(၆) သော ဘဂ၀ါ-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဆုံးမသင့်ရန်,
သတ္တ၀ါမှန်သော်, ချောက်တနှ်လျှင်ချောက်, မြှောက်တန်မြှောက်၍, အောက်အောက် ထက်ဂုဏ်,
ဆင့်ဆင့်စုံဖို့, ဖုံဖုံသင်ပေး, အစဉ်ဖေးလျက်, ယဉ်ကျေလေအောင်,
သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊
အနုတ္တရောပုရိသ ဒမ္မသာရထိ-အနုတ္တရောပုရိသဒမ္မသာရထိဟူသော ဂုဏ်တော်ကြီးဖြင့်,
အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား,
ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန်အဓိပ္ပါယ်
အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်သည်
"ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးအောင် ဆုံးမမူ၌ အတုမရှိ
စွမ်းနိုင်ပါပေသည်"ဟူသော အနက်ကိုပြသည်။ (အနုတ္တရော+ပုရိသဒမ္မ+သာရထိ၊
အနုတ္တရော=အတုမရှိမြတ်သည် + ပုရိသ=ယောက်ျား(သတ္တ၀ါ) + ဒမ္မ=ဆုံးမထိုက်သူ +
သာရထိ=ဆုံးမနိုင်သည်။)
အောက်အောက်ထက်ဂုဏ်
အောက်အောက်
သီလဂုဏ်နှင့် အထက်ထက် ဈာန်မဂ်ဖိုလ်ဂုဏ်များ အဆင့်ဆင့်စုံလင်အောင်
အဖုံဖုံသင်ပေးပြီးလျှင် အစဉ်အပြတ် ဖေးဖေးမမ စောင့်ရှောက်တော်မူသည်။
တောဆင်ရိုင်း,
မြင်းရိုင်းများကို ယဉ်ကျေးအောင် ဆုံးမမူ၌ အတုမရှိ ကျွမ်းကျင်သော ဆင်ဆရာ,
မြင်ဆရာတို့သည် ရိုင်းပျသော ဆင်-မြင်းများကို တဖြည်းဖြည်း ယဉ်ကျေးလာအောင်
ဆုံးမပြီးလျှင် မင်းတို့၏ စီးတော်ဆင်, စီးတော်မြင်းများအဖြစ်သို့
ရောက်စေနိုင်သကဲ့သို့ ရှင်တော်မြတ်ဘုရားလည်း "လောက၀ိဒူ" ဂုဏ်တော်၌
ပြခဲ့သည့်အတိုင်း သတ္တ၀ါတို့၏ အတွင်းစိတ်ကို ရှေ့နောက်ကုန်စင်
သိမြင်တော်မူသောကြောင့် ဆုံးမဖို့ရန် သင့်တော်သော သတ္တ၀ါများကို
တွေ့မြင်တော်မူသောအခါ ချောက်၍ဆုံးမမှ အကျွတ်တရားရမည်သူဖြစ်လျှင်
ချောက်၍ဆုံးမတော်မူ၏၊ မြှောက်ပင့်၍ဆုံးမမှ အကျွတ်တရားရမည့်သူဖြစ်လျှင်
မြှောက်ပင့်၍ ဆုံးမတော်မူသည်။
ထိုသို့
ဆုံးမရာ၌ ပင်ကိုယ်က သီလရှိသူဖြစ်လျှင် သီလ၌ တည်စေတော်မူ၏၊ သီလရှိပြန်လျှင်လည်း
အထက်အထက်ဈာန်တရား, မဂ်တရားတို့ကို ထိုသူ၏ ပါရမီအားလျော်စွာ တိုးတက်၍ရအောင်
ဆုံးမတော်မူ၏၊ ထိုဘ၀၌ မည်သည့်တရားထူးကိုမျှ မရထိုက်လျှင် နောက်နောင်ဘ၀၌
အထုံပါအောင် ဆုံးမတော်မူ၏၊ ဘုရားရှင်၏ အဆုံးအမကို သီးခြားခံယူရလျှင် မယဉ်ကျေးသူ
မရှိ၊ ယဉ်ကျေးသူချည်းသာ ဖြစ်ကြလေသည်။
ဤနေရာဝယ်
ရပ်တန့်၍ ဘုရားရှင်၏ စိတ်တော်ကြည်လင်ပုံ, ဥာဏ်တော်ထက်မြက်ပုံ, ထိုဥာဏ်တော်ဖြင့်
ဟောပြောဆုံးမဖို့ရန် တရားမျိုးစုံကို သိတော်မူပုံ, ထိုတရားမျိုးစုံမှ သင့်တော်သော
တရားတို့ကို ရွေးချယ်၍ သတ္တ၀ါတစ်ယောက်အား ဆုံးမတော်မူလျှင် တရားထူးရပုံကို
အာရုံပြုကာ ဘုရားရှင်၌ ကြည်ညိုစိတ် တိုးပွားအောင်ကြိုးစားကြပါလေ။
တိုက်တွန်းချက်
တိုက်တွန်းချက်
ဤစကားအစဉ်ဖြင့်
"ဘုရားရှင်သည် တွေ့သမျှ သတ္တ၀ါတိုင်းကို အကျွတ်တရားရအောင် ဆုံးမတော်မူသည်
မဟုတ်၊ အထိုက်အလိုက် တရားထူးရလောက်သော ပါရမီအခံရှိသူကိုသာ ဥာဏ်တော်ဖြင့် ကြည့်ရူ၍
အထူးဆုံးမတော်မူသည်"ဟု နားလည်ကြပါ၊ ဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည့်ရှင်
ဘုရင်ကောသလမင်းကြီးနှင့် မိဖုရားခေါင်ကြီး မလ္လိကာတို့သည် ဘုရားကျောင်းဒကာ
ကျောင်းအမဖြစ်၍ ဘုရားကို လွန်စွာကြည်ညိုကြ, တရားကိုလည်း မကြာမကြာနာရပါလျက်
မည်သည့်တရားထူးကိုမျှ ရကြသည်ဟု ကျမ်းဂန်၌ မတွေ့ရပါ။
ယခုကာလ၌
သဒ္ဓါလွန်၍ ပညာနည်းပါးသူတို့ကား "ဘုရားနှင့် တွေ့လျှင်ပင်
ဧကန်တရားထူးရနိုင်မည်"ဟု မျှော်လင့်နေကြရုံမက ယခုဘ၀မှာပင် အတော်အတန်
တတ်သိနားလည်သူကို ဆည်းကပ်ရလျှင် "ထိုသူ၏တရားတွေ မိမိမှာ အလိုလိုကူးစက်လာလိမ့်မည်"ဟု
တွေးဆကြ၏၊ ကိုယ်အားထုတ်မှ ကိုယ်ရနိုင်သည်ကိုကားမသိရှာကြကုန်၊ ထို့ကြောင့်
နောင်ပွင့်တော်မူလာမည့် ဘုရားရှင်နှင့် တွေ့ရသော အခါ၌လည်း ဆုံးမထိုက်သော ပါရမီအခံ
လုံလောက်ပြီးသူဖြစ်အောင် ယခုလိုအတော်အတန် တတ်သိနားလည်သော ဘ၀ကောင်းက ဖြစ်ခွင့်ကြုံသော
ပါရမီအားလုံးကို သိမ်းကျုံး၍ ဖြည့်ကျင့်ကြပါကုန်။
ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ
"ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။
Credit to http://www.myittaryik.com/2014/01/blog-post_4.html#more
No comments:
Post a Comment