(၇) သော ဘဂ၀ါ-ထို
ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္တ၀ါဟော်,
ကုန်သည်ကျော်သည်, ဖော်လှော်ငယ်သား, နောက်ပါများကို, ရေရှားဘေးခ, ကန္တာရမှ,
ခေမမြေငူ, ထုတ်ကယ်ယူသို့, ထို့တူတစိ, ခဲယဉ်းဘိသည့်, ဇာတိ ဇရာ, မရဏဟု, ကန္တာရကြမ်း,
ခရီးလမ်းမှ, ရွှေနန်းမြေငူ, ပြည်နိဗ္ဗူသို့, နတ်လူဗြဟ္မာ, သတ္တ၀ါကို,
ကောင်းစွာဆောင်ယူ, ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သတ္ထာဒေ၀မနုဿာနံ-သတ္ထာဒေ၀မနုဿာနံဟူသော
ဂုဏ်တော်ကြီးဖြင့်, အံ့ချီ၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား,
ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန်အဓိပ္ပါယ်
သတ္ထာဒေ၀မနုဿာနံဂုဏ်တော်သည်
"နတ်လူတို့၏ ရှေ့ဆောင်ဦးစီးကုန်သည်ကြီးနှင့် တူတော်မူ၏"ဟူသော
အနက်ကိုပြသည်။ (ဒေ၀မနုဿာနံ-နတ်လူတို့၏ + သတ္ထာ-(ဆရာဖြစ်၍) ကုန်သည်ကြီးနှင့်
တူတော်မူသည်။)
သတ္ထ၀ါဟော်,
ကုန်သည်ကျော်သည်။ ။သတ္ထ၀ါဟ ဟူသော ပါဠိကို
"သတ္ထ၀ါဟော်"ဟု စပ်ဆိုသည်၊ ကုန်သည်ငယ်များ၏ အကြီးအမှူးဖြစ်၍
ကူးသန်းရောင်းဝယ်မူ၌ ကျွမ်းကျင် နားလည်သော "ကုန်သည်ကြီး"ဟူလို။
ကန္တာရမှ။
။ခြင်္သေ့ သစ်ကျား ခိုးသား ဓားပြ
ပေါများ၍ အစာရေစာရှားသော ခရီးကို "ကန္တာရ"ဟုခေါ်သည်၊ အသွားအလာ
ခက်ခဲသောကြောင့် "ခရီးခဲ"ဟုလည်း ခေါ်သည်၊ (ခေမမြေငူ ဘေးရန်မရှိသော
ကုန်းမြင့်မြေအရပ်။)
ဇာတိဇရာ,
မရဏဟု။ ။ဇာတိ=ပဋိသန္ဓေနေရမူ၊ ဇရာ=အိုမူ၊ မရဏ=သေမူဟူသော
ဘေးကြီးတို့ဖြင့် မရှောင်သာ မတိမ်းသာအောင် ကြမ်းတမ်းသော သံသရာခရီး ကန္တာရကြီးမှ။
ရွှေနန်းမြေငူ,
ပြည်နိဗ္ဗူသို့။ ။ရွှေထီး ရွှေနန်း၌ စံမြန်းရသကဲ့သို့
အေးမြချမ်းသာသော နိဗ္ဗာန်ပြည်တည်းဟူသော မြေအငူသို့။
ရှေးအခါ၌
လှည်းမြင်းများစွာ ငါးရာတစ်ထောင်စသည်စုပေါင်း၍ ကုန်များကို တင်ဆောင်လျက်
ကူးသန်းရောင်းဝယ်လေ့ရှိကြ၏၊ အကြီးအမှူးဖြစ်သော ကုန်သည်ကြီးလည်း ပါရှိရသည်၊
လမ်းစခန်း၌ ခြင်္သေ့, သစ်, ကျား, ဘီလူး, ခိုးသူ, ဓားပြ စသော ဘေးတို့ဖြင့်
အလွန်ဆိုးဝါး၍လည်းကောင်း, အစာရေစာရှားပါး၍ လည်းကောင်း, နေအလွန်ပူသော
သံပြင်ကြီးဖြစ်၍လည်းကောင်း, အကူးအသန်း အသွားအလာခက်၍ "ကန္တာရ"ခေါ်သော
ခရီးဆိုး ခရီကြမ်းများလည်း ရှိတတ်လေသည်။
ကုန်သည်မှူးကြီးတို့သည်
ထိုခရီးဆိုးကြီးမှ လွတ်မြောက်၍ ဘေးမရှိရာသို့ရောက်အောင် အဖော်ငယ်သား
ကုန်သည်များကို ပို့ဆောင်သကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်လည်း အိုရမူ နာရမူ သေရမူ
စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲ တကွဲတပြားဖြစ်ရမူစသော
ဘေးဒုက္ခတို့ဖြင့်မရှောင်သာအောင် ဆိုးသွမ်းသော သံသရာတည်းဟူသော ကန္တာရကြီးမှ
သတ္တ၀ါအများကို ကယ်တင်၍ နိဗ္ဗာန်တိုင်အောင် ပို့ဆောင်တော်မူရကား ကုန်သည်ကြီးနှင့်
တူတော်မူပါပေသည်။
တိုက်တွန်းချက်
တိုက်တွန်းချက်
ဘုရားတစ်ဆူတစ်ဆူ
ပွင့်တော်မူလာသောအခါ များစွာသောသတ္တ၀ါကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူပါလျက်
ငါတို့တစ်တွေ မလိုက်ပါနိုင်ဘဲ ကျန်ရစ်ခဲ့ကြရသည်မှာ
လွန်စွာဝမ်းနည်းဖွယ်ကောင်းလှပေပြီ, သို့ပါလျက် ယခုခေတ်၌ သူတော်ကောင်း
အခေါ်ခံရသူတို့မှာ ကိုယ့်တာဝန်ဖြစ်သော တရားအားထုတ်မူ, ပါရမီဖြည့်မူကို မကြိုးစားဘဲ
"နိဗ္ဗာန်ကို မြန်မြန်ရလိုပါ၏"ဟု ဆုတောင်းတုန်းပင်၊ ထိုသို့ ဆုတောင်းရင်း
ကျန်ရစ်ကြရသည်ကိုကား သတိရကြဟန်မတူ၊ သတိရ၍ ကြိုးစားလိုသူအတွက်မှာမူ ယခုလည်း
အချိန်ရပါသေး၏။
ဘုရားရှင်
ပရိနိဗ္ဗာန်စံတော်မူပြီးနောက်မှ သတိရ၍ တရားတော်လာအတိုင်း ကြိုးစားသူတွေ အရှင်မဟိန္ဒထေရ်,
သံဃမိတ္တာထေရီ စသည်ကဲ့သို့ များစွာကျွတ်တမ်းဝင်ခဲ့ကြပါသည်၊ ထို့ကြောင့် ဘုရားကို
အာရုံပြုရင်း ဖြစ်လာသော နှစ်သက်မူ(ပီတိ) စိတ်ကိုပင် အနိစ္စ ဒုက္ခ အနတ္တဟု
ဝိပဿနာကမ္မဋ္ဌာန်းရူကာ မိမိ၏ ခန္ဓာကိုယ်နှင့်တကွ တစ်လောကလုံးကို ငြီးငွေ့စရာဟု
ဆင်ခြင်စမ်းပါလော့၊ ပီတိတစ်ခုကိုပင် အနိစ္စ, ဒုက္ခ, အနတ္တဟု မြင်လာသောအခါ
တစ်ကိုယ်လုံးရှိ ရုပ်တရား နာမ်တရားတွေကိုလည်း ကူးစက်၍ အနိစ္စ, ဒုက္ခ, အနတ္တဟု
မြင်လာနိုင်ပါသည်။
ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ
"ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။ Credit to http://www.myittaryik.com/2014/01/blog-post_5.html#more
No comments:
Post a Comment