(၅) သော ဘဂ၀ါ- ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္တောကာသ, သင်္ခါရဟု, လောကသုံးဘုံ, အလုံးစုံကို, အာရုံထင်စွာ, ပိုင်းခြားကာဖြင့်, ကောင်းစွာကုန်စင်, သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း၊ လောက၀ိဒူ-လောက၀ိဒူဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန် အဓိပ္ပါယ်
လောက၀ိဒူဂုဏ်တော်သည်
"လောကအားလုံးကို သိမြင်တော်မူနိုင်ပေ၏"ဟူသော အနက်ကို ပြသည်။
(လောက=ကမ္ဘာလောကကြီးကို + ၀ိဒူ=သိတော်မူနိုင်သည်။)
လောကသုံးပါး
သတ္တလောက, သြကာသလောက, သင်္ခါရလောကဟု လောကသုံးပါးရှိ၏၊ သက်ရှိသတ္တ၀ါအပေါင်းသည်
သတ္တလောကမည်၏၊ သတ္တ၀ါတို့၏ တည်နေရာဘုံဌာနသည်လည်းကောင်း, ဘုံမရှိသော
နေရာဌာနသည်လည်းကောင်း သြကာသလောကမည်၏၊ ရုပ်တရား, နာမ်တရားအားလုံးသည် သင်္ခါရလောကမည်၏။
သတ္တလောက သိတော်မူပုံ
"ဤကမ္ဘာလောကကြီး၌
အပါယ်လေးပါးတွင် ခြတောင်ပို့တစ်ခု၌ ခြသတ္တ၀ါပေါင်းများစွာ, ပုရွက်တွင်း တစ်တွင်း၌
ပုရွက်သတ္တ၀ါပေါင်းများစွာ, ငါးဥတစ်ဥ၌ ငါးသတ္တ၀ါလေးတွေများစွာ,
ပြိတ္တာသတ္တ၀ါတွေများစွာ, ငရဲသတ္တ၀ါတွေများစွာ, လူနတ်ဗြဟ္မာသတ္တ၀ါတွေ
များစွာရှိသည်"ဟု သိမူမှာ ဆန်းကျယ်လှသည် မဟုတ်ပါ၊ ဘုရားရှင်ကား
ထိုသိမူမျိုးထက် လွန်၍ သတ္တ၀ါတစ်ယောက်ကို "ဤသူသည် စရိုက်အမျိုးမျိုးတွင်
မည်သည့်စရိုက်က လွန်ကဲနေ၏၊ အနုသယအမျိုးမျိုးတွင် မည်သည့်အနုသယက ထက်သန်နေ၏၊
ပင်ကိုယ်ဆန္ဒ ညံ့ဖျင်း၏၊ သို့မဟုတ် ထက်သန်၏၊ သဒ္ဓါစသော ဣနြေ္ဒ ၅-ပါးတွင် မည်သည့်
ဣနြေ္ဒက ညံ့သေး၏"စသည်ဖြင့် သိတော်မူပါသည်။
ထိုသို့
သိတော်မူရာ၌ အတွေးအဆအားဖြင့် မှန်းဆ၍ သိတော်မူခြင်း မဟုတ်၊ ဆရာဝန်သည်
ပြဒါးတိုင်ဖြင့် လူနာ၏ အပူဒီဂရီကို ချိန်ကြည့်သောအခါ တက်သောအပူဒီဂရီကို
သိနိုင်သကဲ့သို့ ထို သတ္တ၀ါ၏ အတွင်းဓာတ် အခြေအနေအားလုံးကို ကွဲကွဲပြားပြားနှင့်
