@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 16 December 2014

ဥပဓိနှင့် ကာလ သမ္ပတ္တိ ၀ိပတ္တိ (ကိုယ်ကျင့်အဘိဓမ္မာ - ၇၂)

ဥပဓိသမ္ပတ္တိ
ဂတိသမ္ပတ္တိ ရောက်နေသော်လည်း (အထူးအားဖြင့် လူ့ဘုံမှာ) ရုပ်အဆင်းလှပခြင်း ဟူသော ဥပဓိသမ္ပတ္တိက အရေးကြီးနေပြန်၏။ ဥပဓိသမ္ပတ္တိ ဖြစ်လျှင် အမျိုးအဆွေ ပစ္စည်းဥစ္စာက အောက်ကျနေသော်လည်း ပစ္စည်းရှိသူ အမျိုးမြတ်သူတို့က ကြည်ဖြူကြ လေးမြတ်ကြသဖြင့် အထက်တန်းရောက်၍ ကုသိုလ်ကံများ အခွင့်သာကြပေသည်။ တစ်ယောက်၏ ကုသိုလ်က ဆက်သွယ်သူတို့အား အကျိုးအာနိသင် ပေးနိုင်ပုံ၌ ပြခဲ့သော သာမာဒေ၀ီမှာ ဥပဓိသမ္ပတ္တိကြောင့် ဘုရင်၏ အကျွမ်းဝင်သူ ဖြစ်ရ၏။ မကြာမီက မစ္စစ်ဆင်ပဆင်ကို ဧဒွတ်ဘုရင်က ကြည်ဖြူရခြင်းမှာလည်း မစ္စစ်ဆင်ပဆင်၏ ဥပဓိသမ္ပတ္တိကြောင့်ပင် မဟုတ်လော။
လူ့ဘ၀ကိုမဆိုထားဘိ ဂတိဝိပတ္တိ ဆိုက်နေရသော တိရစ္ဆာန်၌ပင် ရုပ်အဆင်းလှ၍ ဥပဓိသမ္ပတ္တိ ဖြစ်နေလျှင် (ခွေးလှ၊ နွားလှ၊ မြင်းလှ စသည်ဖြစ်နေလျှင်) လူ့ချမ်းသာတို့၏ လက်သပ် မွေးမြူခြင်းကို ခံရလျက် ကုသိုလ်ကံတွေ အကျိုးပေးခွင့်သာပြန်လေသည်။ ရုပ်အဆင်းလှမူဟူသော ဥပဓိသမ္ပတ္တိကား ဤမျှလောက်ပင် အကျိုးများလှပေသည်။

ဥပဓိဝိပတ္တိ
 ဂတိဝိပတ္တိ ဖြစ်နေသော တိရစ္ဆာန်တို့၌ ရုပ်အဆင်း မလှမူဟူသော ဥပဓိဝိပတ္တိကြောင့် ကုသိုလ်ကံ အခွင့်မရသည်မှာ ဆိုဖွယ်ရာ မရှိပြီ။ ဂတိသမ္ပတ္တိ ