@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 8 April 2015

သုဂတဂုဏ်တော်ဖွင့်(ကျက်မှတ်ရန်)

 
 
 
(၄) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒီပင်္ကရာ, ထွတ်ချာသနင်း, ခြေတော်ရင်းမှ, မှန်ကင်းသိရီ, ဗောဓိမဏ္ဍိုင်, ခန်းဝါပိုင်အောင်, ဆယ်ခိုင်ပါရမီ, စုံပြည့်ညီလျက်, သုံးလီဘ၀, များသတ္တ၏, သုခစီးပွား, ကျင့်သောအားဖြင့်, မိုက်မှားအယူ, မိစ္ဆာဟူက, ဆံမြူတစ်စိ, မကပ်ငြိဘဲ, သတိသမ္ပဇဉ်, မပြတ်ယှဉ်လျက်, သဗ္ဗဉ်ဥာဏ်တော်, ရကြောင်းရော်၍, ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း၊ သုဂတော-သုဂတဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီ၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား
ကြည့်ရူရန်အဓိပ္ပာယ်
သုဂတဂုဏ်တော်သည် "ကောင်းစွာကြွတော်မူခဲ့၏"ဟူသော အနက်ကိုပြသည်၊ (သု=ကောင်းစွာ + ဂတ=ကြွတော်မူခဲ့သည်။)

ထွတ်ချာသနင်း။ ။အထွတ်အထိပ် အချုပ်အခြာ မြင့်မြတ်သော ဘုရားရှင်။
မှန်ကင်းသိရီ။ ။ ပြသာဒ် စသည်တို့၏ အထွတ်၌ တပ်ထားအပ်သော တုရင်မှန်ကင်းကဲ့သို့ မိုမောက်နေသော မြေပေါ်ဝယ် ကျက်သရေရှိသော ဗောဓိပင်။
ဗောဓိမဏ္ဍိုင်။ ။ ဗောဓိပင်ပေါက်ရာ မြေအရပ်သည် ဇမ္ဗူဒိပ်ကျွန်း၏ အလယ်ဗဟို မဏ္ဍိုင်ဖြစ်သောကြောင့် ဗောဓိပင်ကိုလည်း "မဏ္ဍိုင်"ဟု ဆိုသည်။ တစ်နည်း ဗောဓိပင်ကို သဗ္ဗညုတဥာဏ်၏ ကြည်လင်ရာဖြစ်၍ ဗောဓိမဏ္ဍိုင်ဟု ဆိုသည်၊ (ဤနည်း၌ "ကြည်လင်ခြင်း" အနက်ကိုဟောသော "မဏ္ဍာ"ဟူသော ပါဠိမှ မဏ္ဍိုင်ဖြစ်လာသည်ဟု ကြံပါ။)
ခန်းဝါပိုင်အောင်။ ။အရောင်အ၀ါရှိသော ခန်းဆောင်နေရာကို "ခန်းဝါ"ဟု ခေါ်သည်၊ ဤ၌ ဗောဓိပင်ကို အရောင်အ၀ါရှိသော အခန်းဆောင်ကဲ့သို့ ဥပမာပြုထားသည်၊ "ရောင်ဝါထိန်လျှမ်းသည့် အခန်းဆောင်သို့ရောက်လျှင် အင်မတန် အဖိုးတန်သော ရတနာကို ရသကဲ့သို့, သဗ္ဗညုတာဥာဏ်တည်းဟူသော အဖိုးတန်ရတနာကိုလည်း ဗောဓိမဏ္ဍိုင်တည်းဟူသော နေရာ၌ ရတော်မူသည် "ဟူလို။
ဘုရားရှင်သည် ဘုရားဆုပန်တော်မူရာ ဒီပင်္ကရာထွတ်ချာသနင်း တရားမင်း၏ ခြေတော်ရင်းမှစ၍ "ဗောဓိမဏ္ဍိုင်"တည်း ဟူသော ခန်းဝါဆောင်နန်းကို စိုးပိုင်စံမြန်းတော်မူလျက် ဘုရားဖြစ်သည့်တိုင်အောင် (ကာမ, ရူပ, အရူပအားဖြင့် ဘ၀သုံးပါး၌ရှိသော) သတ္တ၀ါအများ၏ စီးပွားချမ်းသာအလို့ငှာ ပါရမီဆယ်ပါးကို အစုံအညီ ဖြည့်ကျင့်တော်မူခဲ့ပေသည်။
ထိုဖြည့်ကျင့်စဉ်အခါ၌ မိုက်မှားသော မိစ္ဆာဒိဋ္ဌိ အယူဆိုးကြီးများလည်း ကိုယ်တော်၏သန္တာန်၌ တစ်ဆံခြည်မျှ မြူမူန်ကလေးမျှ တစိုးတစိ မကပ်ငြိရအောင် လေးအသေင်္ချနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဘ၀ဆက်တိုင်း လွန်ကဲသော သတိ "သမ္ပဇဉ်"ဟု ခေါ်အပ်သော ပညာတရားတို့ကို အမြဲလက်ကိုင်ထားတော်မူ၍ သဗ္ဗညုတာဥာဏ်တော်သခင် ဘုရားရှင်အဖြစ်သို့ ရောက်ဖို့ရန်သာ ဖြောင့်ဖြောင့်မှန်မှန် ကျင့်ကြံတော်မူခဲ့ပေသည်၊ (ဤနေရာ၌ ရပ်တန့်၍ "ဘုရားရှင်သည် ပါရမီဖြည့်တော်မူစဉ်က မိစ္ဆာအယူကို မယူမိအောင် သတိနှင့်ဥာဏ် အမြဲရှိပုံကို" အာရုံပြုလိုက်ပါ။)

တိုက်တွန်းချက်
သာသနာပအခါဝယ် မိစ္ဆာအယူမှားတွေ လွန်စွာ လွှမ်းမိုးလာမည်ဖြစ်၍ ဘုရားရှင်၏ သုဂတဂုဏ်တော်ကို ကြည်ညိုပြီးလျှင် မိမိတို့လည်း မိစ္ဆာအယူဟူသမျှ ဘ၀ဆက်တိုင်း မကပ်ငြိ မယူမိအောင် သတိပညာတရားကို သန်သန်ကြီးထားတတ်ကြဖို့ရန် "ကုသိုလ်ကံ အကုသိုလ်ကံရှိ၏၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုးရှိ၏"ဟု ကံနှင့်ကံ၏အကျိုးကို နားလည်သော "ကမ္မဿကတာဥာဏ်"ကို မိမိသန္တာန်၌ဖြစ်အောင် ပထမကြိုးစားသင့်၏။
ထို့နောက် "ဤခန္ဓာကိုယ်၌ ရုပ်တရား နာမ်တရားသာ ရှိ၏"ဟု သိအောင် ဆရာသမားအထံ မေးမြန်း၍ ထိုရုပ်နာမ်၏ အနိစ္စ, ဒုက္ခ, အနတ္တဖြစ်ပုံကို နားလည်သော ၀ိပဿနာဥာဏ်ဖြစ်အောင် ကြိုးစားပါ၊ ထိုသို့သိလျှင် ပါရမီဖြည့်လိုသော သို့မဟုတ် ကမ္မဋ္ဌာန်းအားထုတ်လိုသော ဆန္ဒပြင်းပြ၍ မိစ္ဆာအယူသာမက ဂုဏ်ပကာသနစိတ်တွေပါ ကင်းဝေးသွားပါလိမ့်မည်။
ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ "ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated