@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Thursday 9 April 2015
ဗုဒ္ဓနုဿတိ
ဘွဲ့တော်
လက္ခဏတော်ကြီးငယ် အသွယ်သွယ်ဖြင့်
သပ်ပယ်လှစွာ ကိုယ်အင်္ဂါဝယ် ပါရမီတော်အဟုန် ကိုယ်လုံးခြုံ၍ မွှေးထုံ သင်းကြူ
သယမ္ဘူ ဟု ဥဏ်တော်ကင်းလတ် အရဟတ်ဖြင့် သတ်ဖြတ် ခပင်း ကိလေရှင်းသား
ဥဏ်ရင်းမဟာ ဂရုဏာနှင့် သမ္မာသမ္မောဓိ အစ ရှိလတ်  ဥဏ်တော် မြတ်၏
ကိန်းဝပ်စံပျော် ခန္ဓာပေါ်ဝယ် ဘွဲ့တော်ဗုဒ္ဓ တင်ပါ ရသည် လောကထွဋ်ထား မြတ်ဘုရား ။
သိရန်မှန်က မကျန်ရအောင် လုံးဝ စုံလင် အကုန်မြင် သဗ္ဗဉ် ဥဏ်တော်အစွမ်း တည်း။
သိသည့်တရား များအပြား၌ ဟောထားစဖွယ် နည်းအသွယ်သွယ် ကို ခြယ်လှယ် စုံလင် အကုန်မြင် သဗ္ဗဉ် ဥဏ်တော်အစွမ်း တည်း။
ကျွတ်ထိုက်ကြပေ များ ဝေနေ၏ ဣနြေ္ဒစရိုက် သူ့အကြိုက် ကို နှိုက်ချွတ်  စုံလင် အကုန်မြင် သဗ္ဗဉ် ဥဏ်တော်အစွမ်း တည်း ။
 ဥဏ်တော်စွမ်း ပကားဤ ၃ ပါးကြောင့် အများဝေနေ သတ္တဝါတွေ ကျွတ်လွတ် စေဖို့ မနေမနား သက်တော်အားဖြင့် ကြီးမား လေဘိ ၈၀ ပြည့်၍ ပရိနိဗ္ဗန် စံသည့် တိုင် အောင် သယ်ယူ ဆောင် ဘုန်းခေါင် ငါတို့ ဘုရားတည်း။
ဘုန်းတော် ထိန်လျှမ်းကျွန့်ထိပ် ပန်းကား အစွမ်းနှိမ်နှင်း နယ်ပယ် အ တွင်းမှ
လွတ်ကင်း ထွက်ငြား မာနတ်သားသည်း  ထပ်ပွားအသစ် မဖြစ်နိုင်စေ ကိလေ-ဘိသင် ၊ မရ်နှစ်အင် လောင်း 
အကြောင်း သမုဒယ ပယ်ချ ပိုင်ပိုင် သိနိုင် သမှု၊ ခန်-မစ္စုဟု ၊ နှစ်ခု နာရ်နှင် ပေါင်းငါးအင် ကို ပင်ဗောဓိမင်း အောင်မြေတွင်း၌
မကြွင်းကုန်စင် အောင်ပွဲ ယဉ်သည် မြတ်ရှင် ဇိန ဘွဲ့တော်ဘုရား။
ဥာဏ်တော် ၁၀ ပါး
၁။    ဋ္ဌာနာဋ္ဌာနကောသလ္လ ဥာဏ်တော် ။ ပဋ္ဌာန်း၂၄ပစ္စည်း သည်​ထိုထိုအ​ကျိုးတရားတျု့ကိုဖြစ်​​ပေါ်ရန်​ ပြ​သော ပစ္စည်း တရားများဖြစ်​၏၊ထိုအကျိုတရားတို့ကိုဖြစ်​​ပေါ်​စေရန်​ အကူအညီ အ​ကြောင်း​တွေများစွာပါရ​သေး၏ ။မည်​သည့်​အကျိုးကြဖြစ်​ရန်​မည်​သည့်​တရားတို့သည်​ အ​ကြောင်းဟုတ်​၏ မဟုတ်​၏ သိ​သောဥာဏ်​​တော်
၎။    အနေကဓာတု နာနာဓာတု ဥာဏ်တော် ။ ​လောက၌ဓာတ်​သ​ဘော​တွေသာရှိ၏ ရုပ်​နာမ်​ ဓာတ်​အစု သာဖြစ်​၏ ဟူ၍သိ​သောဥာဏ်​​တော်
၆။    ဣန္ဒြိယ ပရောပရိယတ္တိ ဥာဏ်တော် ။ သဒ္ဓိ​နြေ္ဒစ​သော ဣန္ဒြိတို့၏ အနုအရင့်​ အညံ့ အထက်​ကိုသိ​သော ဥာဏ်​ ​တော်
၇။    ဈာနသံကိလေသာဒိ ဥာဏ်တော် ။ ဈာန်​ရပြီး​သော ပုဂ္ဂိုလ်​ သည်​ ကာမအာရုံများ​ကြောင့်​ ဈာန်​​လျှော၏ ခဏခဏ ဝင်​စား၍အထက်​ဈာန်​တက်​ဖို့ကြိုးစားလျှင်​ဖြူစင်​၏ မည်​သည့်​အချိန်​သို့​ရောက်​လျင်​ သမာပတ်​ဝင်​စားရာမှထ မည်​ဟုအဓိဋ္ဌာန်​ပြု၍ ဝင်​စားလျှင်​ ထနိုင်​၏။ ဤသို့သိ​သောဥာဏ်​​တော်
၈။    ပုဗ္ဗေနိဝါသ ဥာဏ်တော် ။ ​ရှေး​ရှေးဘဝကိုသိ​သော ဥာဏ်​​တော်
၉။    ဒိဗ္ဗစ္ခု ဥာဏ်တော် ။ နတ်​စက္ခုထက်​ပင်​ ပို၍​သေး​သော အဆင်းတိ့ကိုမြင်​နို​င်​​သော ဥာဏ်​​တော်
၁၀။  အာသဝက္ခယ ဥာဏ်တော် ။ အာာသ​ဝေါ တရားတို့ ကုန်​​စေနိုင်​​သောတရားသည်​ အရဟတ္တမဂ်​တည်း ထို့​ကြောင့်​ အရဟတ္တမဂ်​ကို အာသဝက္ခယဥာဏ်​ဟု​ခေါ်၏။
အသံ​တော်​အင်္ဂါ ၈ပါး
၁။ သလိပ်​တို့ဖြင့်​ အသံကပ်​၍မ​နေဘဲ ညက်​ညက်​​ညော​ညော ​ချော​ချော​မော​မောရှိခြင်း
၂။ ချိုမြိန်​​သော ပျားသကာကဲ့သို့ အလွန်​ချိုသာခြင်း။
၃။ သလိပ်​မကပ်​သဖြင့်​ ပြတ်​ပြတ်​သားသားရှိ၍ ​ဟောလိုရင်းအ​ကြောင်းအရာကို ​ကေင်းစွာသိလွယ်​​စေခြင်း 
၎။ နာ၍မငြီး​ငွေ့ဘဲ နားပြီးရင်းနာခြင်​​လောက်​​အောင်​​ကောင်းခြင်း
၅။ ဖရိုဖရဲ နှင့်​အက်​ကွဲသံ မ​ပေါ်ခြင်း 
၆။ မအက်​ကွဲ​သော​ကြောင့်​စည်းစည်းလုံးလုံးရှိခြင်း
၇။ အသံ ၏စ၍ဖြစ်​ရာ နက်​​သောအတွင်းအရပ်​မှ ထွက်​​ပေါ်လာ​သော​ကြောင့်​ ​လေး​လေးနက်​နက်​ရှိခြင်း 
၈။ ကြား​စေလိုရာအရပ်​သို့ ပဲ့တင်​ထပ်မျှ ပြန့်​နှံ့​စေခြင်း 
အရဟံဂုဏ်တော်အဖွင့်(ကျက်မှတ်ရန်)
(၁) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-တစ်ထောင့်ငါးရာ, ကိလေသာတို့, ၀ါသနာဓလေ့, အထုံငွေ့မျှ, မငွေ့မရိပ်, ၀င်းဝင်းဖိတ်သို့, ရွှေစိတ်ပျံ့သင်း, လွန်သန့်ရှင်း၍, မင်းမင်းပြည်သူ, ကြည်ဖြူကော်ရော်, အလှူတော်မှန်, ပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း၊ အရဟံ-အရဟံဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန် အဓိပ္ပါယ်
အရဟံ ဂုဏ်တော်သည်-
၁။ "ကိလေသာတို့မှ ဝေးကွာတော်မူ၏"ဟူသော အနက်၊
၂။ "လှူဒါန်းပူဇော်သမျှကို ခံယူတော်မူထိုက်၏"ဟူသော အနက်ကိုပြသည်။
တစ်ထောင့်ငါးရာ,ကိလေသာတို့
ပုထုဇဉ်တို့၏ သန္တာန်၌ ကိလေသာသည် အကျဉ်းအားဖြင့် ဆယ်ပါးရှိ၏၊ အကျယ်အားဖြင့် တစ်ထောင့်ငါးရာ ရှိ၏။
(ထို ၁၅၀၀ တွက်ပုံကို အလိုရှိက သင်္ဂြိုဟ်သင်ဖူးသူများကို မေးပါ၊ အခြေပြုသင်္ဂြိုဟ် သမုစ္စည်းပိုင်းမှာလည်း ပြထားသည်။)
ဝါသနာဓလေ့ အထုံငွေ့မျှ
သတ္တ၀ါတို့၏သန္တာန်၌ အငွေ့အသက် ထုံလျက်ပါသော ကိလေသာတို့၏ သတ္တိကို "၀ါသနာ=အထုံ" ဟုခေါ်သည်၊ ရဟန္တာများသန္တာန်၌ ကိလေသာကုန်သွားသော်လည်း ဘ၀ဆက်တိုင်းကပါလာသော အထုံဝါသနာမှာ မကုန်တတ်ချေ၊ ဥပမာ-စူးရှသော အရက်ထည့်ရာပုလင်းမှ အရက်ကုန်သွားသော်လည်း အရက်အနံ့ အထုံမပျောက်သကဲ့သို့တည်း၊ ဘုရားရှင်ကား ထိုကိလေသာတွေကို အငွေ့အသက် အထုံဝါသနာ ပျောက်ကင်းအောင် ပယ်တော်မူပြီးဖြစ်၍ စိတ်တော်အစဉ်သည် အမြဲအားဖြင့် ၀င်းဝင်းဖိတ်ဖိတ် အရောင်တောက်နေသလို ကြည်လင်သန့်ရှင်းတော်မူပေသည်။
ပူဇော်ခံထိုက်ပုံ
ထို့ကြောင့် အမိုက်သရိုက်ကင်း၍ သန့်ရှင်းသော ဥယျာဉ်လယ်ယာ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် သန်မာကြီးမား ထွားကျိုင်းဖွံ့ဖြိုး အကျိုးများသောကြောင့် ထိုမြေမျိုး၌သာ စိုက်ပျိုးကြဲချသင့်သကဲ့သို့ ထို့အတူ ကိလေသာအနောက်အကျုမရှိသဖြင့် စိတ်တော်အစဉ် ကြည်လင်သော ဘုရားရှင်၌ လှူဒါန်းပူဇော်ခြင်းဟူသော မျိုးစေ့များကို ကြဲချစိုက်ပျိုးလိုက်လျှင် ရည်ရွယ်သလောက် အကျိုးရနိုင်သောကြောင့် ရှင်တော်ဘုရားသည် လှူဒါန်းပူဇော်သမျှကို ကောင်းစွာ ခံယူတော်မူထိုက်ပါပေသည်။
ဤသို့ အမင်းမင်းတို့၏ ပူဇော်ခြင်းကို ခံယူတော်မူထိုက်သော "အရဟံ" ဂုဏ်တော်ကြောင့် ဘုရားရှင်လက်ထက်တော်အခါ၌ "သဟမ္ပတိ" ဗြဟ္မာမင်းကြီးသည် မြင်းမိုရ်တောင်မျှ ပမာဏရှိသော ရတနာပန်းကုံးကြီးဖြင့် ပူဇော်ဖူးလေပြီ၊ "ဗိမ္ဗိသာရ"မင်းလည်း ဝေဠုဝန်ကျောင်းတိုက်တော်ကြီးဖြင့် ပူဇော်ဖူးလေပြီ၊ ပရိနိဗ္ဗာန် စံတော်မူပြီးမှလည်း "ဓမ္မသောက" မင်းသည် ၉၆-ကုဋေသော ဥစ္စာတို့ကို (စုတေခါနီးမှာ ၄-ကုဋေထပ်ဖြည့်၍ ကုဋေတစ်ရာဥစ္စာတို့ကို) အကုန်အကျခံလျက် ရှစ်သောင်းလေးထောင်သော ကျောင်းတို့ဖြင့် ရှင်တော်မြတ်ဘုရားကို ရည်မှန်း၍ ပူဇော်ဖူးလေပြီ။
