့ ဧကဂ္ဂတာ၊ ဒေါသနဲ့တွဲလာတဲ့ ဧကဂ္ဂတာ၊ မောဟနဲ့တွဲလာတဲ့ ဧကဂ္ဂတာ၊ အကုသိုလ်စိတ် ၁၂ ခုနဲ့တွဲတဲ့ ဧကဂ္ဂတာ၊ ဧကဂ္ဂတာဆိုတာ ဒီနေရာမှာ အကုသိုလ်မှာယှဉ်တဲ့ ဧကဂ္ဂတာဆိုတဲ့ စေတသိက်၊ ဧက ဆိုတာ တစ်၊ အဂ္ဂ ဆိုတာ point ၊ တစ်ခုတည်းသော ဦးတည်ချက်အာရုံ၊ အာရုံတစ်ခုတည်းရှိတယ်ဆိုတာ သမာဓိကိုပြောတာ၊ အကုသိုလ်မှာလည်း အကုသိုလ်သမာဓိရှိတာပေါ့၊ အကုသိုလ်လုပ်ငန်းလုပ်နေတဲ့သူကလည်း သမာဓိနဲ့ လုပ်နေတာ၊ အာရုံစူးစိုက်မှုတွေ ရှိတာပေါ့၊ ဒါ မိစ္ဆာသမာဓိ။

ဒီနေရာမှာ သုတ္တန်ပါဠိတော်တွေကျတော့ သမ္မာမဂ္ဂင် မိစ္ဆာမဂ္ဂင်လို့ နှစ်မျိုး ခွဲကြတယ်၊ သမ္မာမဂ္ဂင်က မဂ္ဂင် ၈ ပါး အားလုံးသိနေကြတယ်၊ မိစ္ဆာမဂ္ဂင်ကျတော့ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ ဆိုပြီးတော့ ဒီလိုဟောတာ၊ အဲဒီထဲမှာ အခု အဘိဓမ္မာကျတော့ မိစ္ဆာနဲ့ ပတ်သက်တာ ၄ ခုတည်းပဲ ပြောမယ်၊ ကျန်တဲ့ ၄ ခုကို မပြောဘူး၊ ဘာဖြစ်လို့ မပြောလဲ၊ အကြောင်းရှိတယ်၊ မိစ္ဆာဒိဋ္ဌိဆိုတာ ဒိဋ္ဌိစေတသိက်ကို ရည်ညွှန်းတာ၊ ဒိဋ္ဌိစေတသိက်ဆိုပြီး သီးသန့်ရှိတယ်၊ မိစ္ဆာသင်္ကပ္ပဆိုတာလည်း အကုသိုလ်စိတ်နဲ့ ယှဉ်တဲ့အတွေး ၀ိတက်၊ ဒါလည်း ရှိနိုင်တယ်၊ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ ဆိုတာတွေကျတော့ ဒုစရိုက်နဲ့ ပတ်သက်တဲ့ စေတနာတွေကို ပြောတာ၊ သီးသန့် မဟုတ်ဘူး၊ စေတနာဆိုတာ သီးသန့်မဟုတ်တော့ဘူးး၊ မိစ္ဆာဝါစာဆိုတာ လိမ်ပြောတယ်၊ ရန်တိုက်တယ်၊ ကြမ်းကြမ်းတမ်းတမ်းပြောတယ်၊ ဆဲရေးတိုင်းထွာတယ်၊ အကျိုးမရှိတာတွေ ပြောတယ်ဆိုတဲ့ ပြောဆိုကြောင်း စေတနာကိုပဲ မိစ္ဆာဝါစာလို့ ကောက်တယ်၊ သီးသန့်စေတသိက်တစ်ခု မဟုတ်ဘူး။

မိစ္ဆာကမ္မန္တဆိုရင် ဒုစရိုက်တွေ၊ သူများအသက်သတ်တယ်၊ သူများဥစ္စာ ခိုးတယ်၊ သူတစ်ပါးသားမယား ပြစ်မှားတယ်ဆိုတဲ့လုပ်ရပ်ရဲ့စေတနာ၊ တွန်းအားပေးတာကို ခေါ်တာ၊ မိစ္ဆာအာဇီဝဆိုတာ အဲဒီဒုစရိုက် ၇ မျိုးနဲ့ အသက်ဝမ်းကျောင်းမှုပြုတဲ့ စေတနာဆိုတော့ သီးသန့်သဘာဝတရား မဟုတ်သည့်အတွက်ကြောင့် အဘိဓမ္မာမှာ ၁၂ ပါးလို့ ရေတွက်တဲ့ထဲမှာ မိစ္ဆာဝါစာလည်း မထည့်ဘူးး၊ မိစ္ဆာကမ္မန္တလည်း မထည့်ဘူး၊ မိစ္ဆာအာဇီဝလည်း မထည့်ဘူး။

နောက်တစ်ခု မထည့်တာဘာလဲဆိုရင် မိစ္ဆာသတိ၊ မိစ္ဆာသတိဆိုတာ သတိ စေတသိက်ကို ပြောတာမဟုတ်ဘူး၊ ဗုဒ္ဓတရားတော်မှာ သတိဆိုတာ အကောင်းပဲ ရှိတယ်၊ ကောင်းတဲ့နေရာတစ်မျိုးတည်းပဲ သုံးတယ်၊ မကောင်းတဲ့အကုသိုလ်တွေနဲ့ ပတ်သက်လာလို့ရှိရင် သတိစကားလုံးက မိစ္ဆာသတိလို့ သုံးပေမယ့်လို့ မိစ္ဆာသတိဆိုတာ သတိစေတသိက်နဲ့ မဆိုင်ဘူးတဲ့၊ နာမည်တော့ တူနေတယ်၊ သမ္မာသတိက သတိစေတသိက်ကို ကောက်တယ်၊ မိစ္ဆာသတိကျတော့ အမှတ်ရနေတဲ့ အကုသိုလ်စိတ်တွေရဲ့ဖြစ်ပေါ်မှုကို အကုသိုလ်စိတ်တွေကိုပဲ သာမန်ကောက်တယ်၊ သတိ စေတသိက် မဟုတ်ဘူး။

ဒါကြောင့်မို့ သီးခြားမရနိုင်တာတွေ ဖြစ်သောကြောင့် အဲဒီ ၄ မျိုးကို ဖော်မပြဘူး၊ ဖော်မပြတော့ မဂ္ဂပစ္စယောနဲ့ ပတ်သက်ပြီး မဂ္ဂင်တွေအကြောင်းကို ပြောမယ်ဆိုရင် ၁၂ မျိုးပဲ ပြောတယ်၊ ဒါလေးက မှတ်သားထားဖို့ ကြိုတင်ပြီးနော်၊ ၁၂ မျိုးပဲ ပြောတယ်။

၁၂ မျိုးက ပြန်မှတ်မယ်ဆိုရင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ၊ တရားကိုယ်အနေနဲ့ ပြောမယ်ဆိုရင် သမ္မာဒိဋ္ဌိက ပညာ၊ သမ္မာသင်္ကပ္ပက ၀ိတက်၊ သမ္မာဝါစာက သမ္မာဝါစာ ၀ိရတီစေတသိက်၊ သမ္မာကမ္မန္တက သမ္မာကမ္မန္တ ၀ိရတီစေတသိက်၊ သမ္မာအာဇီဝက သမ္မာအာဇီဝ ၀ိရတီစေတသိက်၊ သမ္မာဝါယာမက ၀ီရိယ၊ သမ္မာသတိက သတိ၊ သမ္မာသမာဓိဆိုတာ ဧကဂ္ဂတာတဲ့၊ ဟော မဂ္ဂင် ၈ ပါး ဒီလို လာတာ။

အဲဒီထဲမှာ မိစ္ဆာမဂ္ဂင် ၄ ခု ထပ်ထည့်လိုက်။ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသမာဓိ။ မိစ္ဆာဒိဋ္ဌိဆိုတာ ဒိဋ္ဌိစေတသိက်၊ မိစ္ဆာသင်္ကပ္ပဆိုတာ အကုသိုလ်စိတ်နဲ့ယှဉ်တဲ့ ၀ိတက်စေတသိက်၊ ဒီတော့ ကုသိုလ် အကုသိုလ် နှစ်မျိုး ဖြစ်တာတွေ သတိထားပါ၊ မိစ္ဆာဝါယာမဆိုတာ အကုသိုလ်မှာယှဉ်တဲ့ ၀ီရိယ စေတသိက်၊ မိစ္ဆာသမာဓိဆိုတာ အကုသိုလ်မှာယှဉ်တဲ့ ၀ီရိယ စေတသိက်၊ မိစ္ဆာသမာဓိဆိုတာ အကုသိုလ်မှာယှဉ်တဲ့ ဧကဂ္ဂတာစေတသိက်တဲ့။

ဒီတော့ အခုပြောတဲ့ သင်္ကပ္ပဆိုတာ ကောင်း မကောင်း နှစ်ခုရှိတယ်၊ ၀ိတက်က ကုသိုလ်ဝိတက် အကုသိုလ်ဝိတက်၊ ၀ါယာမလို့ခေါ်တဲ့ ၀ီရိယကလည်းပဲ ကုသိုလ် ၀ီရိယ အကုသိုလ်သမာဓိလို့ ဒီလိုခွဲလိုက်တယ်၊ အားလုံးပေါင်းလိုက်တဲ့အခါကျတော့ သင်္ကပ္ပလို့ဆိုတဲ့ ၀ိတက်စေတသိက်က နှစ်ခုပါနေတယ်၊ ကုသိုလ်ဘက်ကနေ တစ်ခု၊ အကုသိုလ်ဘက်က တစ်ခု၊ ထပ်နေတယ်ပေါ့။

နောက်တစ်ခုက ၀ါယာမလို့ပြောတဲ့ ၀ီရိယကလည်း ကုသိုလ်ဘက်ကတစ်ခု၊ အကုသိုလ်ဘက်က တစ်ခု၊ ဒါလည်း ထပ်နေတယ်၊ ၀ီရိယလို့ ပြောလိုက်ရင် ပြီးတယ်၊ နောက် ဧကဂ္ဂတာကလည်း ထပ်နေတယ်၊ မိစ္ဆာဒိဋ္ဌိနဲ့သမ္မာဒိဋ္ဌိကျတော့ မထပ်ဘူးတဲ့၊ အသံချင်းတော့ တူတယ်၊ တူပေမယ့်လို့ မိစ္ဆာဒိဋ္ဌိဆိုတာ ဒိဋ္ဌိစေတသိက်ကို ပြောတာ၊ သမ္မာဒိဋ္ဌိကျတော့ ဉာဏ်ကိုပြောတာ၊ ပညိနြေ္ဒစေတသိက်ကို ကောက်တာ။


မဂ္ဂင်တရားကိုယ် ၉ ပါး

ဒီတော့ ပေါင်းလိုက်တဲ့အခါ အနှစ်ချုပ်ပြီးတော့ သဘာဝတရား ပရမတ္တဆိုက်ထိ ပရမတ္တနာမည်နဲ့ တိတိကျကျပြောပြီဆိုရင် တရားကိုယ်ခွဲလိုက်မယ်ဆိုရင်
မဂ္ဂင်ဟာ ၈ ခု ရှိတယ်လို့ ဆိုတာနော်၊ တရားကိုယ်တူတာကို ချုံးလိုက်လို့ရှိရင် ၉ ခု ရှိတယ်၊ စေတသိက်အနေနဲ့ ပြောရင် ၉ ခု ရှိတယ်။
ဘာတွေတုန်းဆိုရင် သမ္မာဒိဋ္ဌိကို ကြည့်ပြီးတော့ ပညာ၊ သမ္မာသင်္ကပ္ပ၊ မိစ္ဆာသင်္ကပ္ပ နှစ်ခုကို တြွဲ့ပီးတော့ ၀ိတက်၊ သမ္မာဝါစာက ၀ိရတီ၊ သမ္မာကမ္မန္တက ၀ိရတီ၊ သမ္မာအာဇီဝက ၀ိရတီ ၊ သုံးခု ။

သမ္မာဝါယာမ နှစ်ခုပေါင်းပြီးတော့ ၀ီရိယ၊ သမ္မာသတိက သတိ၊ သမ္မာသမာဓိ မိစ္ဆာသမာဓိ ဆိုတဲ့ နှစ်ခုကို ပေါင်းလိုက်ပြီးတော့ ဧကဂ္ဂတာ၊ နောက်တစ်ခု မိစ္ဆာဒိဋ္ဌိကျတော့ ဒိဋ္ဌိလို့ဆိုတော့ ပေါင်းလိုက်တော့ ၉ ခု ဖြစ်သွားတယ်။ ဒီတော့ တရားကိုယ်ကောက်တဲ့အခါကျတော့ ပညာ၊ ၀ိတက်၊ ၀ိရတီက သုံးခု၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ဒိဋ္ဌိတဲ့၊ ၉ ခု ဖြစ်သွားတယ်၊ အဲဒါကို မဂ္ဂင်တရားကိုယ် ၉ ပါးလို့ ပဋ္ဌာန်းအရကောက်ကျမ်းမှာ သုံးပါတယ်။

မဂ္ဂင်က ၁၂ ပါး ဖြစ်လျက်သားနဲ့ တရားကိုယ်ကျတော့ ၉ ပါးလို့ ဘာ့ကြောင့်ဖြစ်ရတာတုန်းဆိုရင် သမ္မာသင်္ကပ္ပနဲ့ မိစ္ဆာသင်္ကပ္ပက ၀ိတက်ချည်းပဲ ပြောတာ၊ တူတယ်၊ သမ္မာဝါယာမနဲ့ မိစ္ဆာဝါယာမကလည်း ၀ီရိယကို ပြောတာ တူနေတယ်၊ သမ္မာသမာဓိနဲ့ မိစ္ဆာသမာဓိကလည်းပဲ ဧကဂ္ဂတာတစ်ခုတည်းကိုပဲ ပြောတာ၊ ကုသိုလ် အကုသိုလ်ပဲ ခွဲလိုက်လို့သာ ၂ ခု ဖြစ်နေတာ၊ ဒါလည်း တူနေတယ်၊ တူတာတွေကို ပေါင်းလိုက်တာ၊ တူတာသုံးခုကို ချုံးလိုက်တဲ့အခါကျတော့ တရားကိုယ်ဖြစ်တာ ၉ မျိုးပဲရတယ်၊ ထူးတာက မိစ္ဆာဒိဋ္ဌိတစ်ခုပဲ ထူးခြားတဲ့ တရားအနေနဲ့ ရတယ်ပေါ့၊ ဒါကို ဒီလိုပဲမှတ်လိုက်လို့ရှိရင် ရှင်းသွားတာပေါ့၊ ရှင်းသွားအောင် မှတ်တဲ့နည်းကိုပြောတာ။ အဲဒီ ၉ မျိုးကိုပဲ ဒီနေရာမှာ မဂ္ဂပစ္စယော လို့ ဟောတယ်လို့ ဒီလိုမှတ်ထားပါ။


အဲဒါကြောင့်မို့ မဂ္ဂပစ္စယောလို့ ဆိုလိုက်တာနဲ့ မဂ် ဖိုလ်ထဲက မဂ္ဂလို့ပဲ ဒီလို သွားမထင်ရအောင် ပြောတာနော်၊ အဲဒီထက်ပိုပြီးတော့ ကျယ်ပြန့်တယ်တဲ့၊ ဟို မဂ္ဂက နိဗ္ဗာန်ကို သွားတဲ့လမ်းကြောင်းမျှသာ ဖြစ်တယ်၊ ဒီမဂ္ဂကျတော့ အကုန်လုံး သုဂတိဘုံသွားတာပဲဖြစ်ဖြစ်၊ ဒုဂ္ဂတိဘုံသွားတာပဲဖြစ်ဖြစ်၊ ကုသိုလ်ဘက်ကိုသွားတာပဲဖြစ်ဖြစ် ဒါတွေကို မဂ္ဂလို့ ခေါ်တယ်။

ပါဠိတော်မှာတော့ ကျဉ်းကျဉ်းလေးပဲ -

“မဂ္ဂပစ္စယောတိ၊ မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပတယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော” ။

မဂ္ဂင်္ဂါနိ - မဂ္ဂလို့ဆိုတဲ့ တရားဓမ္မရဲ့ အစိတ်အပိုင်းတို့သည်၊ မဂ္ဂင် ၉ ပါး တရားတို့သည်၊ (ခုနက ပြောထားတဲ့တရား ၉ ပါး) မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ - မဂ္ဂနဲ့ယှဉ်တဲ့ စိတ်စေတသိက်တို့အားလည်းကောင်း၊ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထို မဂ္ဂနဲ့ယှဉ်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာသော စိတ္တဇရုပ်တရားတို့အား လည်းကောင်း၊ မဂ္ဂပစ္စယေန - မဂ္ဂပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။ ။


(မှတ်ချက်။ ။ ။ ဒီပို့စ်မှာ မဂ္ဂအကြောင်း သဘောမျှသိနားလည်ယုံတာ ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်ခင်ဗျာ။ မဂ္ဂ ၁၂ မျိုးတို့၏ တခုခြင်းစီ ရှင်းလင်းချက်ကို စာမျက်နှာအခက်အခဲကြောင့် ဖော်ပြပေးလိုက်နိုင်စွမ်းမရှိတော့သဖြင့် နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်ခင်ဗျာ။ TNO )


ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု။

ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။

…_/|\_…_/|\_…_/|\_…

ဆရာတော် Dr နန္ဒမာလာဘိဝံသ၏ ပဋ္ဌာန်းမြတ်ဒေသနာတော် မှ ထုတ်နှုတ်ဖော်ပြပါသည်။

မေတ္တာဖြင့် . . . TNO

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated