(၉) သော ဘဂ၀ါ-ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-အဏုမြူသဖွယ်, ပျောက်ကွယ်သိမ်မွေ့, မမြင်တွေ့အောင်, ရုပ်ဆောင်ဖန်ဆင်းနိုင်သော “အဏိမာ”ဘုန်းတော်၊
စိတ်၏အလား, ကောင်းကင်ဖျား၌, ပေါ့ပါးလျင်မြန်, ဈာန်ပျံကြွသွားနိုင်သော “လဃိမာ”ဘုန်းတော်၊
ကိုယ်တော်သဏ္ဌာန်, ပုံဟန်တိုင်းငြား, မနိုင်အားဖို့, ကြီးမားလေအောင်, ရုပ်ဆောင်ဖန်ဆင်းနိုင်သော “မဟိမာ”ဘုန်းတော်၊
ဆီးတားကွယ်ကာ, မရှိပါဘဲ, လိုရာတိုင်းပေါက်, တစ်ခဏလောက်ဖြင့်, ကြွရောက်နိုင်သော “ပတ္တိ”ဘုန်းတော်၊
အဆင်းအတန်တန်, ပုံသဏ္ဌာန်ကို, စီမံဖန်တီး, တစ်ခဏတည်းဖြင့် ပြီးစီးနိုင်သော “ပါကမ္မ”ဘုန်းတော်၊
ကိုယ်တော်မြတ်၏, စိတ်ဓာတ်တော်မှ, စ၍မကြွင်း, လူနတ်မင်းကို, ပိုင်နင်းအုပ်စိုး, လွှမ်းမိုးနိုင်သော “ဤသိတာ” ဘုန်းတော်၊
သမာပတ်ဈာန်, အဘိညာဏ်ကို, ၀င်စံလိုက, တစ်ခဏချင်းပိုင်, ၀င်စားနိုင်သော “၀သိတာ”ဘုန်းတော်၊
ကိစ္စတစ်ခု, ပြုစုတုန်းပင်, ပြီးဆုံးချင်သော်, ဆောလျင်မသွေ, ပြီးဆုံးစေနိုင်သော “ယတ္ထကာမာဝသာယိတာ”ဘုန်းတော်၊
ရှစ်ဖော်အပြား, ဤသို့အားဖြင့်, ထင်ရှားလေဘိ, “ဣဿရိယ”ဘုန်းတော်၊
ကိလေသာရန်, ပယ်ဖျက်လှန်ဖို့, နိဗ္ဗာန်ဖိုလ်မဂ်, ကိုးချက်အပြား, လောကုတ္တရာတရားဟူသော “ဓမ္မ”ဘုန်းတော်၊
ဟုတ်တိုင်းမှန်စွာ, ဖြစ်ပေါ်လာ၍, ကမ္ဘာတိုက်ပေါင်း, သောင်းလောကဓာတ်, ပဲ့တင်ထပ်မျှ, နှံ့စပ်သတင်း, ကျော်စောခြင်း ဟူသော “ယသ”ဘုန်းတော်၊
ရွှေမျက်နှာတော်, လက်ခြေတော်မှ, စ၍မကြွင်း, ပင်လုံးဝင်းသည့်, ပန်းမင်းအနေ, ကျက်သရေမင်္ဂလာ, စုဝေးကာဖြင့်, လွန်စွာတင့်တယ်, သပ္ပာယ်တော်မူသော “သီရိ”ဘုန်းတော်၊
အလိုတော်အတိုင်း, တောင့်တတိုင်းပင်, မဆိုင်းမတွ, ပြီးစီးရသည့် “ကာမ”ဘုန်းတော်၊
တစ်လောကလုံး, ညွှတ်ရုံးကိုးစား, အားထားဖို့ရာ, လွန်စွာကြိုးကုတ်, အားထုတ်တော်မူသော “ပယတ္တ”ဘုန်းတော်၊
ဤခြောက်ဖော်ဂုဏ်, ဘုန်းတော်ဟုန်နှင့်, ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ဘဂ၀ါ-ဘဂ၀ါဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန် အဓိပ္ပာယ်
ဘဂ၀ါဂုဏ်တော်သည် “ဘုန်းကံကြီးတော်မူ၏”ဟူသော အနက်ကို ပြသည်။ (ဘဂ+၀ါ၊ ဘဂ=ဘုန်းကံ + ၀ါ=ရှိသည်၊ ကြီးသည်။)
အဏိမာဘုန်းတော်။ ။ဘုရားရှင်သည် ဖန်းဆင်းတော်မူလိုပါလျှင် ကိုယ်တော်ကို အဏုမြူမူန်မျှ အလွန်ငယ်အောင် ဖန်ဆင်းတော်မူပြီးလျှင် ပရိက္ခရာရှစ်ပါးကို လွယ်တော်မူ၍ မုန်ညင်းစေ့အတွင်း စင်္ကြံကြွတော်မူ၏၊ ထိုအခါဝယ် သေးငယ်သော မှန်အတွင်း၌ တိုက်ရိပ် အိမ်ရိပ် ထင်နေသလို ဘုရားရှင်ကို ဖူးမြင်ကြရ၏၊ အနီးအပါး၌ရှိနေသူတို့ မမြင်ရအောင်လည်း ကိုယ်တော်ကို ကွယ်ဖျောက်တော်မူနိုင်၏။
ကွယ်ဖျောက်တော်မူသော ၀တ္ထု။ ။ဘုရားရှင် လက်ထက်တော်က “ဗက”မည်သော ဗြဟ္မာမင်းကြီးသည် သူ့ကိုယ်သူ “အမြဲတည်၍ တန်ခိုးအကြီးဆုံး”ဟု အထင်ကြီးရုံမက “ဤလောကကြီးနှင့်တကွ သတ္တ၀ါအပေါင်းကိုပင် သူဖန်ဆင်းထားသည်”ဟု အယူရှိနေ၏၊ လက်အောက်ဗြဟ္မာငယ်များကလည်း ဤအတိုင်းပင် သူ့အပေါ်မှာ ထင်နေကြသည်၊ ထိုအကြောင်းကို ရှင်တော်မြတ်ဘုရား သိတော်မူ၍ ဗြဟ္မာပြည်သို့ ကြွတော်မူပြီးလျှင် ဗြဟ္မာ့ပရိသတ်အလယ်တွင် ဗကဗြဟ္မာကြီးအား “အသင်သည် ရှေ့နောက်အလုံးစုံ အကုန်မသိနိုင်”စသော ခပ်နှိပ်နှိပ်စကားကို မိန့်တော်မူသောအခါ ဗြဟ္မာကြီး ရှက်သဖြင့် ကြံမိကြံရာ ကြံပြီးလျှင် “အသင်ရဟန်းကြီးအား ကျွန်ုပ် တန်ခိုးသိရအောင် ကိုယ်ဖျောက်ပြမည်”ဟု ပြောဆို၍ ကိုယ်ကိုဖျောက်စမ်းသော်လည်း မပျောက်နိုင်ရကား ဗိမာန်အတွင်း ၀င်လိုဝင်, ပဒေဥာပင်အောက်ပုန်းလို ပုန်း, တစ်ကိုယ်လုံးပုပြီးလျှင် ငုတ်စုစု ဆောင့်ကြောင့်ထိုင်သော်လည်း ဘယ်နည်းနှင့်မျှ ပျောက်ကွယ်မသွားသဖြင့် အရှက်ကွဲရလေသည်။
ထို့နောက် ဘုရားရှင်က တစ်ဖန် “ကိုယ်တော်ကို ဖျောက်ပြမည်”ဟု မိန့်တော်မူပြီးလျှင် ထိုနေရာတွင်ပင် ဖျောက်လိုက်ရာ တစ်ခါတည်း ပျောက်သွားလေသည်၊ “တခြားများ ကြွသွားရော့သလား”ဟု ထင်မှတ်မည်စိုးသောကြောင့် -
“ဘဝေ ၀ါဟံ ဘယံ ဒိသွာ, ဘ၀ဉ္စ ၀ိဘဝေသိနံ၊ ဘ၀ံ နာဘိဒိံ ကိဉ္စိ, နန္ဒိံ စ န ဥပါဒိယံ”
ဟု ဂါထာကိုပင် ရွတ်ပြတော်မူ၍ တရားတော်၏အဆုံး၌ ဗြဟ္မာတစ်သောင်းမျှ မဂ်ဖိုလ်ရကြလေ၏၊ ဤသို့ အနည်းငယ်မျှ သေးငယ်အောင်လည်းကောင်း, လုံးလုံးပျောက်ကွယ်သွားအောင်လည်းကောင်း, ဖန်ဆင်းနိုင်သော ဘုန်းတော်ကို “အဏိမာ”ဘုန်းတော်ဟု ခေါ်သည်။
ဂါထာအနက်။ ။အဟံ-သင်လိုထပ်တူ, နတ်လူဗြဟ္မာ, သတ္တ၀ါတို့၏ ဆရာစင်စစ်, ဖြစ်တော်မူသော ငါဘုရားသည်၊ ဘဝေ-ဖြစ်လျှင် ပျက်မြဲ, မလွဲတံထွာ, သံသရာနှောင်တွင်း, ထောင်အကျဉ်း၌၊ ဘယံ-အိုနာသေရေး, ဒုက္ခဘေးမှ, စ၍ရန်စွယ်, အန္တရာယ်ဟု, ဘေးအစုကို၊ ဒိသွာဧ၀-ကောင်းစွာပိုင်နင်း, သိမြင်တော်မူခြင်းကြောင့်သာလျှင်၊ ဘ၀ဉ္စ-ကာမရူပ, အရူပဟု, လောကသုံးဘုံ, အလုံးစုံကိုလည်းကောင်း၊ ၀ိဘဝေသိနံ-ဘ၀ကင်းရာ, ရှာကြံပါလည်း, သုံးဖြာဘ၀, ကျင်လည်ရသည့်, များလှသောင်းသောင်း, သတ္တ၀ါအပေါင်းကိုလည်းကောင်း၊ ဒိသွာ-ဆုံးစကုန်စင်, သိမြင်တော်မူသည်ဖြစ်၍၊ ကိဉ္စိဘ၀ံ-လူ့ဘုံ နတ်ဘုံ, ဗြဟ္မာဘုံဟု, သုံးဘုံဌာန, တစ်စုံတစ်ခုသော ဘကို၊ နာဘိဝဒိံ-စုံစုံမက်မက်, နှစ်သက်ခင်မင်, လိုချင်တောင့်တတော်မမူ၊ နန္ဒိံစ-လူ့ဘုံ နတ်ဘုံ, ဗြဟ္မာ့ဘုံဝယ်, စုံစုံမက်မက် နှစ်သက်တွယ်တာ, ဘ၀တဏှာကိုလည်း၊ န ဥပါဒိယိံ-စွဲလမ်းလွတ်ကင်း, အမြစ်ရင်းက, အလျှင်းပြတ်စေ, ဖြတ်တောက်တော် မူခဲ့ပေသတည်း။ (မူလပဏ်ဏာသ, စုဠယမက၀ဂ်, ဗြဟ္မနိမန္တနိကသုတ်။)
လဃိမာဘုန်းတော်။ ။စိတ်၏လျင်မြန်ခြင်းကဲ့သို့ ခန္ဓာကိုယ်တော်ကို ပေါ့ပါးလျင်မြန်အောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ဖြစ်သည်။ (ဈာန်ပျံ၍ ကြွတော်မူခြင်းမျိုးတည်း။)
မဟိမာဘုန်းတော်။ ။ကိုယ်တော်ကို ပကတိအနေထက် ကြီးမားအောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ဖြစ်သည်။
ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ "ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။
No comments:
Post a Comment