ယခုအခါ ဗုဒ္ဓဘာသာဝင်တို့၏ အလှူဒါနပြုမူတို့၌လည်း ဘုရားရှင်ကို ကြည်ညိုမူက အရင်းခံလျက်ရှိ၏၊ ယခုတိုင်အောင် အပူဇော်ခံနေရပါသည်ဟူလို၊ ဤသို့လျှင် ဘုရားရှင်၏ "အရဟံ" ဂုဏ်တော်ရနံ့သည် လူအဆင့်ဆင့် နတ်အဆင့်ဆင့် သင်းပျံ့လျက် ဗြဟ္မာ့ပြည်တိုင်အောင် ပျံ့နှံ့မွှေးကြူပါသည်။
တိုက်တွန်းချက်
ဘုရားရှင်၏ "အရဟံ"ဂုဏ်တော်ကို အောက်မေ့ကြည်ညိုသူသည် ပြအပ်ခဲ့သော ဘုရားရှင်၏ ပုံတော်အတွင်း၌ ရင်ချိုင့်အလယ် နှလုံးအိမ်ဝယ် ဘုရားရှင်စိတ်တော်၏ ကိလေသာအနောက်အကျုတို့မှ ကင်းသဖြင့် သန့်ရှင်းကြည်လင်တော်မူပုံကို ထင်မြင်အောင် အာရုံပြုပါ၊ ထိုကြည်လင်သော စိတ်တော်ကို အတုယူကာ မိမိစိတ်၌လည်း လောဘ, ဒေါသ, မာန်မာနနှင့် ဣဿာ မစ္စရိယစသော ကိလေသာအနောက်အကျု ကင်းစင်၍ အမြဲကြည်လင် သန့်ရှင်းအောင် သတိထားကြပါလေ၊ ဤသို့ ဘုရားရှင်၏ ကိလေသာကင်း၍ စိတ်တော်သန့်ရှင်းမူကို အာရုံပြုဖန်များလာလျှင် ထိုသန့်ရှင်းမူသည် မိမိစိတ်၌ ဓာတ်သဘောကူးစက်၍ မိမိမှာလည်း သန့်ရှင်းသောစိတ်များ ဖြစ်လာပါလိမ့်မည်၊ ဥပမာ-သူတော်ကောင်းနှင့် ပေါင်းသူသည် သူတော်ကောင်း ဖြစ်သကဲ့သို့တည်း။
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
(၂) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန-သဗ္ဗဉ်ဥာဏ်အား, စွမ်းပကားဖြင့်, များသင်္ခါရ,ဝိကာရ နှင်.လက္ခဏ,ပညတ်, နိဗ္ဗာန်ဓာတ်ဟု, ငါးရန်သိရန်, ဥေယျဓမ်ကို, ဖောက်ပြန်မရှိ, ကိုယ်တော်တိုင် သိတော်မူသော ဤအကြာင်းကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။ 
ကြည့်ရူရန် အဓိပ္ပာယ်
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်သည် "အလုံးစုံသောတရားကို ကိုယ်တော်တိုင် သိမြင်တော်မူနိုင်၏"ဟူသော အနက်ကို ပြသည်။ (သမ္မာ + သံ + ဗုဒ္ဓ-သမ္မာ=မဖောက်မပြန်(အမှားမရှိအောင်) + သံ=ကိုယ်တော်တိုင်+ ဗုဒ္ဓ=သိတော် မူနိုင်သည်။)
သဗ္ဗဉ်ဥာဏ်အား, စွမ်းပကားဖြင့်
ဘုရားရှင်သည် သဗ္ဗညုတဥာဏ်ကိုရဖို့ရန် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ကောင်းမူ ပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည့် အားလျော်စွာ ဘ၀အဆင့်ဆင့် ရင့်လာသော ပညာသည် ဘုရားဖြစ်သည့်အခါ သဗ္ဗညုတဥာဏ်တော်အဖြစ်သို့ရောက်၍ လွန်စွာအစွမ်းသတ္တိ ထက်မြက်ပါပေသည်။
ယခုလောက၌ သေးငယ်သောမြူမူန်တို့ကို လူအပေါင်းတို့ ၀ိုင်း၍ကြည့်သောအခါ မျက်စိကောင်းသူများသာ မြင်၍ မျက်စိမူန်သူတို့ကား ဘယ်လိုပင် ကြည့်သော်လည်း မမြင်ရတော့ဘဲ မျက်စိကွယ်နေသူတို့မှာ ဆိုဖွယ်ရာမရှိတော့သကဲ့သို့, ထို့အတူ သိဖွယ်အာရုံများကို သတ္တ၀ါဟူသမျှတို့ သိရှိဖို့ရန် အားထုတ်ကြပါသောလည်း ပင်ကိုယ်ဥာဏ်မျက်စိရှိသလောက်သာ သိမြင်နိုင်ကြသည်၊ လုံးလုံးဥာဏ်မျက်စိ မရှိသူတို့မှာ အရှေ့, အနောက်, တောင်, မြောက်နှင့် တင်းတောင်း ပမာဏကိုမျှ မသိနိုင်ကြပေ။
ဗုဒ္ဓရှင်တော်၏ ဥာဏ်တော်သည်ကား သိသင့်သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှယှဉ်မရအောင် ရှင်းရှင်းလင်းလင်း သိတော်မူပါသည်၊ ထိုသိဖွယ်တရားများကို "ဥေယျဓမ်"ဟု ခေါ်၏။ (ဥေယျ= သိသင့်သိထိုက်သော + ဓမ်=ဓမ္မ- တရား။)
ေဥယ်ဓမ္တရား ၅-ပါးကား
၁။ သင်္ခါရ=စိတ်စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ဖန္နရုပ်များ။
၂။ ၀ိကာရ=၀ိကာရရုပ် ငါးပါး။
၃။ လက္ခဏ=လက္ခဏရုပ် လေးပါး။
၎။ ပညတ်=လူ နတ် ဗြဟ္မာ ဆင်မြင်း ကျွဲ နွား တော တောင် ရေ မြေ စသော ပညတ်များ။
၅။ နိဗ္ဗာန်=ရုပ်နာမ်ပညတ်မှတစ်ပါး ငြိမ်းအေးသော ဓာတ်ကြီးတစ်မျိုး။ (ဤ ငါးမျိုးမှတစ်ပါး သိဖွယ်ရာ မရှိပြီ၊ ၀ိကာရနှင့်လက္ခဏကို ရုပ်ချင်းတူပါလျက် ခွဲထားသည်မှာ ပရမတ်အစစ် မဟုတ်သောကြောင့်တည်း။) ဤဥေယျဓမ်ငါးပါးသည် ဇိနာလင်္ကာရဋီကာ အသာဓာရဏကထာ၌ပါသည်။
ဖောက်ပြန်မရှိ, ကိုယ်တော်တိုင်သိ
ဤဥေယျဓမ်တရား ငါးပါးကို ဘုရားရှင် သိတော်မူရာ၌ ဖောက်ပြန်မှားယွင်းသွားသည်ဟူ၍ မရှိ၊ နည်းပေးလမ်းပြမည့် ဆရာလည်း မရှိ၊ ကိုယ်တော်တိုင် သိတော်မူပေသည်၊ ဤနေရာဝယ် ရပ်တန့်၍ စာဖတ်သူသည် ဗုဒ္ဓရှင်တော်မြတ်၏ သပ္ပါယ်သော ရုပ်အဆင်းတော်အတွင်း၌ "အရဟံဂုဏ်တော်"အရ စိတ်တော်၏ ကြည်လင်သန့်ရှင်းနေပုံ, ထိုကြည်လင်နေသော စိတ်တော်အစဉ်ဝယ် အလွန်ထက်မြက်သော ဥာဏ်တော်တည်နေပုံကို အာရုံယူကာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများကြပါလေ။
တိုက်တွန်းချက်
အသိ အလိမ္မာ ဥာဏ်ပညာ ဟူသည် အလွန်အရေးကြီး၏၊ ပညာသင်ရာဝယ် ဆရာတစ်ဦးထံမှ အတူသင်ယူပါလျက် အတတ်ချင်းကွာခြားနေပုံကိုလည်းကောင်း, စီးပွားဥစ္စာရှာဖွေရာဝယ် အရင်းအနှီးချင်းတူပါလျက် ဥာဏ်ရှိသူမှာ ကြီးပွား၍ ဥာဏ်နည်းသူမှာ မကြီးပွားနိုင်ဘဲ ဥာဏ်မရှိသူမှာ ဆုံးရူံးရပုံကိုလည်းကောင်း, မိဖချင်းတူပါလျက် အချို့သားသမီးများလိမ္မာ၍ အချို့ ယုတ်မာပုံကိုလည်းကောင်, ထိုကဲ့သို့ ကွာခြားသည့်အားလျော်စွာ လောကီဆိုင်ရာနှင့် သံသရာရေးတို့၌ ဥာဏ်ရှိသူကား ကြီးကျယ်ထွန်းကား, ဥာဏ်မရှိသူကား ပျက်ပြားနစ်မွန်းရပုံကိုလည်းကောင်း စဉ်းစား၍ ဤ "သမ္မာသမ္ဗုဒ္ဓ" ဂုဏ်တော်ကို ကြည်ညိုကာ မိမိ၏ပညာပါရမီကို အမြဲတိုးပွားအောင် ကြိုးစားကြပါလေ။
ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်အဖွင့် (ကျက်မှတ်ရန်)
(၃) သော ဘဂ၀ါ -ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်, ဣတိပိ ဣမိနာစ ကာရဏေန-သုံးပါး ရှစ်ပါး,၂-မျိုးအားဖြင့်, ဟောထားပညာ, ဥာဏ်ဝိဇ္ဇာတည်း၊ နိဗ္ဗာနဓာတ်, အမြိုက်ရပ်သို့, ဆိုက်ကပ်ရန်ဖြင့်, အမှန်သင့်သည့်, အကျင့်စရဏ, ဆယ့်ငါးဝနှင့်, တကွဥဿုံ, ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ၀ိဇ္ဇာစရဏ သမ္ပန္နော-၀ိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန်အဓိပ္ပာယ်
ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်သည် "၀ိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံတော်မူ၏"ဟူသော အနက်ကို ပြ၏။ (၀ိဇ္ဇာ=အသိဥာဏ် + စရဏ=အကျင့် + သမ္ပန္န=ပြည်စုံ၏။) 
သုံးပါး, ရှစ်ပါး-ဥာဏ်ဝိဇ္ဇာတည်း။   ။အသိဥာဏ်ပညာဟူသော ၀ိဇ္ဇာကို အချို့ သုတ္တန်ဒေသနာတော်၌ ၃-ပါး၊ အချို့ သုတ္တန်ဒေသနာတော်၌ ၈-ပါးဟု ၂-မျိုးအားဖြင့် ဟောထားတော်မူသောကြောင့် "၀ိဇ္ဇာသုံးပါး, ၀ိဇ္ဇာရှစ်ပါး"ဟု ကွဲနေသည်။
 ဆောင် - သုံးပါး ၀ိဇ္ဇာ, ပု-ဒိ-အာနှင့်, ဝိဇ္ဇာရှစ်ရပ်, ၀ိပသ်စေတော့, မနောမယိဒ်, ဒိနှင့်ဣဒ်, ထည့်သိပ်ရေတွက်လေ။
ဗုဗ္ဗေနိဝါသာနုဿတိဥာဏ်။ ။ ရှေးရှေးဘ၀၌ ကြုံတွေ့ခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သောဥာဏ်။ 
ဒိဗ္ဗစက္ခုဥာဏ်။ ။နတ်မျက်စိကဲ့သို့ ဝေးကွာသော အဆင်း, သေးငယ်သော အဆင်းကို မြင်နိုင်သောဥာဏ်။ 
အာသ၀က္ခယဥာဏ်။ ။ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဥာဏ်။ 
ဝိပဿနာဥာဏ်။ ။"အနိစ္စ ဒုက္ခ အနတ္တ"ဟု ရုပ်နာမ်တရားအားလုံးကို သိမြင်နိုင်သောဥာဏ်။
စေတောပရိယဥာဏ်။ ။သူတစ်ပါး၏ စိတ်ကိုသိနိုင်သောဥာဏ်။ 
မနောမယိဒ္ဓိဥာဏ်။ ။မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တစ်မျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သောဥာဏ်။
ဒိဗ္ဗသောတဥာဏ်။ ။နတ်တို့၏ နားကဲ့သို့ ဝေးသော အသံ, သေးငယ်သော အသံကို ကြားနိုင်သောဥာဏ်။ 
ဣဒ္ဓိဝိဓဥာဏ်။ ။ မြေလျှိုး မိုးပျံ စသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဥာဏ်၊ ရှေ့ ၃-ပါးတွင် ဤငါးပါးကိုထည့်လျှင် ၀ိဇ္ဇာရှစ်ပါးဖြစ်၏။ 
နိဗ္ဗာနဓာတ်-အကျင့်စရဏ။ ။မပျက်စီးနိုင်သောအရာကို "အမြိုက်"ဟု ခေါ်၏။ ထိုအမြိုက်နှင့်တူသော နိဗ္ဗာနဓာတ်သို့ ရောက်ဖို့ရန်ကျင့်သော အကျင့်ကို "စရဏ" ဟုခေါ်သည်။ 
 စရဏ ၁၅-ပါး 
ဆောင် - သဒ္ဓါ သတိ, ဟိရီသြတ္တ, ၀ီရိယနှင့်၊ 
သုတပညာ, ခုနှစ်ဖြာ, သဒ္ဓမ္မာ ဟုပြ။ 
ထိုသဒ္ဓမ္မာ, ခုနှစ်ဖြာနှင့်, ဘော ဇာ သီဣန်, 
ဈာန်လေးကြိမ်ထား, ဤဆယ့်ငါး, မှတ်သား စရဏ။ 
သဒ္ဓါ-"ကုသိုလ်-အကုသိုလ်ကံရှိသည်၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုးရှိသည်၊ ရတနာသုံးပါး ရှိသည်၊ နောင်ဘ၀ ရှိသည်"ဟု ယုံကြည်မူ။ 
သတိ-ကုသိုလ်ကောင်းမူ ဆိုင်ရာ၌ အမှတ်ရမူ။ 
ဟိရီ-ကောင်းမူ ဒုစရိုက်မှ ရှက်မူ။
သြတ္တပ္ပ-မကောင်းမူ ဒုစရိုက်မှ ကြောက်လန့်မူ။ 
ဝီရိယ-ကုသိုလ်ကောင်းမူကိစ္စ၌ အားထုတ်မူ။ 
သုတ-အကြားအမြင်များမူ။
ပညာ-အရာရာ၌ တတ်သိ လိမ္မာမူ။ 
ဤကား "သဒ္ဓမ္မ"ဟု ခေါ်အပ်သော သူတော်ကောင်းတရား ၇-ပါးတည်း၊ (သူတော်ဥစ္စာ၌ကား သတိနှင့် ၀ီရိယကို နူတ်ပြီးလျှင် သီလ(သီလစောင့်မူ)၊ စာဂ(စွန့်ကြဲလှူဒါန်းမူ)ထည့်၍ ရေတွက်ရသည်။)
ဘောဇနေမတ္တညုတာ။ ။စားသောက်ရာ၌ မိမိနှင့် သင့်မသင့် နိုင်းချင့်၍ အတိုင်းအရှည်သိမူ။ 
ဇာဂရိယာနုယောဂ။ ။ နိုးနိုးကြားကြား အိပ်မူ, အအိပ်အနေနည်းမူ။ 
သီလ။ ။ဆိုင်ရာသီလကို နေ့စဉ်စောင့်ထိန်းမူ။ 
ဣ္ကုန္ဒြိယသံဝရ။ ။ တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသ စသည် မဖြစ်စေဘဲ မျက်စိ နား နှာ စသော ဣနြေ္ဒမများကို ငြိမ်သက်အောင် စောင့်စည်းမူ။ 
ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပေါင်း စရဏ ၁၅-ပါး ဖြစ်၏။ 
"၀ိဇ္ဇာ"ဟူသော အသိဥာဏ်ရှိသော်လည်း "စရဏ"ဟူသော အကျင့်မရှိက နိဗ္ဗာန်မရနိုင်၊ "စရဏ"အကျင့်သာရှိ၍ "၀ိဇ္ဇာ"ဟူသာ အသိဥာဏ်မရှိလျှင် လမ်းမှန်မရောက်ဘဲ အလွဲကိုကျင့်နေသဖြင့် ခရီးမတွင်ဘဲရှိမည်၊ ရှင်တော်မြတ်ဘုရားကား အထွတ်အထိပ်ဖြစ်သော ၀ိဇ္ဇာ=ဥာဏ်, စရဏ=အကျင့်နှင့် ပြည့်စုံတော်မူပါပေသည်။ 
 တိုက်တွန်းချက် 
အရာရာ၌ အသိဥာဏ်ဖြင့် အမှန်ကို ကျင့်ကြံအားထုတ်မှသာ ထမြောက်နိုင်သည်၊ ယခုအခါ၌ကား အသိဥာဏ်ရှိပါလျက် သိသလောက် ကျင့်ကြံအားထုတ်မူ "စရဏ" မရှိသောကြောင့် အောက်ကျနောက်ကျ ဖြစ်နေသူတွေ များလှ၏။ ထို့ကြောင့် ဘုရားရှင်၏ "၀ိဇ္ဇာစရဏသမ္ပန္န"ဂုဏ်တော်ကို အာရုံပြုလျက် ကြည်ညိုပြီးလျှင် မိမိသန္တာန်၌ အသိရော အကျင့်ပါ ၂-ဖြာလုံး ပြည့်စုံအောင် ကြိုးစားသင့်ကြသတည်း။
သုဂတဂုဏ်တော်ဖွင့်(ကျက်မှတ်ရန်)
(၄) သော ဘဂ၀ါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒီပင်္ကရာ, ထွတ်ချာသနင်း, ခြေတော်ရင်းမှ, မှန်ကင်းသိရီ, ဗောဓိမဏ္ဍိုင်, ခန်းဝါပိုင်အောင်, ဆယ်ခိုင်ပါရမီ, စုံပြည့်ညီလျက်, သုံးလီဘ၀, များသတ္တ၏, သုခစီးပွား, ကျင့်သောအားဖြင့်, မိုက်မှားအယူ, မိစ္ဆာဟူက, ဆံမြူတစ်စိ, မကပ်ငြိဘဲ, သတိသမ္ပဇဉ်, မပြတ်ယှဉ်လျက်, သဗ္ဗဉ်ဥာဏ်တော်, ရကြောင်းရော်၍, ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း၊ သုဂတော-သုဂတဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီ၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား
ကြည့်ရူရန်အဓိပ္ပာယ်
သုဂတဂုဏ်တော်သည် "ကောင်းစွာကြွတော်မူခဲ့၏"ဟူသော အနက်ကိုပြသည်၊ (သု=ကောင်းစွာ + ဂတ=ကြွတော်မူခဲ့သည်။)
ထွတ်ချာသနင်း။ ။အထွတ်အထိပ် အချုပ်အခြာ မြင့်မြတ်သော ဘုရားရှင်။
မှန်ကင်းသိရီ။ ။ ပြသာဒ် စသည်တို့၏ အထွတ်၌ တပ်ထားအပ်သော တုရင်မှန်ကင်းကဲ့သို့ မိုမောက်နေသော မြေပေါ်ဝယ် ကျက်သရေရှိသော ဗောဓိပင်။
ဗောဓိမဏ္ဍိုင်။ ။ ဗောဓိပင်ပေါက်ရာ မြေအရပ်သည် ဇမ္ဗူဒိပ်ကျွန်း၏ အလယ်ဗဟို မဏ္ဍိုင်ဖြစ်သောကြောင့် ဗောဓိပင်ကိုလည်း "မဏ္ဍိုင်"ဟု ဆိုသည်။ တစ်နည်း ဗောဓိပင်ကို သဗ္ဗညုတဥာဏ်၏ ကြည်လင်ရာဖြစ်၍ ဗောဓိမဏ္ဍိုင်ဟု ဆိုသည်၊ (ဤနည်း၌ "ကြည်လင်ခြင်း" အနက်ကိုဟောသော "မဏ္ဍာ"ဟူသော ပါဠိမှ မဏ္ဍိုင်ဖြစ်လာသည်ဟု ကြံပါ။)
ခန်းဝါပိုင်အောင်။ ။အရောင်အ၀ါရှိသော ခန်းဆောင်နေရာကို "ခန်းဝါ"ဟု ခေါ်သည်၊ ဤ၌ ဗောဓိပင်ကို အရောင်အ၀ါရှိသော အခန်းဆောင်ကဲ့သို့ ဥပမာပြုထားသည်၊ "ရောင်ဝါထိန်လျှမ်းသည့် အခန်းဆောင်သို့ရောက်လျှင် အင်မတန် အဖိုးတန်သော ရတနာကို ရသကဲ့သို့, သဗ္ဗညုတာဥာဏ်တည်းဟူသော အဖိုးတန်ရတနာကိုလည်း ဗောဓိမဏ္ဍိုင်တည်းဟူသော နေရာ၌ ရတော်မူသည် "ဟူလို။
ဘုရားရှင်သည် ဘုရားဆုပန်တော်မူရာ ဒီပင်္ကရာထွတ်ချာသနင်း တရားမင်း၏ ခြေတော်ရင်းမှစ၍ "ဗောဓိမဏ္ဍိုင်"တည်း ဟူသော ခန်းဝါဆောင်နန်းကို စိုးပိုင်စံမြန်းတော်မူလျက် ဘုရားဖြစ်သည့်တိုင်အောင် (ကာမ, ရူပ, အရူပအားဖြင့် ဘ၀သုံးပါး၌ရှိသော) သတ္တ၀ါအများ၏ စီးပွားချမ်းသာအလို့ငှာ ပါရမီဆယ်ပါးကို အစုံအညီ ဖြည့်ကျင့်တော်မူခဲ့ပေသည်။
ထိုဖြည့်ကျင့်စဉ်အခါ၌ မိုက်မှားသော မိစ္ဆာဒိဋ္ဌိ အယူဆိုးကြီးများလည်း ကိုယ်တော်၏သန္တာန်၌ တစ်ဆံခြည်မျှ မြူမူန်ကလေးမျှ တစိုးတစိ မကပ်ငြိရအောင် လေးအသေင်္ချနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဘ၀ဆက်တိုင်း လွန်ကဲသော သတိ "သမ္ပဇဉ်"ဟု ခေါ်အပ်သော ပညာတရားတို့ကို အမြဲလက်ကိုင်ထားတော်မူ၍ သဗ္ဗညုတာဥာဏ်တော်သခင် ဘုရားရှင်အဖြစ်သို့ ရောက်ဖို့ရန်သာ ဖြောင့်ဖြောင့်မှန်မှန် ကျင့်ကြံတော်မူခဲ့ပေသည်၊ (ဤနေရာ၌ ရပ်တန့်၍ "ဘုရားရှင်သည် ပါရမီဖြည့်တော်မူစဉ်က မိစ္ဆာအယူကို မယူမိအောင် သတိနှင့်ဥာဏ် အမြဲရှိပုံကို" အာရုံပြုလိုက်ပါ။)
တိုက်တွန်းချက်
သာသနာပအခါဝယ် မိစ္ဆာအယူမှားတွေ လွန်စွာ လွှမ်းမိုးလာမည်ဖြစ်၍ ဘုရားရှင်၏ သုဂတဂုဏ်တော်ကို ကြည်ညိုပြီးလျှင် မိမိတို့လည်း မိစ္ဆာအယူဟူသမျှ ဘ၀ဆက်တိုင်း မကပ်ငြိ မယူမိအောင် သတိပညာတရားကို သန်သန်ကြီးထားတတ်ကြဖို့ရန် "ကုသိုလ်ကံ အကုသိုလ်ကံရှိ၏၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုးရှိ၏"ဟု ကံနှင့်ကံ၏အကျိုးကို နားလည်သော "ကမ္မဿကတာဥာဏ်"ကို မိမိသန္တာန်၌ဖြစ်အောင် ပထမကြိုးစားသင့်၏။
ထို့နောက် "ဤခန္ဓာကိုယ်၌ ရုပ်တရား နာမ်တရားသာ ရှိ၏"ဟု သိအောင် ဆရာသမားအထံ မေးမြန်း၍ ထိုရုပ်နာမ်၏ အနိစ္စ, ဒုက္ခ, အနတ္တဖြစ်ပုံကို နားလည်သော ၀ိပဿနာဥာဏ်ဖြစ်အောင် ကြိုးစားပါ၊ ထိုသို့သိလျှင် ပါရမီဖြည့်လိုသော သို့မဟုတ် ကမ္မဋ္ဌာန်းအားထုတ်လိုသော ဆန္ဒပြင်းပြ၍ မိစ္ဆာအယူသာမက ဂုဏ်ပကာသနစိတ်တွေပါ ကင်းဝေးသွားပါလိမ့်မည်။
လောက၀ိဒူ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
(၅) သော ဘဂ၀ါ- ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္တောကာသ, သင်္ခါရဟု, လောကသုံးဘုံ, အလုံးစုံကို, အာရုံထင်စွာ, ပိုင်းခြားကာဖြင့်, ကောင်းစွာကုန်စင်, သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း၊ လောက၀ိဒူ-လောက၀ိဒူဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန် အဓိပ္ပါယ်
လောက၀ိဒူဂုဏ်တော်သည် "လောကအားလုံးကို သိမြင်တော်မူနိုင်ပေ၏"ဟူသော အနက်ကို ပြသည်။ (လောက=ကမ္ဘာလောကကြီးကို + ၀ိဒူ=သိတော်မူနိုင်သည်။)
လောကသုံးပါး သတ္တလောက, သြကာသလောက, သင်္ခါရလောကဟု လောကသုံးပါးရှိ၏၊ သက်ရှိသတ္တ၀ါအပေါင်းသည် သတ္တလောကမည်၏၊ သတ္တ၀ါတို့၏ တည်နေရာဘုံဌာနသည်လည်းကောင်း, ဘုံမရှိသော နေရာဌာနသည်လည်းကောင်း သြကာသလောကမည်၏၊ ရုပ်တရား, နာမ်တရားအားလုံးသည် သင်္ခါရလောကမည်၏။
သတ္တလောက သိတော်မူပုံ 
"ဤကမ္ဘာလောကကြီး၌ အပါယ်လေးပါးတွင် ခြတောင်ပို့တစ်ခု၌ ခြသတ္တ၀ါပေါင်းများစွာ, ပုရွက်တွင်း တစ်တွင်း၌ ပုရွက်သတ္တ၀ါပေါင်းများစွာ, ငါးဥတစ်ဥ၌ ငါးသတ္တ၀ါလေးတွေများစွာ, ပြိတ္တာသတ္တ၀ါတွေများစွာ, ငရဲသတ္တ၀ါတွေများစွာ, လူနတ်ဗြဟ္မာသတ္တ၀ါတွေ များစွာရှိသည်"ဟု သိမူမှာ ဆန်းကျယ်လှသည် မဟုတ်ပါ၊ ဘုရားရှင်ကား ထိုသိမူမျိုးထက် လွန်၍ သတ္တ၀ါတစ်ယောက်ကို "ဤသူသည် စရိုက်အမျိုးမျိုးတွင် မည်သည့်စရိုက်က လွန်ကဲနေ၏၊ အနုသယအမျိုးမျိုးတွင် မည်သည့်အနုသယက ထက်သန်နေ၏၊ ပင်ကိုယ်ဆန္ဒ ညံ့ဖျင်း၏၊ သို့မဟုတ် ထက်သန်၏၊ သဒ္ဓါစသော ဣနြေ္ဒ ၅-ပါးတွင် မည်သည့် ဣနြေ္ဒက ညံ့သေး၏"စသည်ဖြင့် သိတော်မူပါသည်။
ထိုသို့ သိတော်မူရာ၌ အတွေးအဆအားဖြင့် မှန်းဆ၍ သိတော်မူခြင်း မဟုတ်၊ ဆရာဝန်သည် ပြဒါးတိုင်ဖြင့် လူနာ၏ အပူဒီဂရီကို ချိန်ကြည့်သောအခါ တက်သောအပူဒီဂရီကို သိနိုင်သကဲ့သို့ ထို သတ္တ၀ါ၏ အတွင်းဓာတ် အခြေအနေအားလုံးကို ကွဲကွဲပြားပြားနှင့် ထင်ရှားစွာ သိမြင်တော်မူနိုင်ပါသည်။ (စရိုက်-အနုသယ- ဣနြေ္ဒတို့၏ အကြောင်းများမှာ အဘိဓမ္မာနှင့် သက်ဆိုင်သောကြောင့် မိမိတို့လေ့လာနေကျ အဘိဓမ္မာကျမ်းစာများ၌ ရှာဖွေကြည့်ရူ၍လည်းကောင်း, မေးမြန်း၍လည်းကောင်း သိပါလေ။)
သြကာသလောက သိတော်မူပုံ 
သတ္တ၀ါတို့နေရာ ကမ္ဘာလောကကြီး တည်နေပုံကိုပြရာ၌ ကျမ်းဂန်အဆိုသည် ယခုခေတ် လောကဓာတ်ဆရာတို့၏ အယူအဆနှင့် မတူမျှဘဲရှိနေ၏၊ ကမ္ဘာတည်နေဟန်ကို ပါဠိကျမ်းဂန်များ၌ ဆိုပုံကား - ဤကမ္ဘာမြေကြီးသည် အထု(အထူ)အားဖြင့် ယူဇနာပေါင်း ၂-သိန်း ၄-သောင်း ရှိ၏၊ အထက်တစ်ဝက်သည် ပကတိမြေသားဖြစ်၍ အောက်တစ်ဝက်မှာ ကျောက်မြေသား ဖြစ်သတဲ့၊ ဤမြေကြီး၏အောက်၌ ယူဇနာ ၄-သိန်း ၈-သောင်းထူသော ရေပြင်ကြီး တည်ရှိ၏၊ "ရေပြင်"ဟုဆိုသော်လည်း အရည်ဟုတ်ဟန်မတူ၊ အလွန်အေး၍ ခဲနေသော ရေခဲတုံးကြီးဖြစ်ဟန်ရှိ၏၊ မြေအထုထက် ၂-ဆလောက်ထူသော ရေခဲတုံးကြီးက မြေအပြင်ကို ပင့်မြှောက်ခံယူထားနိုင်သည်မှာ အံ့သြစရာမရှိတော့ပြီ၊ ထိုရေပြင်ကြီးကိုကား ယူဇနာ ၉-သိန်း ၆-သောင်းထူသော လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခတ်လျက်ရှိ၏၊ ဤလေပြင်ကြီး အောက်၌လည်း မဆုံးနိုင်အောင် ဟင်းလင်းဟာလာ အာကာသကောင်းကင် ရှိလေသည်၊ ဤကား ကမ္ဘာမြေကြီး၏ အောက်ပိုင်းမြေပုံတည်း။
စကြ၀ဠာတစ်ခုဟု သတ်မှတ်အပ်သော ဤကမ္ဘာမြေကြီး၏ အ၀န်းယူဇနာမှာ သုံးသန်းခြောက်သိန်း တစ်သောင်းသုံးရာ့ငါးဆယ်ရှိ၏၊ ကမ္ဘာမြေ၀န်းကို ကျောက်တောင်ကြီးများက တံတိုင်းခတ်သလို ရံပတ်၍နေ၏၊ ထိုကျောက်တောင်ကြီးများ ဆက်စပ်၍ ရံပတ်နေသည်ကိုပင် စကြ၀ဠာမဟာရံတံတိုင်းဟု ခေါ်စမှတ်ပြုကြ၏၊ ဤကမ္ဘာမြေ၀န်း၏ အတွင်း၌ကား သမုဒ္ဒရာရေပြင်ကြီး ရှိ၏၊ ထိုရေပြင်၏ အနက်ဆုံးနေရာသည် ယူဇနာ ၈-သောင်း ၄-ထောင်, ရေ၏အတွင်း၌ ယူဇနာရှစ်သောင်း လေးထောင်ရှိ၍ ယူဇနာပေါင်း ၁-သိန်း ၆-သောင်း ၈-ထောင် မြင့်သော မြင်းမိုရ်တောင် တည်ရှိ၏၊ ထိုမြင့်မိုရ်တောင်၏ ပတ်ဝန်းကျင်၌ "သီဒါ"ခေါ်သော မြစ်တစ်ခုခြား၍ မြင်းမိုရ်တောင်၏ အောက်တစ်ဝက်လောက်နိမ့်သော ယုဂန္ဓိုရ်တောင် တည်ရှိ၏၊ ဤနည်းအတိုင်း "သီဒါမြစ်"တစ်ခု ခြားကာခြားကာ တောင်စဉ် ခုနှစ်ထပ် မြင်းမိုရ်တောင်ကို ရံပတ်၍ တည်လေသည်။ ထိုမြင်းမိုရ်တောင်နှင့် တောင်စဉ်ခုနှစ်ထပ်တို့၏ လေးမျက်နှာ အရပ်ရှိ ရေလယ်ခေါင်၌ ကျွန်းကြီး ကျွန်းငယ် အသွယ်သွယ် ပေါ်ထွန်းလျက်ရှိ၏၊ ထိုကျွန်းမြေကို အရှေ့ကျွန်း, တောင်ဘက်, အနောက်ဘက်, မြောက်ဘက်တို့၌ပေါ်ထွန်းသော ကျွန်းမြေများကို တောင်ကျွန်း, အနောက်ကျွန်း, မြောက်ကျွန်းဟု ခေါ်သည်။
ထိုမြင်းမိုရ်တောင်၏ ထက်ဝက်လောက်၌ ယုဂန္ဓိုရ်တောင်ထိပ်နှင့် ညီမျှသောအရပ်ဝယ် စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏၊ မြင်းမိုရ်တောင်ထိပ်လောက်၌ တာဝတိံသာနတ်ပြည် တည်ရှိ၏၊ ဤနတ်ပြည် နှစ်ထပ်သာလျှင် မြေနှင့်ဆက်စပ်လျက်ရှိသည်၊ ယာမာ, တုသိတာ, နိမ္မာနရတိ, ပရနိမ္မတ၀သ၀တ္တီနတ်ပြည်နှင့် အထက်ဗြဟ္မာဘုံတို့ကား မြေနှင့်မဆက်စပ်ဘဲ ကောင်းကင်အရပ်မှာပင် တည်ရှိကြ၏။ ဤကား ကမ္ဘာအထက်ပိုင်း မြေပုံတည်း။ (လောကဓာတ်ဆရာတို့၏ ကမ္ဘာ့မြေပုံကို လောကဓာတ်ကျမ်းစာများ၌ ရူပါ။)
ဤဘုံအမျိုးမျိုးတို့ တည်နေဟန်နှင့်တကွ နတ်ဗြဟ္မာတို့ စံစားပုံကို ရိုက်နှိပ်ပြီး "သင်္ဂြိုဟ်ဘာသာဋီကာ"နှင့် ဒုတိယအကြိမ်ရိုက် "ကိုယ်ကျင့်အဘိဓမ္မာ"တို့၌ထည့်သွင်း ပြထားပြီ၊ ဤပြခဲ့သော ကမ္ဘာကဲ့သို့ အခြားသော စကြ၀ဠာကမ္ဘာကြီးများလည်း မရေတွက်နိုင်အောင် များမြောင်စွာရှိသေး၏၊ ဘုရားရှင်သည် ထိုပြအပ်ခဲ့သော စကြ၀ဠာ ကမ္ဘာလောကဓာတ်ကြီးများကိုလည်း အကုန်အစင် သိမြင်တော်မူနိုင်ပေသည်။
သင်္ခါရလောကကို သိမြင်တော်မူပုံ 
ရုပ်နာမ်တရားတွေ ပေါင်းစပ်နေသည်ကို "ပုဂ္ဂိုလ်, သတ္တ၀ါ, သူ, ငါ, ယောက်ျား, မိန်းမ, အထီး, အမ စသည်ဖြင့် ခေါ်ဝေါ်ကြရသည်၊ ထိုရုပ်နာမ်ကို ဖယ်ထားလျှင်, သို့မဟုတ် ရုပ်နာမ်အားလုံး အဆုံးသတ်ချုပ်သွားလျှင်, ပုဂ္ဂိုလ်, သတ္တ၀ါ, သူ, ငါဟူ၍ မရှိတော့ပြီ၊ ခန္ဓာကိုယ်၌ မြေဓာတ်, ရေဓာတ်, လေဓာတ်, မီးဓာတ်ဟု အမာခံဓာတ်ကြီး ၄-ပါးရှိ၏၊ ထိုအမာခံဓာတ်ကြီး ၄-ပါးကို မွမ်းမံခြယ်လှယ်သော အမွှန်းတင်ရုပ်များလည်း ရှိ၏။
ထိုရုပ်အစိတ်အစိတ်ကလေးတွေ ပေါင်းစပ်၍နေသော အစုအခဲကို "ရုပ်ကလာပ်"ဟုခေါ်၏၊ ရုပ်ကလာပ်မူန့် တစ်ခုတစ်ခုသည် ပကတိမျက်စိတို့ဖြင့် မမြင်ရလောက်အောင် သိမ်မွေ့သေးငယ်၏၊ "လောကဓာတ်ဆရာတို့သည် သူတို့၏ မှန်ပြောင်းအားဖြင့် အသေးအမွှားဆုံး ရုပ်မူ့ကလာပ်များကို မြင်နိုင်၏"ဟု ဆိုသော်လည်း ကလာပ်တစ်ခုတည်းကို မြင်ရသည်မဟုတ်၊ ကလာပ်မူန့်ကလေးတွေ အတော်များများ ပေါင်းစပ်နေသည်ကိုသာ မြင်သည်၊ ကလာပ်တစ်ခုတစ်ခု၌ "ပထ၀ီ အာပေါ တေဇော ၀ါယော ၀ဏ္ဏ ဂန္ဓ ရသ သြဇာ" ဤရုပ် ၈-ခု စုပေါင်းနေကြောင်းသိဖို့ကား လောကဓာတ်ပညာ၏ အရာမဟုတ်တော့ပြီ၊ ဘုရားရှင်ကား ထိုကဲ့သို့ အသေးအမွှား ရုပ်ကလေးများအပြင် ထိုရုပ်ကလေးများ ဖြစ်ပေါ်လာဖို့ အကြောင်းနှင့်တကွ လက္ခဏကိစ္စတို့ကိုပါ အကုန်အစင် သိမြင်တော်မူနိုင်ပေသည်။
ထို့ပြင် ထိုရုပ်ကလာပ်ကလေးတွေ စုပေါင်း တွေခဲနေသဖြင့် သတ္တ၀ါဟု ခေါ်သော ဤခန္ဓာကိုယ်အတွင်း၌ စိတ်, စေတသိက်ဟူသော နာမ်တရားရှိသေး၏၊ ထိုနာမ်တရား၏ အစွမ်းကြောင့် အဆင်း, အသံ, အနံ့, အရသာ, အတွေ့နှင့် သိဖွယ်ဟူသမျှကို သိမြင်ကြရပေသည်၊ ထိုနာမ်တရားတို့၏ အကြောင်းကိုကား လောကဓာတ်ပညာရှိတို့ ထိမိအောင်သိဖို့ကို မဆိုထားဘိ၊ ဖဿ, ဝေဒနာ, သညာစသော နာမည်ကိုပင် မသိမြင်နိုင်ကြတော့ချေ။
ရှင်တော်ဘုရားကား ထိုနာမ်တရားတို့ ဖြစ်ခြင်း၏အကြောင်းနှင့်တကွ လက္ခဏကိစ္စတို့ကိုပါ အကုန်အစင် သိမြင်တော်မူနိုင်ပေသည်၊ ဤသို့ ရှင်တော်ဘုရားသည် သတ္တလောက, သြကာသလောက, သင်္ခါရလောကတို့ကို အကုန်အစင် သိမြင်တော်မူရကား "အလွန့်အလွန် သိနိုင်ပါပေ၏"ဟု ချီးကျူးရသော ဗြဟ္မာမင်းတို့ကပင် ဘုရားရှင်ကို "လောက၀ိဒူ=လောကအားလုံးကို သိမြင်တော်မူသော ဘုရား"ဟု ဦးထိပ်ပေါ်တွင် မြှောက်တင်ကိုးကွယ်ကြပေသည်။
တိုက်တွန်းချက် 
ဘုရားရှင်၏ လောကသုံးပါး သိတော်မူရာ၌ သတ္တလောကကို သိတော်မူခြင်းမှာ သတ္တ၀ါကို ချေချွတ်ဖို့အရေးဝယ် အလွန်အရာရောက်သော အချက်ပေတည်း၊ ဟောပြောချေချွတ်တော်မူရာ၌ ထိုသတ္တ၀ါတို့၏ ပင်ကိုယ်စရိုက် အနုသယနှင့် ဣနြေ္ဒ အနုအရင့်ကို နိုင်းချင့်ပြီးမှ သင့်တော်သော တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး၍ ချေချွတ်တော်မူပေသည်။ ဥပမာ-ဆေးကုကျွမ်းကျင်သော သမားတော်သည် သူနာ၏ရောဂါကို အခြေအမြစ်နှင့်တကွ သိပြီးမှ သင့်တော်သောဆေးကို တိုက်ကျွေးသကဲ့သို့တည်း၊ ထို့ကြောင့် ယခုသာသနာတော်တွင်း၌ တရားထူးမရကြသေးလျှင် နောင်ဘုရားရှင်တို့နှင့် တွေ့ကြုံသောအခါ လွယ်ကူစွာ ချေချွတ်ထိုက်သူဖြစ်အောင် ယခုနှယ်က ဆိုးဝါးသော အနုသယကိလေသာစသော ဣနြေ္ဒများ ရင့်သန်ထက်မြက်ဖို့ရန် ကြိုးစားကြပါကုန်။
ဤနေရာဝယ် စာဖတ်ရင်း ရပ်တန့်၍ ဘုရားရှင်၏ သပ္ပာယ်သော ရုပ်ပုံတော်၏ အတွင်း၌ သန့်ရှင်းသော စိတ်တော်မှာ ယှဉ်နေသော သဗ္ဗညုတဥာဏ်တော်ဖြင့် လောကအားလုံးကို သိတော်မူပုံ, မိမိကိုယ်တိုင် ဘုရားရှင်ကိုဖူးရလျှင် မိမိစိတ်ကိုကြည့်၍ မိမိနှင့်သင့်တော်သောတရားကို ဟောတော်မူမည့်ပုံ, ထိုတရားတော်နာရင်း တရားထူးရမည့်ပုံကိုပါ "မစားရ၊ ၀ကမန်း" အာရုံပြုလိုက်စမ်းပါ၊ လောက၌ နေမင်းသာ ပေါ်မထွက်လာလျှင် ခလုတ် ကန်သင်း ကုန်းကျင်း အရပ်တို့ကို ခွဲခြား၍မသိနိုင်ဘဲ သွားတိုင်း သွားတိုင်း တိုက်မိ ခိုက်မိ ကျင်းထဲကျဖွယ်ရှိသကဲ့သို့ ထို့အတူ ဘုရားရှင် နေမင်းသာ ပေါ်ထွက်၍မလာလျှင် ကုသိုလ် အကုသိုလ်ကို ခွဲခြား၍ မသိဘဲ အကုသိုလ်တွေကိုသာ ပြုမိကာ သတ္တ၀ါအများပင် အပါယ်လားဖို့ ရှိတော့သည်။
အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
(၆) သော ဘဂ၀ါ-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဆုံးမသင့်ရန်, သတ္တ၀ါမှန်သော်, ချောက်တနှ်လျှင်ချောက်, မြှောက်တန်မြှောက်၍, အောက်အောက် ထက်ဂုဏ်, ဆင့်ဆင့်စုံဖို့, ဖုံဖုံသင်ပေး, အစဉ်ဖေးလျက်, ယဉ်ကျေလေအောင်, သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ အနုတ္တရောပုရိသ ဒမ္မသာရထိ-အနုတ္တရောပုရိသဒမ္မသာရထိဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန်အဓိပ္ပါယ်
အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်သည် "ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးအောင် ဆုံးမမူ၌ အတုမရှိ စွမ်းနိုင်ပါပေသည်"ဟူသော အနက်ကိုပြသည်။ (အနုတ္တရော+ပုရိသဒမ္မ+သာရထိ၊ အနုတ္တရော=အတုမရှိမြတ်သည် + ပုရိသ=ယောက်ျား(သတ္တ၀ါ) + ဒမ္မ=ဆုံးမထိုက်သူ + သာရထိ=ဆုံးမနိုင်သည်။)
အောက်အောက်ထက်ဂုဏ်
အောက်အောက်
သီလဂုဏ်နှင့် အထက်ထက် ဈာန်မဂ်ဖိုလ်ဂုဏ်များ အဆင့်ဆင့်စုံလင်အောင် အဖုံဖုံသင်ပေးပြီးလျှင် အစဉ်အပြတ် ဖေးဖေးမမ စောင့်ရှောက်တော်မူသည်။
တောဆင်ရိုင်း, မြင်းရိုင်းများကို ယဉ်ကျေးအောင် ဆုံးမမူ၌ အတုမရှိ ကျွမ်းကျင်သော ဆင်ဆရာ, မြင်ဆရာတို့သည် ရိုင်းပျသော ဆင်-မြင်းများကို တဖြည်းဖြည်း ယဉ်ကျေးလာအောင် ဆုံးမပြီးလျှင် မင်းတို့၏ စီးတော်ဆင်, စီးတော်မြင်းများအဖြစ်သို့ ရောက်စေနိုင်သကဲ့သို့ ရှင်တော်မြတ်ဘုရားလည်း "လောက၀ိဒူ" ဂုဏ်တော်၌ ပြခဲ့သည့်အတိုင်း သတ္တ၀ါတို့၏ အတွင်းစိတ်ကို ရှေ့နောက်ကုန်စင် သိမြင်တော်မူသောကြောင့် ဆုံးမဖို့ရန် သင့်တော်သော သတ္တ၀ါများကို တွေ့မြင်တော်မူသောအခါ ချောက်၍ဆုံးမမှ အကျွတ်တရားရမည်သူဖြစ်လျှင် ချောက်၍ဆုံးမတော်မူ၏၊ မြှောက်ပင့်၍ဆုံးမမှ အကျွတ်တရားရမည့်သူဖြစ်လျှင် မြှောက်ပင့်၍ ဆုံးမတော်မူသည်။
ထိုသို့ ဆုံးမရာ၌ ပင်ကိုယ်က သီလရှိသူဖြစ်လျှင် သီလ၌ တည်စေတော်မူ၏၊ သီလရှိပြန်လျှင်လည်း အထက်အထက်ဈာန်တရား, မဂ်တရားတို့ကို ထိုသူ၏ ပါရမီအားလျော်စွာ တိုးတက်၍ရအောင် ဆုံးမတော်မူ၏၊ ထိုဘ၀၌ မည်သည့်တရားထူးကိုမျှ မရထိုက်လျှင် နောက်နောင်ဘ၀၌ အထုံပါအောင် ဆုံးမတော်မူ၏၊ ဘုရားရှင်၏ အဆုံးအမကို သီးခြားခံယူရလျှင် မယဉ်ကျေးသူ မရှိ၊ ယဉ်ကျေးသူချည်းသာ ဖြစ်ကြလေသည်။
ဤနေရာဝယ် ရပ်တန့်၍ ဘုရားရှင်၏ စိတ်တော်ကြည်လင်ပုံ, ဥာဏ်တော်ထက်မြက်ပုံ, ထိုဥာဏ်တော်ဖြင့် ဟောပြောဆုံးမဖို့ရန် တရားမျိုးစုံကို သိတော်မူပုံ, ထိုတရားမျိုးစုံမှ သင့်တော်သော တရားတို့ကို ရွေးချယ်၍ သတ္တ၀ါတစ်ယောက်အား ဆုံးမတော်မူလျှင် တရားထူးရပုံကို အာရုံပြုကာ ဘုရားရှင်၌ ကြည်ညိုစိတ် တိုးပွားအောင်ကြိုးစားကြပါလေ။
တိုက်တွန်းချက်
ဤစကားအစဉ်ဖြင့် "ဘုရားရှင်သည် တွေ့သမျှ သတ္တ၀ါတိုင်းကို အကျွတ်တရားရအောင် ဆုံးမတော်မူသည် မဟုတ်၊ အထိုက်အလိုက် တရားထူးရလောက်သော ပါရမီအခံရှိသူကိုသာ ဥာဏ်တော်ဖြင့် ကြည့်ရူ၍ အထူးဆုံးမတော်မူသည်"ဟု နားလည်ကြပါ၊ ဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းကြီးနှင့် မိဖုရားခေါင်ကြီး မလ္လိကာတို့သည် ဘုရားကျောင်းဒကာ ကျောင်းအမဖြစ်၍ ဘုရားကို လွန်စွာကြည်ညိုကြ, တရားကိုလည်း မကြာမကြာနာရပါလျက် မည်သည့်တရားထူးကိုမျှ ရကြသည်ဟု ကျမ်းဂန်၌ မတွေ့ရပါ။
