၈။ သော ဘဂ၀ါ - ထိုရွှေဘုန်းတော်သခင်,
ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒုက္ခသမုဒယ, နိရောဓနှင့်,
မဂ္ဂမည်သာ, လေးသစ္စာကို, ဦးစွာပိုင်ပိုင်, သိမြင်နိုင်၍, သုံးဆိုင်ဝေနေ,
များဗိုလ်ခြေကို, မသွေအတူ, သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊
ဗုဒ္ဓေါ-ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်,
ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန် အဓိပ္ပာယ်
ကြည့်ရူရန် အဓိပ္ပာယ်
ဗုဒ္ဓဂုဏ်တော်သည် “ကိုယ်တော်တိုင်သိ၍ သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သည်”ဟူသော အနက်ကို ပြ၏။
(၁)ဒုက္ခသစ္စာ။ ။(ဒုက္ခ-ဆင်းရဲခြင်း + သစ္စာ-အမှန်)
ရုပ်ခန္ဓာနှင့် စိတ်စေတသိက်ဟူသော နာမ်ခန္ဓာတရားတွေ ပေါင်းစပ်နေသည်ကို
“ခန္ဓာကိုယ်”ဟု ခေါ်၏။ ဤခန္ဓာကိုယ်သည် ဒုက္ခတုံး ဒုက္ခခဲ ဆင်းရဲခြင်း
အမှန်ဖြစ်၏။ ဤခန္ဓာကြီးရှိလို့သာ စားဖို့ သောက်ဖို့ ၀တ်ဖို့ နေဖို့
ရှာဖွေသွားလာရ၏။ အိုရ နာရ သေရ ကြေရ၏။ အရှာအဖွေအနေ မတရားသဖြင့်
အပါယ်လေးပါးသို့ ကျရောက်ကာ ဒုက္ခခံရ၏။ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း
ပင်ပန်းဆင်းရဲရ၏။ ထောင်တန်းကျသဖြင့် အရှက်တကွဲ အကျိုးနည်းလည်း ဖြစ်ကြရ၏။
အလွန့်အလွန် တကွဲတပြားဖြစ်ရ၏။ ခေတ္တခဏ ချမ်းသာသလို ထင်ရသော်လည်း
အစဆုံးကြည့်လိုက်လျှင် ချမ်းသာစစ်စစ်ဟူ၍ မမြင်ရချေ။
“အလွန်ချမ်းသာသည်”ဟုဆိုရသော နတ်ပြည် ဗြဟ္မာပြည်များသို့လည်းရောက်ဖို့ရန် အားထုတ်ရသော ဒုက္ခ, ရောက်ပြီးသည့်နောက်၌ ပျက်စီးရသောအခါ ဒုက္ခ၊ (နတ်ပြည်၌
“ပျက်စီးလိမ့်မည်”ဟု စောစောက အချို့သိနှင့်ကြသဖြင့် “ဤမျှလောက်
ကြီးကျယ်သော စည်းစိမ်ကို စွန့်ရတော့မှာပါတကား”ဟု ဇောချွေးများ ကျပြီးလျှင်
“အလွန့်အလွန် ဆင်းရဲရလေသည်”) ဤသို့ဆင်းရဲဧကန် စင်စစ်မှန်သောကြောင့် ငါ၏ခန္ဓာကိုယ်နှင့် သတ္တ၀ါအားလုံး၏ ခန္ဓာကိုယ်သည် ဒုက္ခသစ္စာချည်းပါတကား။
(၂)သမုဒယသစ္စာ။ ။(သမုဒယ=ဒုက္ခဖြစ်ကြောင်း + သစ္စာ=အမှန်)
ထိုဒုက္ခ၏ အကြောင်းရင်းကား “တဏှာလောဘ”ခေါ်သော နှစ်သက်ခင်မင်
လိုချင်တောင့်တမူသည် အကြောင်းအမှန်ဖြစ်တော့၏။ ဒုက္ခသစ္စာ၌ပြခဲ့သော
ဒုက္ခဟူသမျှသည် ဤလိုချင်တော့တမူကို အကြောင်းပြု၍ ဤလောက၌ပင် မင်းပြစ်
မင်းဒဏ်, နောက်သံသရာ၌ အပါယ်လေးပါးသို့ ကျရောက်လျက် အတိုင်းမသိ ဆင်းရဲဒဏ်ကို
ခံရသည်။ သံသရာဝဋ်ဆင်းရဲမှ မလွတ်ဘဲ တ၀ဲလည်လည်ကျင်လည်ရချက်သည် ထိုထိုဘ၀ကို