ထင်ရှားစွာ သိမြင်တော်မူနိုင်ပါသည်။ (စရိုက်-အနုသယ- ဣနြေ္ဒတို့၏ အကြောင်းများမှာ
အဘိဓမ္မာနှင့် သက်ဆိုင်သောကြောင့် မိမိတို့လေ့လာနေကျ အဘိဓမ္မာကျမ်းစာများ၌ ရှာဖွေကြည့်ရူ၍လည်းကောင်း,
မေးမြန်း၍လည်းကောင်း သိပါလေ။)
သြကာသလောက သိတော်မူပုံ
သတ္တ၀ါတို့နေရာ
ကမ္ဘာလောကကြီး တည်နေပုံကိုပြရာ၌ ကျမ်းဂန်အဆိုသည် ယခုခေတ် လောကဓာတ်ဆရာတို့၏
အယူအဆနှင့် မတူမျှဘဲရှိနေ၏၊ ကမ္ဘာတည်နေဟန်ကို ပါဠိကျမ်းဂန်များ၌ ဆိုပုံကား -
ဤကမ္ဘာမြေကြီးသည် အထု(အထူ)အားဖြင့် ယူဇနာပေါင်း ၂-သိန်း ၄-သောင်း ရှိ၏၊
အထက်တစ်ဝက်သည် ပကတိမြေသားဖြစ်၍ အောက်တစ်ဝက်မှာ ကျောက်မြေသား ဖြစ်သတဲ့၊
ဤမြေကြီး၏အောက်၌ ယူဇနာ ၄-သိန်း ၈-သောင်းထူသော ရေပြင်ကြီး တည်ရှိ၏၊
"ရေပြင်"ဟုဆိုသော်လည်း အရည်ဟုတ်ဟန်မတူ၊ အလွန်အေး၍ ခဲနေသော ရေခဲတုံးကြီးဖြစ်ဟန်ရှိ၏၊
မြေအထုထက် ၂-ဆလောက်ထူသော ရေခဲတုံးကြီးက မြေအပြင်ကို ပင့်မြှောက်ခံယူထားနိုင်သည်မှာ
အံ့သြစရာမရှိတော့ပြီ၊ ထိုရေပြင်ကြီးကိုကား ယူဇနာ ၉-သိန်း ၆-သောင်းထူသော
လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခတ်လျက်ရှိ၏၊ ဤလေပြင်ကြီး အောက်၌လည်း
မဆုံးနိုင်အောင် ဟင်းလင်းဟာလာ အာကာသကောင်းကင် ရှိလေသည်၊ ဤကား ကမ္ဘာမြေကြီး၏
အောက်ပိုင်းမြေပုံတည်း။
စကြ၀ဠာတစ်ခုဟု
သတ်မှတ်အပ်သော ဤကမ္ဘာမြေကြီး၏ အ၀န်းယူဇနာမှာ သုံးသန်းခြောက်သိန်း
တစ်သောင်းသုံးရာ့ငါးဆယ်ရှိ၏၊ ကမ္ဘာမြေ၀န်းကို ကျောက်တောင်ကြီးများက တံတိုင်းခတ်သလို
ရံပတ်၍နေ၏၊ ထိုကျောက်တောင်ကြီးများ ဆက်စပ်၍ ရံပတ်နေသည်ကိုပင်
စကြ၀ဠာမဟာရံတံတိုင်းဟု ခေါ်စမှတ်ပြုကြ၏၊ ဤကမ္ဘာမြေ၀န်း၏ အတွင်း၌ကား
သမုဒ္ဒရာရေပြင်ကြီး ရှိ၏၊ ထိုရေပြင်၏ အနက်ဆုံးနေရာသည် ယူဇနာ ၈-သောင်း ၄-ထောင်,
ရေ၏အတွင်း၌ ယူဇနာရှစ်သောင်း လေးထောင်ရှိ၍ ယူဇနာပေါင်း ၁-သိန်း ၆-သောင်း ၈-ထောင်
မြင့်သော မြင်းမိုရ်တောင် တည်ရှိ၏၊ ထိုမြင့်မိုရ်တောင်၏ ပတ်ဝန်းကျင်၌
"သီဒါ"ခေါ်သော မြစ်တစ်ခုခြား၍ မြင်းမိုရ်တောင်၏ အောက်တစ်ဝက်လောက်နိမ့်သော
ယုဂန္ဓိုရ်တောင် တည်ရှိ၏၊ ဤနည်းအတိုင်း "သီဒါမြစ်"တစ်ခု ခြားကာခြားကာ
တောင်စဉ် ခုနှစ်ထပ် မြင်းမိုရ်တောင်ကို ရံပတ်၍ တည်လေသည်။ ထိုမြင်းမိုရ်တောင်နှင့်
တောင်စဉ်ခုနှစ်ထပ်တို့၏ လေးမျက်နှာ အရပ်ရှိ ရေလယ်ခေါင်၌ ကျွန်းကြီး ကျွန်းငယ်
အသွယ်သွယ် ပေါ်ထွန်းလျက်ရှိ၏၊ ထိုကျွန်းမြေကို အရှေ့ကျွန်း, တောင်ဘက်, အနောက်ဘက်,
မြောက်ဘက်တို့၌ပေါ်ထွန်းသော ကျွန်းမြေများကို တောင်ကျွန်း, အနောက်ကျွန်း,
မြောက်ကျွန်းဟု ခေါ်သည်။
ထိုမြင်းမိုရ်တောင်၏
ထက်ဝက်လောက်၌ ယုဂန္ဓိုရ်တောင်ထိပ်နှင့် ညီမျှသောအရပ်ဝယ် စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏၊
မြင်းမိုရ်တောင်ထိပ်လောက်၌ တာဝတိံသာနတ်ပြည် တည်ရှိ၏၊ ဤနတ်ပြည် နှစ်ထပ်သာလျှင်
မြေနှင့်ဆက်စပ်လျက်ရှိသည်၊ ယာမာ, တုသိတာ, နိမ္မာနရတိ, ပရနိမ္မတ၀သ၀တ္တီနတ်ပြည်နှင့်
အထက်ဗြဟ္မာဘုံတို့ကား မြေနှင့်မဆက်စပ်ဘဲ ကောင်းကင်အရပ်မှာပင် တည်ရှိကြ၏။ ဤကား
ကမ္ဘာအထက်ပိုင်း မြေပုံတည်း။ (လောကဓာတ်ဆရာတို့၏ ကမ္ဘာ့မြေပုံကို
လောကဓာတ်ကျမ်းစာများ၌ ရူပါ။)
ဤဘုံအမျိုးမျိုးတို့
တည်နေဟန်နှင့်တကွ နတ်ဗြဟ္မာတို့ စံစားပုံကို ရိုက်နှိပ်ပြီး "သင်္ဂြိုဟ်ဘာသာဋီကာ"နှင့်
ဒုတိယအကြိမ်ရိုက် "ကိုယ်ကျင့်အဘိဓမ္မာ"တို့၌ထည့်သွင်း ပြထားပြီ၊
ဤပြခဲ့သော ကမ္ဘာကဲ့သို့ အခြားသော စကြ၀ဠာကမ္ဘာကြီးများလည်း မရေတွက်နိုင်အောင်
များမြောင်စွာရှိသေး၏၊ ဘုရားရှင်သည် ထိုပြအပ်ခဲ့သော စကြ၀ဠာ
ကမ္ဘာလောကဓာတ်ကြီးများကိုလည်း အကုန်အစင် သိမြင်တော်မူနိုင်ပေသည်။
သင်္ခါရလောကကို သိမြင်တော်မူပုံ
ရုပ်နာမ်တရားတွေ
ပေါင်းစပ်နေသည်ကို "ပုဂ္ဂိုလ်, သတ္တ၀ါ, သူ, ငါ, ယောက်ျား, မိန်းမ, အထီး, အမ
စသည်ဖြင့် ခေါ်ဝေါ်ကြရသည်၊ ထိုရုပ်နာမ်ကို ဖယ်ထားလျှင်, သို့မဟုတ် ရုပ်နာမ်အားလုံး
အဆုံးသတ်ချုပ်သွားလျှင်, ပုဂ္ဂိုလ်, သတ္တ၀ါ, သူ, ငါဟူ၍ မရှိတော့ပြီ၊ ခန္ဓာကိုယ်၌
မြေဓာတ်, ရေဓာတ်, လေဓာတ်, မီးဓာတ်ဟု အမာခံဓာတ်ကြီး ၄-ပါးရှိ၏၊ ထိုအမာခံဓာတ်ကြီး
၎-ပါးကို မွမ်းမံခြယ်လှယ်သော အမွှန်းတင်ရုပ်များလည်း ရှိ၏။
ထိုရုပ်အစိတ်အစိတ်ကလေးတွေ
ပေါင်းစပ်၍နေသော အစုအခဲကို "ရုပ်ကလာပ်"ဟုခေါ်၏၊ ရုပ်ကလာပ်မူန့်
တစ်ခုတစ်ခုသည် ပကတိမျက်စိတို့ဖြင့် မမြင်ရလောက်အောင် သိမ်မွေ့သေးငယ်၏၊
"လောကဓာတ်ဆရာတို့သည် သူတို့၏ မှန်ပြောင်းအားဖြင့် အသေးအမွှားဆုံး
ရုပ်မူ့ကလာပ်များကို မြင်နိုင်၏"ဟု ဆိုသော်လည်း ကလာပ်တစ်ခုတည်းကို
မြင်ရသည်မဟုတ်၊ ကလာပ်မူန့်ကလေးတွေ အတော်များများ ပေါင်းစပ်နေသည်ကိုသာ မြင်သည်၊
ကလာပ်တစ်ခုတစ်ခု၌ "ပထ၀ီ အာပေါ တေဇော ၀ါယော ၀ဏ္ဏ ဂန္ဓ ရသ သြဇာ" ဤရုပ် ၈-ခု
စုပေါင်းနေကြောင်းသိဖို့ကား လောကဓာတ်ပညာ၏ အရာမဟုတ်တော့ပြီ၊ ဘုရားရှင်ကား
ထိုကဲ့သို့ အသေးအမွှား ရုပ်ကလေးများအပြင် ထိုရုပ်ကလေးများ ဖြစ်ပေါ်လာဖို့
အကြောင်းနှင့်တကွ လက္ခဏကိစ္စတို့ကိုပါ အကုန်အစင် သိမြင်တော်မူနိုင်ပေသည်။
ထို့ပြင်
ထိုရုပ်ကလာပ်ကလေးတွေ စုပေါင်း တွေခဲနေသဖြင့် သတ္တ၀ါဟု ခေါ်သော ဤခန္ဓာကိုယ်အတွင်း၌
စိတ်, စေတသိက်ဟူသော နာမ်တရားရှိသေး၏၊ ထိုနာမ်တရား၏ အစွမ်းကြောင့် အဆင်း, အသံ,
အနံ့, အရသာ, အတွေ့နှင့် သိဖွယ်ဟူသမျှကို သိမြင်ကြရပေသည်၊ ထိုနာမ်တရားတို့၏
အကြောင်းကိုကား လောကဓာတ်ပညာရှိတို့ ထိမိအောင်သိဖို့ကို မဆိုထားဘိ၊ ဖဿ, ဝေဒနာ,
သညာစသော နာမည်ကိုပင် မသိမြင်နိုင်ကြတော့ချေ။
ရှင်တော်ဘုရားကား
ထိုနာမ်တရားတို့ ဖြစ်ခြင်း၏အကြောင်းနှင့်တကွ လက္ခဏကိစ္စတို့ကိုပါ အကုန်အစင်
သိမြင်တော်မူနိုင်ပေသည်၊ ဤသို့ ရှင်တော်ဘုရားသည် သတ္တလောက, သြကာသလောက,
သင်္ခါရလောကတို့ကို အကုန်အစင် သိမြင်တော်မူရကား "အလွန့်အလွန်
သိနိုင်ပါပေ၏"ဟု ချီးကျူးရသော ဗြဟ္မာမင်းတို့ကပင် ဘုရားရှင်ကို
"လောက၀ိဒူ=လောကအားလုံးကို သိမြင်တော်မူသော ဘုရား"ဟု ဦးထိပ်ပေါ်တွင်
မြှောက်တင်ကိုးကွယ်ကြပေသည်။
တိုက်တွန်းချက်
ဘုရားရှင်၏
လောကသုံးပါး သိတော်မူရာ၌ သတ္တလောကကို သိတော်မူခြင်းမှာ သတ္တ၀ါကို
ချေချွတ်ဖို့အရေးဝယ် အလွန်အရာရောက်သော အချက်ပေတည်း၊ ဟောပြောချေချွတ်တော်မူရာ၌
ထိုသတ္တ၀ါတို့၏ ပင်ကိုယ်စရိုက် အနုသယနှင့် ဣနြေ္ဒ အနုအရင့်ကို နိုင်းချင့်ပြီးမှ
သင့်တော်သော တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး၍ ချေချွတ်တော်မူပေသည်။
ဥပမာ-ဆေးကုကျွမ်းကျင်သော သမားတော်သည် သူနာ၏ရောဂါကို အခြေအမြစ်နှင့်တကွ သိပြီးမှ
သင့်တော်သောဆေးကို တိုက်ကျွေးသကဲ့သို့တည်း၊ ထို့ကြောင့် ယခုသာသနာတော်တွင်း၌
တရားထူးမရကြသေးလျှင် နောင်ဘုရားရှင်တို့နှင့် တွေ့ကြုံသောအခါ လွယ်ကူစွာ ချေချွတ်ထိုက်သူဖြစ်အောင်
ယခုနှယ်က ဆိုးဝါးသော အနုသယကိလေသာစသော ဣနြေ္ဒများ ရင့်သန်ထက်မြက်ဖို့ရန်
ကြိုးစားကြပါကုန်။
ဤနေရာဝယ်
စာဖတ်ရင်း ရပ်တန့်၍ ဘုရားရှင်၏ သပ္ပာယ်သော ရုပ်ပုံတော်၏ အတွင်း၌ သန့်ရှင်းသော
စိတ်တော်မှာ ယှဉ်နေသော သဗ္ဗညုတဥာဏ်တော်ဖြင့် လောကအားလုံးကို သိတော်မူပုံ,
မိမိကိုယ်တိုင် ဘုရားရှင်ကိုဖူးရလျှင် မိမိစိတ်ကိုကြည့်၍
မိမိနှင့်သင့်တော်သောတရားကို ဟောတော်မူမည့်ပုံ, ထိုတရားတော်နာရင်း
တရားထူးရမည့်ပုံကိုပါ "မစားရ၊ ၀ကမန်း" အာရုံပြုလိုက်စမ်းပါ၊ လောက၌
နေမင်းသာ ပေါ်မထွက်လာလျှင် ခလုတ် ကန်သင်း ကုန်းကျင်း အရပ်တို့ကို ခွဲခြား၍မသိနိုင်ဘဲ
သွားတိုင်း သွားတိုင်း တိုက်မိ ခိုက်မိ ကျင်းထဲကျဖွယ်ရှိသကဲ့သို့ ထို့အတူ
ဘုရားရှင် နေမင်းသာ ပေါ်ထွက်၍မလာလျှင် ကုသိုလ် အကုသိုလ်ကို ခွဲခြား၍ မသိဘဲ
အကုသိုလ်တွေကိုသာ ပြုမိကာ သတ္တ၀ါအများပင် အပါယ်လားဖို့ ရှိတော့သည်။
ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ
"ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။
No comments:
Post a Comment