ယခုကာလ၌ သဒ္ဓါလွန်၍ ပညာနည်းပါးသူတို့ကား "ဘုရားနှင့် တွေ့လျှင်ပင် ဧကန်တရားထူးရနိုင်မည်"ဟု မျှော်လင့်နေကြရုံမက ယခုဘ၀မှာပင် အတော်အတန် တတ်သိနားလည်သူကို ဆည်းကပ်ရလျှင် "ထိုသူ၏တရားတွေ မိမိမှာ အလိုလိုကူးစက်လာလိမ့်မည်"ဟု တွေးဆကြ၏၊ ကိုယ်အားထုတ်မှ ကိုယ်ရနိုင်သည်ကိုကားမသိရှာကြကုန်၊ ထို့ကြောင့် နောင်ပွင့်တော်မူလာမည့် ဘုရားရှင်နှင့် တွေ့ရသော အခါ၌လည်း ဆုံးမထိုက်သော ပါရမီအခံ လုံလောက်ပြီးသူဖြစ်အောင် ယခုလိုအတော်အတန် တတ်သိနားလည်သော ဘ၀ကောင်းက ဖြစ်ခွင့်ကြုံသော ပါရမီအားလုံးကို သိမ်းကျုံး၍ ဖြည့်ကျင့်ကြပါကုန်။
သတ္တာဒေ၀မနုဿနံ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
(၇) သော ဘဂ၀ါ-ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္တ၀ါဟော်, ကုန်သည်ကျော်သည်, ဖော်လှော်ငယ်သား, နောက်ပါများကို, ရေရှားဘေးခ, ကန္တာရမှ, ခေမမြေငူ, ထုတ်ကယ်ယူသို့, ထို့တူတစိ, ခဲယဉ်းဘိသည့်, ဇာတိ ဇရာ, မရဏဟု, ကန္တာရကြမ်း, ခရီးလမ်းမှ, ရွှေနန်းမြေငူ, ပြည်နိဗ္ဗူသို့, နတ်လူဗြဟ္မာ, သတ္တ၀ါကို, ကောင်းစွာဆောင်ယူ, ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သတ္ထာဒေ၀မနုဿာနံ-သတ္ထာဒေ၀မနုဿာနံဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီ၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။ 
ကြည့်ရူရန်အဓိပ္ပါယ်
သတ္ထာဒေ၀မနုဿာနံဂုဏ်တော်သည် "နတ်လူတို့၏ ရှေ့ဆောင်ဦးစီးကုန်သည်ကြီးနှင့် တူတော်မူ၏"ဟူသော အနက်ကိုပြသည်။ (ဒေ၀မနုဿာနံ-နတ်လူတို့၏ + သတ္ထာ-(ဆရာဖြစ်၍) ကုန်သည်ကြီးနှင့် တူတော်မူသည်။)
သတ္ထ၀ါဟော်, ကုန်သည်ကျော်သည်။ ။သတ္ထ၀ါဟ ဟူသော ပါဠိကို "သတ္ထ၀ါဟော်"ဟု စပ်ဆိုသည်၊ ကုန်သည်ငယ်များ၏ အကြီးအမှူးဖြစ်၍ ကူးသန်းရောင်းဝယ်မူ၌ ကျွမ်းကျင် နားလည်သော "ကုန်သည်ကြီး"ဟူလို။
ကန္တာရမှ။ ။ခြင်္သေ့ သစ်ကျား ခိုးသား ဓားပြ ပေါများ၍ အစာရေစာရှားသော ခရီးကို "ကန္တာရ"ဟုခေါ်သည်၊ အသွားအလာ ခက်ခဲသောကြောင့် "ခရီးခဲ"ဟုလည်း ခေါ်သည်၊ (ခေမမြေငူ ဘေးရန်မရှိသော ကုန်းမြင့်မြေအရပ်။)
ဇာတိဇရာ, မရဏဟု။ ။ဇာတိ=ပဋိသန္ဓေနေရမူ၊ ဇရာ=အိုမူ၊ မရဏ=သေမူဟူသော ဘေးကြီးတို့ဖြင့် မရှောင်သာ မတိမ်းသာအောင် ကြမ်းတမ်းသော သံသရာခရီး ကန္တာရကြီးမှ။
ရွှေနန်းမြေငူ, ပြည်နိဗ္ဗူသို့။ ။ရွှေထီး ရွှေနန်း၌ စံမြန်းရသကဲ့သို့ အေးမြချမ်းသာသော နိဗ္ဗာန်ပြည်တည်းဟူသော မြေအငူသို့။
ရှေးအခါ၌ လှည်းမြင်းများစွာ ငါးရာတစ်ထောင်စသည်စုပေါင်း၍ ကုန်များကို တင်ဆောင်လျက် ကူးသန်းရောင်းဝယ်လေ့ရှိကြ၏၊ အကြီးအမှူးဖြစ်သော ကုန်သည်ကြီးလည်း ပါရှိရသည်၊ လမ်းစခန်း၌ ခြင်္သေ့, သစ်, ကျား, ဘီလူး, ခိုးသူ, ဓားပြ စသော ဘေးတို့ဖြင့် အလွန်ဆိုးဝါး၍လည်းကောင်း, အစာရေစာရှားပါး၍ လည်းကောင်း, နေအလွန်ပူသော သံပြင်ကြီးဖြစ်၍လည်းကောင်း, အကူးအသန်း အသွားအလာခက်၍ "ကန္တာရ"ခေါ်သော ခရီးဆိုး ခရီကြမ်းများလည်း ရှိတတ်လေသည်။
ကုန်သည်မှူးကြီးတို့သည် ထိုခရီးဆိုးကြီးမှ လွတ်မြောက်၍ ဘေးမရှိရာသို့ရောက်အောင် အဖော်ငယ်သား ကုန်သည်များကို ပို့ဆောင်သကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်လည်း အိုရမူ နာရမူ သေရမူ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲ တကွဲတပြားဖြစ်ရမူစသော ဘေးဒုက္ခတို့ဖြင့်မရှောင်သာအောင် ဆိုးသွမ်းသော သံသရာတည်းဟူသော ကန္တာရကြီးမှ သတ္တ၀ါအများကို ကယ်တင်၍ နိဗ္ဗာန်တိုင်အောင် ပို့ဆောင်တော်မူရကား ကုန်သည်ကြီးနှင့် တူတော်မူပါပေသည်။
တိုက်တွန်းချက်
ဘုရားတစ်ဆူတစ်ဆူ ပွင့်တော်မူလာသောအခါ များစွာသောသတ္တ၀ါကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူပါလျက် ငါတို့တစ်တွေ မလိုက်ပါနိုင်ဘဲ ကျန်ရစ်ခဲ့ကြရသည်မှာ လွန်စွာဝမ်းနည်းဖွယ်ကောင်းလှပေပြီ, သို့ပါလျက် ယခုခေတ်၌ သူတော်ကောင်း အခေါ်ခံရသူတို့မှာ ကိုယ့်တာဝန်ဖြစ်သော တရားအားထုတ်မူ, ပါရမီဖြည့်မူကို မကြိုးစားဘဲ "နိဗ္ဗာန်ကို မြန်မြန်ရလိုပါ၏"ဟု ဆုတောင်းတုန်းပင်၊ ထိုသို့ ဆုတောင်းရင်း ကျန်ရစ်ကြရသည်ကိုကား သတိရကြဟန်မတူ၊ သတိရ၍ ကြိုးစားလိုသူအတွက်မှာမူ ယခုလည်း အချိန်ရပါသေး၏။
ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက်မှ သတိရ၍ တရားတော်လာအတိုင်း ကြိုးစားသူတွေ အရှင်မဟိန္ဒထေရ်, သံဃမိတ္တာထေရီ စသည်ကဲ့သို့ များစွာကျွတ်တမ်းဝင်ခဲ့ကြပါသည်၊ ထို့ကြောင့် ဘုရားကို အာရုံပြုရင်း ဖြစ်လာသော နှစ်သက်မူ(ပီတိ) စိတ်ကိုပင် အနိစ္စ ဒုက္ခ အနတ္တဟု ၀ိပဿနာကမ္မဋ္ဌာန်းရူကာ မိမိ၏ ခန္ဓာကိုယ်နှင့်တကွ တစ်လောကလုံးကို ငြီးငွေ့စရာဟု ဆင်ခြင်စမ်းပါလော့၊ ပီတိတစ်ခုကိုပင် အနိစ္စ, ဒုက္ခ, အနတ္တဟု မြင်လာသောအခါ တစ်ကိုယ်လုံးရှိ ရုပ်တရား နာမ်တရားတွေကိုလည်း ကူးစက်၍ အနိစ္စ, ဒုက္ခ, အနတ္တဟု မြင်လာနိုင်ပါသည်။
ဗုဒ္ဓဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
၈။ သော ဘဂ၀ါ - ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒုက္ခသမုဒယ, နိရောဓနှင့်, မဂ္ဂမည်သာ, လေးသစ္စာကို, ဦးစွာပိုင်ပိုင်, သိမြင်နိုင်၍, သုံးဆိုင်ဝေနေ, များဗိုလ်ခြေကို, မသွေအတူ, သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ-ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန် အဓိပ္ပာယ်
ဗုဒ္ဓဂုဏ်တော်သည် “ကိုယ်တော်တိုင်သိ၍ သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သည်”ဟူသော အနက်ကို ပြ၏။
(၁)ဒုက္ခသစ္စာ။ ။(ဒုက္ခ-ဆင်းရဲခြင်း + သစ္စာ-အမှန်) ရုပ်ခန္ဓာနှင့် စိတ်စေတသိက်ဟူသော နာမ်ခန္ဓာတရားတွေ ပေါင်းစပ်နေသည်ကို “ခန္ဓာကိုယ်”ဟု ခေါ်၏။ ဤခန္ဓာကိုယ်သည် ဒုက္ခတုံး ဒုက္ခခဲ ဆင်းရဲခြင်း အမှန်ဖြစ်၏။ ဤခန္ဓာကြီးရှိလို့သာ စားဖို့ သောက်ဖို့ ၀တ်ဖို့ နေဖို့ ရှာဖွေသွားလာရ၏။ အိုရ နာရ သေရ ကြေရ၏။ အရှာအဖွေအနေ မတရားသဖြင့် အပါယ်လေးပါးသို့ ကျရောက်ကာ ဒုက္ခခံရ၏။ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲရ၏။ ထောင်တန်းကျသဖြင့် အရှက်တကွဲ အကျိုးနည်းလည်း ဖြစ်ကြရ၏။ အလွန့်အလွန် တကွဲတပြားဖြစ်ရ၏။ ခေတ္တခဏ ချမ်းသာသလို ထင်ရသော်လည်း အစဆုံးကြည့်လိုက်လျှင် ချမ်းသာစစ်စစ်ဟူ၍ မမြင်ရချေ။
“အလွန်ချမ်းသာသည်”ဟုဆိုရသော နတ်ပြည် ဗြဟ္မာပြည်များသို့လည်းရောက်ဖို့ရန် အားထုတ်ရသော ဒုက္ခ, ရောက်ပြီးသည့်နောက်၌ ပျက်စီးရသောအခါ ဒုက္ခ၊ (နတ်ပြည်၌ “ပျက်စီးလိမ့်မည်”ဟု စောစောက အချို့သိနှင့်ကြသဖြင့် “ဤမျှလောက် ကြီးကျယ်သော စည်းစိမ်ကို စွန့်ရတော့မှာပါတကား”ဟု ဇောချွေးများ ကျပြီးလျှင် “အလွန့်အလွန် ဆင်းရဲရလေသည်”) ဤသို့ဆင်းရဲဧကန် စင်စစ်မှန်သောကြောင့် ငါ၏ခန္ဓာကိုယ်နှင့် သတ္တ၀ါအားလုံး၏ ခန္ဓာကိုယ်သည် ဒုက္ခသစ္စာချည်းပါတကား။
(၂)သမုဒယသစ္စာ။ ။(သမုဒယ=ဒုက္ခဖြစ်ကြောင်း + သစ္စာ=အမှန်) ထိုဒုက္ခ၏ အကြောင်းရင်းကား “တဏှာလောဘ”ခေါ်သော နှစ်သက်ခင်မင် လိုချင်တောင့်တမူသည် အကြောင်းအမှန်ဖြစ်တော့၏။ ဒုက္ခသစ္စာ၌ပြခဲ့သော ဒုက္ခဟူသမျှသည် ဤလိုချင်တော့တမူကို အကြောင်းပြု၍ ဤလောက၌ပင် မင်းပြစ် မင်းဒဏ်, နောက်သံသရာ၌ အပါယ်လေးပါးသို့ ကျရောက်လျက် အတိုင်းမသိ ဆင်းရဲဒဏ်ကို ခံရသည်။ သံသရာဝဋ်ဆင်းရဲမှ မလွတ်ဘဲ တ၀ဲလည်လည်ကျင်လည်ရချက်သည် ထိုထိုဘ၀ကို တောင့်တလိုချင်သော လောဘတဏှာ၏ စနက်သာတည်း။
တောင့်တလိုချင်မူဟူသော တဏှာလောဘလည်း တရားသဖြင့် မချုပ်တည်းနိုင်သမျှ သူ့အလိုလျောက်သာဖြင့် မည်သည့်အခါမျှ နောက်ဆုတ်လိမ့်မည်မဟုတ်၊ “သံပရာသီး ကြီးလေ ချဉ်လေ”ဖြစ်သကဲ့သို့လည်းကောင်း, “ငယ်စဉ်ကပေါက်သော နွားဦးချိုသည် ကြီးလေ ရှည်လေ”ဖြစ်သကဲ့သို့လည်းကောင်း, “မီးသည် လောင်စာများလေ မီးတောက်ကြီးလေ”ဖြစ်သကဲ့သို့လည်းကောင်း, ဤတဏှာများလေ မီးတောက်ကြီးလေ “ဖြစ်သကဲ့သို့လည်းကောင်း, ဤတဏှာလောဘ၏သဘောသည်လည်း “ရလေ လိုလေ, ရဖန်များလေ လောဘတိုးလေပင်”ဖြစ်တော့သည်၊ တဏှာလောဘ ကြီးလာသလောက်လည်း ဒုက္ခကြီးကြီးပင် ရောက်ကြမည်သာ။
မန္ဓာတ်စကြာမင်း ၀တ္ထု။ ။ဤကမ္ဘာ၏ အစပိုင်းလောက်က ဘုရားအလောင်းတော်သည် လေးကျွန်းလုံးကို အစိုးရသော မန္ဓာတ်စကြာမင်းဖြစ်၏။ တစ်နေ့သ၌ စကြာရတနာဖြင့် ပရိသတ်ခြံရံလျက် ကောင်းကင်ခရီး၌ လေးကျွန်းလုံးလှည့်လည်စဉ် စတုမဟာရာဇ် နတ်ပြည်၏ ကြီးကျယ်ခမ်းနားကြောင်းကို ကြားရ၍ အခြွေအရံ ပရိသတ်များနှင့်တကွ စတုမဟာရာဇ်နတ်ပြည်သို့ ချီတက်လေသော် စတုမဟာရာဇ်နတ်မင်းကြီး ၄-ပါးက ခရီးဦးကြိုဆိုလျက် နတ်ပြည်ကို ဆက်သကြ၏။ ထိုအခါ နတ်စည်းစိမ်ကို ခံစားရသော်လည်း တာဝတိံသာနတ်ပြည်သည် ဤနတ်ပြည်ထက်ပင် အဆတစ်ရာမက သာလွန်ကြီးကျယ်ကြောင်း ကြားရပြန်၍ တာဝတိံသာသို့ ချီပြည်လေသော် စကြာရတနာနှင့် ပရိသတ်တို့ မလိုက်နိုင်ကြဘဲ လမ်းခုလပ်မှ လူ့ပြည်သို့ ပြန်ကြရလသည်။ ထိုအခါ တစ်ကိုယ်တည်း ကြွလာသော မန္ဓာတ်မင်းအား သိကြားကိုယ်တိုင် နတ်ပြည်ကို တစ်ဝက်ခွဲ၍ လွှဲအပ် စံစားစေလေသည်။
ထိုအခါ လူတို့၏ အသက်တမ်းမှာလည်း အလွန်ရှည်ကြာသော အသင်္ချေတန်းအခါဖြစ်၍ ပကတိ သိကြားပေါင်း ၃၆-ယောက် ပြောင်းလဲသည့်တိုင်အောင် ထိုမန္ဓာတ်စကြာမင်းသည် စုတေတော်မမူသေးဘဲ ခံစားမြဲ ခံစားနေပါလျက် နတ်ပြည်တစ်ဝက်မျှ အုပ်စိုးရရုံဖြင့် တင်းတိမ်တော်မမူသောကြောင့် ရောက်ခါစ သိကြားသစ်ကို သတ်ဖြတ်လိုသော အကြံဆိုးပေါ်ပေါက်လာသဖြင့် ထိုတ်ပြည်မှ ကွယ်ပျောက်ခဲ့၍ လူ့ပြည်သို့အရောက်တွင် စုတေပွဲဝင်ရဖူးလေသည်။ (ဇာတကဌကထာ-တိကနိပါတ်-သင်္ကပ၌၀ဂ်၊ မန္ဓာတုဇာတ်။)
ဤ၀တ္ထု၌ သိကြားပေါင်း ၃-ကျိပ် ၆-ယောက် ပြောင်းလဲအောင် နတ်စည်းစိမ်ကို စံရပါလျက် အားမရနိုင်သော လောဘ၏ကြီးကျယ်ပုံကို မှန်းဆသင့်တော့သည်၊ ထို့ကြောင့် တဏှာလောဘမည်သည် တရားဖြင့် မချုပ်တည်းနိုင်သမျှ သူ့အလိုအလျောက် မည်သည့်အခါမှ နောက်ဆုတ်လိမ့်မည်မဟုတ်၊ တဏှာလောဘ နောက်မဆုတ်သမျှလည်း ပြခဲ့သော ဒုက္ခအပေါင်းမှ လွတ်နိုင်ကြဦးမည်မဟုတ်၊ ထို့ကြောင့် နှစ်သက်ခင်မင် လိုချင်တော့တမူဟူသော တဏှာလောဘသည် အားလုံးသော ဒုက္ခအပေါင်းတို့၏ အကြောင်းရင်းခံ စင်စစ်မှန်သော သမုဒယသစ္စာပေတည်း။
(၃) နိရောဓသစ္စာ။ ။(နိရောဓ-ဒုက္ခ၏ချုပ်ဆုံးရာ + သစ္စာ-အမှန်) ထိုဒုက္ခအားလုံး၏ ချုပ်ဆုံးရာအမှန်ကား နိဗ္ဗာန်တည်း၊ ထိုနိဗ္ဗာန်၏ ဒုက္ခမရှိပုံ, မည်ကဲ့သို့ ချမ်းသာပုံကိုမူ နိဗ္ဗာန်ကို မြင်နိုင်သော ဥာဏ်ရမှသာ ကျနစွာသိနိုင်ရာ၏။ သောတာပန်အဖြစ်သို့ ရောက်လျှင်ပင် နိဗ္ဗာန်၏အရသာကို သိမြင်နိုင်ပေပြီ၊ သောတာပန်များသည် နိဗ္ဗာန်၏အရသာကို ကျနစွာ သိမြင်ပြီးဖြစ်၍ ရဟန္တာအဖြစ်သို့ ရောက်အောင်သာ တိုးတက် အားထုတ်ကြတော့သည်၊ ပုထုဇဉ်အဖြစ်သို့ ဆုတ်နစ်ခဲ့သူမရှိ၊ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံခါနီးမှာလည်း ဒုက္ခရုပ်နာမ်ကို စွန့်ရတော့မည်ဖြစ်၍ ကြည်လင် ရွှင်ပျတော်မူကြသည်။
နိဗ္ဗာန်သည် ယခုပုထုဇဉ်တို့ အတွေးမျိုးဖြင့်တွေးကာ ပျင်းစရာဖြစ်နေလျှင် နိဗ္ဗာဝင်ခါနီး၌ မည်သူမျှ ရွှင်ပျနိုင်ကြမည် မဟုတ်ပါ၊ မိမိတို့သွားရမည့် နိဗ္ဗာန်၏ချမ်းသာပုံကို ထိုပုဂ္ဂိုလ်မြတ်တို့၏ အာရုံ၌ ရှင်းရှင်းလင်းလင်း သိပြီးဖြစ်၍သာ ရွှင်ပျတော်မူနိုင်ကြပေသည်၊ မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန်စံခါနီး၌ နတ်ရောလူပါ လွမ်းဆွတ်တသ ငိုပွဲကြီးကျင်းပကြသော်လည်း မိထွေးတော်ကား အနည်းငယ်မျှ ၀မ်းနည်းခြင်းမရှိဘဲ “သားတော် သမီးတော်များ - ဤအခါမျိုးကား ငိုရမည့်အခါမဟုတ်၊ ၀မ်းမြောက်ရမည့်အခါ ဖြစ်သည်”ဟု တရားချလျက် တန်ခိုးပင် ပြခဲ့ပေသေးသည်။
အမျိုးဇာတ် ဂုဏ်သိန် စည်းစိမ်အားဖြင့် အထက်တန်းကျ၍ ပါရမီကြီးမားလှသော ရှင်တော်ဘုရားနှင့် သူတော်ကောင်းကြီးများ သွားရာလမ်းကောင်းကို ငါတို့တတွေ အဘယ်မှာ မလိုက်လိုဘဲ ရှိသင့်အံ့နည်း၊ တပျော်တပါး မနားမနေပါရမီတွေကို ဖြည့်ကာဖြည့်ကာ ကောင်းစွာစိုက်စိုက်လိုက်ကြဖို့ရာ ယခုနှယ်က ပြင်ဆင်ထားကြပါကုန်။
(၄) မဂ္ဂသစ္စာ။ ။(မဂ္ဂ-နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း + သစ္စာ-အမှန်) နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းအမှန်ကား မဂ္ဂင်ရှစ်ပါးတည်း။
မဂ္ဂင်ရှစ်ပါး
သမ္မာဒိဋ္ဌိ = ကောင်းသော အလိမ္မာ ဥာဏ်ပညာ။ သမ္မာသင်္ကပ္ပ = ကောင်းသော အကြံအစည်။ သမ္မာဝါစာ = ကောင်းသော စကားကို ဆိုခြင်း။ သမ္မာကမ္မန္တ= ကောင်းသော အမူကို ပြုခြင်း။ သမ္မာအာဇီဝ = ကောင်းသော အသက်မွေးခြင်း။ သမ္မာဝါယာမ = ကောင်းသော အားထုတ်ခြင်း။ သမ္မာသတိ = ကောင်းသော အမှတ်ရခြင်း။ သမ္မာသမာဓိ = ကောင်းသော တည်ကြည်ခြင်း။
(အပြစ်ကင်း၍ ကုသိုလ်ကြိယာနှင့် ဆိုင်သမျှကိုသာ “အကောင်း”ဟု ဆိုလိုသည်။)
ဆောင်။ ။အလိမ္မာဥာဏ်, ကောင်းအောင်ကြံ၍ အမှန်ပြောပြ, ပြုသမျှကောင်း, အသက်မွေးကောင်းပင်, ကောင်းကောင်းအားစိုက်, စိတ်၌စွဲမှတ်, ကောင်းမြတ်တည်ကြည်, ကောင်းရှစ်လီသည်, ရွှေပြည်နိဗ္ဗာန် ရောက်ကြောင်းတည်း။
ဘုရားရှင်၏ သန္တာန်တော်၌ “ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံဥဒပါဒိ, ဥာဏံဥဒပါဒိ, ပညာဥဒပါဒိ, ၀ိဇ္ဇာဥဒပါဒိ, အာလောကော ဥဒပါဒိ”ဟူသော ဓမ္မစကြာနှင့်အညီ ဘုရားမဖြစ်မီ ရှေးအခါက ကြားမျှမကြားဖူးအပ်သော ဤသစ္စာလေးပါးတရားတို့၌ သိမြင်နိုင်သော ပညာ, ၀ိဇ္ဇာအရောင်အလင်းဟူသော ဥာဏ်စက္ခုသည် ဘုရားဖြစ်တော်မူခါနီးဝယ် ထင်ရှားစွာပေါ်လာ၏။ သစ္စာလေးပါးကို ကိုယ်တော်တိုင် သိမြင်တော်မူပြီးနောက် ဘုံသုံးပါး၌ ရှိကြသော ဝေနေယျသတ္တ၀ါတို့ကိုလည်း ကိုယ်တော်ကဲ့သို့ သိကြဖို့ရာ ဟောပြတော်မူပေသည်။