တောင့်တလိုချင်သော လောဘတဏှာ၏ စနက်သာတည်း။
တောင့်တလိုချင်မူဟူသော
တဏှာလောဘလည်း တရားသဖြင့် မချုပ်တည်းနိုင်သမျှ သူ့အလိုလျောက်သာဖြင့်
မည်သည့်အခါမျှ နောက်ဆုတ်လိမ့်မည်မဟုတ်၊ “သံပရာသီး ကြီးလေ
ချဉ်လေ”ဖြစ်သကဲ့သို့လည်းကောင်း, “ငယ်စဉ်ကပေါက်သော နွားဦးချိုသည် ကြီးလေ
ရှည်လေ”ဖြစ်သကဲ့သို့လည်းကောင်း, “မီးသည် လောင်စာများလေ
မီးတောက်ကြီးလေ”ဖြစ်သကဲ့သို့လည်းကောင်း, ဤတဏှာများလေ မီးတောက်ကြီးလေ
“ဖြစ်သကဲ့သို့လည်းကောင်း, ဤတဏှာလောဘ၏သဘောသည်လည်း “ရလေ လိုလေ, ရဖန်များလေ
လောဘတိုးလေပင်”ဖြစ်တော့သည်၊ တဏှာလောဘ ကြီးလာသလောက်လည်း ဒုက္ခကြီးကြီးပင်
ရောက်ကြမည်သာ။
မန္ဓာတ်စကြာမင်း ၀တ္ထု။
။ဤကမ္ဘာ၏ အစပိုင်းလောက်က ဘုရားအလောင်းတော်သည် လေးကျွန်းလုံးကို အစိုးရသော
မန္ဓာတ်စကြာမင်းဖြစ်၏။ တစ်နေ့သ၌ စကြာရတနာဖြင့် ပရိသတ်ခြံရံလျက်
ကောင်းကင်ခရီး၌ လေးကျွန်းလုံးလှည့်လည်စဉ် စတုမဟာရာဇ် နတ်ပြည်၏
ကြီးကျယ်ခမ်းနားကြောင်းကို ကြားရ၍ အခြွေအရံ ပရိသတ်များနှင့်တကွ
စတုမဟာရာဇ်နတ်ပြည်သို့ ချီတက်လေသော် စတုမဟာရာဇ်နတ်မင်းကြီး ၄-ပါးက
ခရီးဦးကြိုဆိုလျက် နတ်ပြည်ကို ဆက်သကြ၏။ ထိုအခါ နတ်စည်းစိမ်ကို
ခံစားရသော်လည်း တာဝတိံသာနတ်ပြည်သည် ဤနတ်ပြည်ထက်ပင် အဆတစ်ရာမက
သာလွန်ကြီးကျယ်ကြောင်း ကြားရပြန်၍ တာဝတိံသာသို့ ချီပြည်လေသော်
စကြာရတနာနှင့် ပရိသတ်တို့ မလိုက်နိုင်ကြဘဲ လမ်းခုလပ်မှ လူ့ပြည်သို့
ပြန်ကြရလသည်။ ထိုအခါ တစ်ကိုယ်တည်း ကြွလာသော မန္ဓာတ်မင်းအား သိကြားကိုယ်တိုင်
နတ်ပြည်ကို တစ်ဝက်ခွဲ၍ လွှဲအပ် စံစားစေလေသည်။
ထိုအခါ
လူတို့၏ အသက်တမ်းမှာလည်း အလွန်ရှည်ကြာသော အသင်္ချေတန်းအခါဖြစ်၍ ပကတိ
သိကြားပေါင်း ၃၆-ယောက် ပြောင်းလဲသည့်တိုင်အောင် ထိုမန္ဓာတ်စကြာမင်းသည်
စုတေတော်မမူသေးဘဲ ခံစားမြဲ ခံစားနေပါလျက် နတ်ပြည်တစ်ဝက်မျှ
အုပ်စိုးရရုံဖြင့် တင်းတိမ်တော်မမူသောကြောင့် ရောက်ခါစ သိကြားသစ်ကို
သတ်ဖြတ်လိုသော အကြံဆိုးပေါ်ပေါက်လာသဖြင့် ထိုတ်ပြည်မှ ကွယ်ပျောက်ခဲ့၍
လူ့ပြည်သို့အရောက်တွင် စုတေပွဲဝင်ရဖူးလေသည်။ (ဇာတကဌကထာ-တိကနိပါတ်-သင်္ကပ၌၀ဂ်၊ မန္ဓာတုဇာတ်။)
ဤ၀တ္ထု၌
သိကြားပေါင်း ၃-ကျိပ် ၆-ယောက် ပြောင်းလဲအောင် နတ်စည်းစိမ်ကို စံရပါလျက်
အားမရနိုင်သော လောဘ၏ကြီးကျယ်ပုံကို မှန်းဆသင့်တော့သည်၊ ထို့ကြောင့်
တဏှာလောဘမည်သည် တရားဖြင့် မချုပ်တည်းနိုင်သမျှ သူ့အလိုအလျောက် မည်သည့်အခါမှ
နောက်ဆုတ်လိမ့်မည်မဟုတ်၊ တဏှာလောဘ နောက်မဆုတ်သမျှလည်း ပြခဲ့သော
ဒုက္ခအပေါင်းမှ လွတ်နိုင်ကြဦးမည်မဟုတ်၊ ထို့ကြောင့် နှစ်သက်ခင်မင်
လိုချင်တော့တမူဟူသော တဏှာလောဘသည် အားလုံးသော ဒုက္ခအပေါင်းတို့၏
အကြောင်းရင်းခံ စင်စစ်မှန်သော သမုဒယသစ္စာပေတည်း။
(၃) နိရောဓသစ္စာ။ ။(နိရောဓ-ဒုက္ခ၏ချုပ်ဆုံးရာ + သစ္စာ-အမှန်) ထိုဒုက္ခအားလုံး၏
ချုပ်ဆုံးရာအမှန်ကား နိဗ္ဗာန်တည်း၊ ထိုနိဗ္ဗာန်၏ ဒုက္ခမရှိပုံ, မည်ကဲ့သို့
ချမ်းသာပုံကိုမူ နိဗ္ဗာန်ကို မြင်နိုင်သော ဥာဏ်ရမှသာ ကျနစွာသိနိုင်ရာ၏။
သောတာပန်အဖြစ်သို့ ရောက်လျှင်ပင် နိဗ္ဗာန်၏အရသာကို သိမြင်နိုင်ပေပြီ၊
သောတာပန်များသည် နိဗ္ဗာန်၏အရသာကို ကျနစွာ သိမြင်ပြီးဖြစ်၍ ရဟန္တာအဖြစ်သို့
ရောက်အောင်သာ တိုးတက် အားထုတ်ကြတော့သည်၊ ပုထုဇဉ်အဖြစ်သို့
ဆုတ်နစ်ခဲ့သူမရှိ၊ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံခါနီးမှာလည်း ဒုက္ခရုပ်နာမ်ကို
စွန့်ရတော့မည်ဖြစ်၍ ကြည်လင် ရွှင်ပျတော်မူကြသည်။
နိဗ္ဗာန်သည်
ယခုပုထုဇဉ်တို့ အတွေးမျိုးဖြင့်တွေးကာ ပျင်းစရာဖြစ်နေလျှင် နိဗ္ဗာဝင်ခါနီး၌
မည်သူမျှ ရွှင်ပျနိုင်ကြမည် မဟုတ်ပါ၊ မိမိတို့သွားရမည့်
နိဗ္ဗာန်၏ချမ်းသာပုံကို ထိုပုဂ္ဂိုလ်မြတ်တို့၏ အာရုံ၌ ရှင်းရှင်းလင်းလင်း
သိပြီးဖြစ်၍သာ ရွှင်ပျတော်မူနိုင်ကြပေသည်၊ မိထွေးတော်ဂေါတမီ
ပရိနိဗ္ဗာန်စံခါနီး၌ နတ်ရောလူပါ လွမ်းဆွတ်တသ ငိုပွဲကြီးကျင်းပကြသော်လည်း
မိထွေးတော်ကား အနည်းငယ်မျှ ၀မ်းနည်းခြင်းမရှိဘဲ “သားတော် သမီးတော်များ -
ဤအခါမျိုးကား ငိုရမည့်အခါမဟုတ်၊ ၀မ်းမြောက်ရမည့်အခါ ဖြစ်သည်”ဟု တရားချလျက်
တန်ခိုးပင် ပြခဲ့ပေသေးသည်။
အမျိုးဇာတ်
ဂုဏ်သိန် စည်းစိမ်အားဖြင့် အထက်တန်းကျ၍ ပါရမီကြီးမားလှသော
ရှင်တော်ဘုရားနှင့် သူတော်ကောင်းကြီးများ သွားရာလမ်းကောင်းကို ငါတို့တတွေ
အဘယ်မှာ မလိုက်လိုဘဲ ရှိသင့်အံ့နည်း၊ တပျော်တပါး မနားမနေပါရမီတွေကို
ဖြည့်ကာဖြည့်ကာ ကောင်းစွာစိုက်စိုက်လိုက်ကြဖို့ရာ ယခုနှယ်က
ပြင်ဆင်ထားကြပါကုန်။
(၄) မဂ္ဂသစ္စာ။ ။(မဂ္ဂ-နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း + သစ္စာ-အမှန်) နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းအမှန်ကား မဂ္ဂင်ရှစ်ပါးတည်း။
မဂ္ဂင်ရှစ်ပါး
သမ္မာဒိဋ္ဌိ = ကောင်းသော အလိမ္မာ ဥာဏ်ပညာ။ သမ္မာသင်္ကပ္ပ = ကောင်းသော အကြံအစည်။ သမ္မာဝါစာ = ကောင်းသော စကားကို ဆိုခြင်း။ သမ္မာကမ္မန္တ= ကောင်းသော အမူကို ပြုခြင်း။ သမ္မာအာဇီဝ = ကောင်းသော အသက်မွေးခြင်း။ သမ္မာဝါယာမ = ကောင်းသော အားထုတ်ခြင်း။ သမ္မာသတိ = ကောင်းသော အမှတ်ရခြင်း။ သမ္မာသမာဓိ = ကောင်းသော တည်ကြည်ခြင်း။
မဂ္ဂင်ရှစ်ပါး
သမ္မာဒိဋ္ဌိ = ကောင်းသော အလိမ္မာ ဥာဏ်ပညာ။ သမ္မာသင်္ကပ္ပ = ကောင်းသော အကြံအစည်။ သမ္မာဝါစာ = ကောင်းသော စကားကို ဆိုခြင်း။ သမ္မာကမ္မန္တ= ကောင်းသော အမူကို ပြုခြင်း။ သမ္မာအာဇီဝ = ကောင်းသော အသက်မွေးခြင်း။ သမ္မာဝါယာမ = ကောင်းသော အားထုတ်ခြင်း။ သမ္မာသတိ = ကောင်းသော အမှတ်ရခြင်း။ သမ္မာသမာဓိ = ကောင်းသော တည်ကြည်ခြင်း။
(အပြစ်ကင်း၍ ကုသိုလ်ကြိယာနှင့် ဆိုင်သမျှကိုသာ “အကောင်း”ဟု ဆိုလိုသည်။)
ဆောင်။
။အလိမ္မာဥာဏ်, ကောင်းအောင်ကြံ၍ အမှန်ပြောပြ, ပြုသမျှကောင်း,
အသက်မွေးကောင်းပင်, ကောင်းကောင်းအားစိုက်, စိတ်၌စွဲမှတ်,
ကောင်းမြတ်တည်ကြည်, ကောင်းရှစ်လီသည်, ရွှေပြည်နိဗ္ဗာန် ရောက်ကြောင်းတည်း။
ဘုရားရှင်၏
သန္တာန်တော်၌ “ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံဥဒပါဒိ, ဥာဏံဥဒပါဒိ,
ပညာဥဒပါဒိ, ၀ိဇ္ဇာဥဒပါဒိ, အာလောကော ဥဒပါဒိ”ဟူသော ဓမ္မစကြာနှင့်အညီ
ဘုရားမဖြစ်မီ ရှေးအခါက ကြားမျှမကြားဖူးအပ်သော ဤသစ္စာလေးပါးတရားတို့၌
သိမြင်နိုင်သော ပညာ, ၀ိဇ္ဇာအရောင်အလင်းဟူသော ဥာဏ်စက္ခုသည်
ဘုရားဖြစ်တော်မူခါနီးဝယ် ထင်ရှားစွာပေါ်လာ၏။ သစ္စာလေးပါးကို ကိုယ်တော်တိုင်
သိမြင်တော်မူပြီးနောက် ဘုံသုံးပါး၌ ရှိကြသော ဝေနေယျသတ္တ၀ါတို့ကိုလည်း
ကိုယ်တော်ကဲ့သို့ သိကြဖို့ရာ ဟောပြတော်မူပေသည်။
(ယခုကာလ
ဥာဏ်ထက်မြက်သူတို့သည် ရှေးကမသိဖူးသောအရာကို စူးစူးစိုက်စိုက် ကြံသောအခါ
ထိုအရာကို သိနိုင်သောဥာဏ်များ ထင်ရှားပေါ်လာတတ်ပုံကို သတိထား၍
ဘုရားရှင်၏သန္တာန်တော်၌လည်း ရှေးက မရှိသော ၀ိဇ္ဇာဥာဏ်ပေါ်လာပုံကို
ယုံကြည်ပါကုန်။)
တိုက်တွန်းချက်။
။ဒုက္ခများစွာ သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန်ရောက်ဖို့ရာ တဏှာလောဘကို
တစ်စတစ်စ ပယ်ရှားလျက် မဂ္ဂင်ရှစ်ပါးတည်းဟူသော လမ်းကောင်းကြီးကိုသာ
လိုက်သွားမိအောင် သတိတရားကောင်းစွာထား၍ အားတက်သရော မလိုက်နိုင်သေးလျှင်
အိမ်သုံးမဂ္ဂင်များကို ကြိုးစားပါ။
ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ "ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။
No comments:
Post a Comment