(ယခုကာလ ဥာဏ်ထက်မြက်သူတို့သည် ရှေးကမသိဖူးသောအရာကို စူးစူးစိုက်စိုက် ကြံသောအခါ ထိုအရာကို သိနိုင်သောဥာဏ်များ ထင်ရှားပေါ်လာတတ်ပုံကို သတိထား၍ ဘုရားရှင်၏သန္တာန်တော်၌လည်း ရှေးက မရှိသော ၀ိဇ္ဇာဥာဏ်ပေါ်လာပုံကို ယုံကြည်ပါကုန်။)
တိုက်တွန်းချက်။ ။ဒုက္ခများစွာ သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန်ရောက်ဖို့ရာ တဏှာလောဘကို တစ်စတစ်စ ပယ်ရှားလျက် မဂ္ဂင်ရှစ်ပါးတည်းဟူသော လမ်းကောင်းကြီးကိုသာ လိုက်သွားမိအောင် သတိတရားကောင်းစွာထား၍ အားတက်သရော မလိုက်နိုင်သေးလျှင် အိမ်သုံးမဂ္ဂင်များကို ကြိုးစားပါ။
ဘဂ၀ါဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်)
(၉) သော ဘဂ၀ါ-ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-အဏုမြူသဖွယ်, ပျောက်ကွယ်သိမ်မွေ့, မမြင်တွေ့အောင်, ရုပ်ဆောင်ဖန်ဆင်းနိုင်သော “အဏိမာ”ဘုန်းတော်၊
စိတ်၏အလား, ကောင်းကင်ဖျား၌, ပေါ့ပါးလျင်မြန်, ဈာန်ပျံကြွသွားနိုင်သော “လဃိမာ”ဘုန်းတော်၊
ကိုယ်တော်သဏ္ဌာန်, ပုံဟန်တိုင်းငြား, မနိုင်အားဖို့, ကြီးမားလေအောင်, ရုပ်ဆောင်ဖန်ဆင်းနိုင်သော “မဟိမာ”ဘုန်းတော်၊
ဆီးတားကွယ်ကာ, မရှိပါဘဲ, လိုရာတိုင်းပေါက်, တစ်ခဏလောက်ဖြင့်, ကြွရောက်နိုင်သော “ပတ္တိ”ဘုန်းတော်၊
အဆင်းအတန်တန်, ပုံသဏ္ဌာန်ကို, စီမံဖန်တီး, တစ်ခဏတည်းဖြင့် ပြီးစီးနိုင်သော “ပါကမ္မ”ဘုန်းတော်၊
ကိုယ်တော်မြတ်၏, စိတ်ဓာတ်တော်မှ, စ၍မကြွင်း, လူနတ်မင်းကို, ပိုင်နင်းအုပ်စိုး, လွှမ်းမိုးနိုင်သော “ဤသိတာ” ဘုန်းတော်၊
သမာပတ်ဈာန်, အဘိညာဏ်ကို, ၀င်စံလိုက, တစ်ခဏချင်းပိုင်, ၀င်စားနိုင်သော “၀သိတာ”ဘုန်းတော်၊
ကိစ္စတစ်ခု, ပြုစုတုန်းပင်, ပြီးဆုံးချင်သော်, ဆောလျင်မသွေ, ပြီးဆုံးစေနိုင်သော “ယတ္ထကာမာဝသာယိတာ”ဘုန်းတော်၊
ရှစ်ဖော်အပြား, ဤသို့အားဖြင့်, ထင်ရှားလေဘိ, “ဣဿရိယ”ဘုန်းတော်၊
ကိလေသာရန်, ပယ်ဖျက်လှန်ဖို့, နိဗ္ဗာန်ဖိုလ်မဂ်, ကိုးချက်အပြား, လောကုတ္တရာတရားဟူသော “ဓမ္မ”ဘုန်းတော်၊
ဟုတ်တိုင်းမှန်စွာ, ဖြစ်ပေါ်လာ၍, ကမ္ဘာတိုက်ပေါင်း, သောင်းလောကဓာတ်, ပဲ့တင်ထပ်မျှ, နှံ့စပ်သတင်း, ကျော်စောခြင်း ဟူသော “ယသ”ဘုန်းတော်၊
ရွှေမျက်နှာတော်, လက်ခြေတော်မှ, စ၍မကြွင်း, ပင်လုံးဝင်းသည့်, ပန်းမင်းအနေ, ကျက်သရေမင်္ဂလာ, စုဝေးကာဖြင့်, လွန်စွာတင့်တယ်, သပ္ပာယ်တော်မူသော “သီရိ”ဘုန်းတော်၊
အလိုတော်အတိုင်း, တောင့်တတိုင်းပင်, မဆိုင်းမတွ, ပြီးစီးရသည့် “ကာမ”ဘုန်းတော်၊
တစ်လောကလုံး, ညွှတ်ရုံးကိုးစား, အားထားဖို့ရာ, လွန်စွာကြိုးကုတ်, အားထုတ်တော်မူသော “ပယတ္တ”ဘုန်းတော်၊
ဤခြောက်ဖော်ဂုဏ်, ဘုန်းတော်ဟုန်နှင့်, ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ဘဂ၀ါ-ဘဂ၀ါဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရူရန် အဓိပ္ပာယ်
ဘဂ၀ါဂုဏ်တော်သည် “ဘုန်းကံကြီးတော်မူ၏”ဟူသော အနက်ကို ပြသည်။ (ဘဂ+၀ါ၊ ဘဂ=ဘုန်းကံ + ၀ါ=ရှိသည်၊ ကြီးသည်။)
အဏိမာဘုန်းတော်။ ။ဘုရားရှင်သည် ဖန်းဆင်းတော်မူလိုပါလျှင် ကိုယ်တော်ကို အဏုမြူမူန်မျှ အလွန်ငယ်အောင် ဖန်ဆင်းတော်မူပြီးလျှင် ပရိက္ခရာရှစ်ပါးကို လွယ်တော်မူ၍ မုန်ညင်းစေ့အတွင်း စင်္ကြံကြွတော်မူ၏၊ ထိုအခါဝယ် သေးငယ်သော မှန်အတွင်း၌ တိုက်ရိပ် အိမ်ရိပ် ထင်နေသလို ဘုရားရှင်ကို ဖူးမြင်ကြရ၏၊ အနီးအပါး၌ရှိနေသူတို့ မမြင်ရအောင်လည်း ကိုယ်တော်ကို ကွယ်ဖျောက်တော်မူနိုင်၏။
ကွယ်ဖျောက်တော်မူသော ၀တ္ထု။ ။ဘုရားရှင် လက်ထက်တော်က “ဗက”မည်သော ဗြဟ္မာမင်းကြီးသည် သူ့ကိုယ်သူ “အမြဲတည်၍ တန်ခိုးအကြီးဆုံး”ဟု အထင်ကြီးရုံမက “ဤလောကကြီးနှင့်တကွ သတ္တ၀ါအပေါင်းကိုပင် သူဖန်ဆင်းထားသည်”ဟု အယူရှိနေ၏၊ လက်အောက်ဗြဟ္မာငယ်များကလည်း ဤအတိုင်းပင် သူ့အပေါ်မှာ ထင်နေကြသည်၊ ထိုအကြောင်းကို ရှင်တော်မြတ်ဘုရား သိတော်မူ၍ ဗြဟ္မာပြည်သို့ ကြွတော်မူပြီးလျှင် ဗြဟ္မာ့ပရိသတ်အလယ်တွင် ဗကဗြဟ္မာကြီးအား “အသင်သည် ရှေ့နောက်အလုံးစုံ အကုန်မသိနိုင်”စသော ခပ်နှိပ်နှိပ်စကားကို မိန့်တော်မူသောအခါ ဗြဟ္မာကြီး ရှက်သဖြင့် ကြံမိကြံရာ ကြံပြီးလျှင် “အသင်ရဟန်းကြီးအား ကျွန်ုပ် တန်ခိုးသိရအောင် ကိုယ်ဖျောက်ပြမည်”ဟု ပြောဆို၍ ကိုယ်ကိုဖျောက်စမ်းသော်လည်း မပျောက်နိုင်ရကား ဗိမာန်အတွင်း ၀င်လိုဝင်, ပဒေဥာပင်အောက်ပုန်းလို ပုန်း, တစ်ကိုယ်လုံးပုပြီးလျှင် ငုတ်စုစု ဆောင့်ကြောင့်ထိုင်သော်လည်း ဘယ်နည်းနှင့်မျှ ပျောက်ကွယ်မသွားသဖြင့် အရှက်ကွဲရလေသည်။
ထို့နောက် ဘုရားရှင်က တစ်ဖန် “ကိုယ်တော်ကို ဖျောက်ပြမည်”ဟု မိန့်တော်မူပြီးလျှင် ထိုနေရာတွင်ပင် ဖျောက်လိုက်ရာ တစ်ခါတည်း ပျောက်သွားလေသည်၊ “တခြားများ ကြွသွားရော့သလား”ဟု ထင်မှတ်မည်စိုးသောကြောင့် -
“ဘဝေ ၀ါဟံ ဘယံ ဒိသွာ, ဘ၀ဉ္စ ၀ိဘဝေသိနံ၊ ဘ၀ံ နာဘိဒိံ ကိဉ္စိ, နန္ဒိံ စ န ဥပါဒိယံ”
ဟု ဂါထာကိုပင် ရွတ်ပြတော်မူ၍ တရားတော်၏အဆုံး၌ ဗြဟ္မာတစ်သောင်းမျှ မဂ်ဖိုလ်ရကြလေ၏၊ ဤသို့ အနည်းငယ်မျှ သေးငယ်အောင်လည်းကောင်း, လုံးလုံးပျောက်ကွယ်သွားအောင်လည်းကောင်း, ဖန်ဆင်းနိုင်သော ဘုန်းတော်ကို “အဏိမာ”ဘုန်းတော်ဟု ခေါ်သည်။
ဂါထာအနက်။ ။အဟံ-သင်လိုထပ်တူ, နတ်လူဗြဟ္မာ, သတ္တ၀ါတို့၏ ဆရာစင်စစ်, ဖြစ်တော်မူသော ငါဘုရားသည်၊ ဘဝေ-ဖြစ်လျှင် ပျက်မြဲ, မလွဲတံထွာ, သံသရာနှောင်တွင်း, ထောင်အကျဉ်း၌၊ ဘယံ-အိုနာသေရေး, ဒုက္ခဘေးမှ, စ၍ရန်စွယ်, အန္တရာယ်ဟု, ဘေးအစုကို၊ ဒိသွာဧ၀-ကောင်းစွာပိုင်နင်း, သိမြင်တော်မူခြင်းကြောင့်သာလျှင်၊ ဘ၀ဉ္စ-ကာမရူပ, အရူပဟု, လောကသုံးဘုံ, အလုံးစုံကိုလည်းကောင်း၊ ၀ိဘဝေသိနံ-ဘ၀ကင်းရာ, ရှာကြံပါလည်း, သုံးဖြာဘ၀, ကျင်လည်ရသည့်, များလှသောင်းသောင်း, သတ္တ၀ါအပေါင်းကိုလည်းကောင်း၊ ဒိသွာ-ဆုံးစကုန်စင်, သိမြင်တော်မူသည်ဖြစ်၍၊ ကိဉ္စိဘ၀ံ-လူ့ဘုံ နတ်ဘုံ, ဗြဟ္မာဘုံဟု, သုံးဘုံဌာန, တစ်စုံတစ်ခုသော ဘကို၊ နာဘိဝဒိံ-စုံစုံမက်မက်, နှစ်သက်ခင်မင်, လိုချင်တောင့်တတော်မမူ၊ နန္ဒိံစ-လူ့ဘုံ နတ်ဘုံ, ဗြဟ္မာ့ဘုံဝယ်, စုံစုံမက်မက် နှစ်သက်တွယ်တာ, ဘ၀တဏှာကိုလည်း၊ န ဥပါဒိယိံ-စွဲလမ်းလွတ်ကင်း, အမြစ်ရင်းက, အလျှင်းပြတ်စေ, ဖြတ်တောက်တော် မူခဲ့ပေသတည်း။ (မူလပဏ်ဏာသ, စုဠယမက၀ဂ်, ဗြဟ္မနိမန္တနိကသုတ်။)
လဃိမာဘုန်းတော်။ ။စိတ်၏လျင်မြန်ခြင်းကဲ့သို့ ခန္ဓာကိုယ်တော်ကို ပေါ့ပါးလျင်မြန်အောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ဖြစ်သည်။ (ဈာန်ပျံ၍ ကြွတော်မူခြင်းမျိုးတည်း။)
မဟိမာဘုန်းတော်။ ။ကိုယ်တော်ကို ပကတိအနေထက် ကြီးမားအောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ဖြစ်သည်။
No comments:
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated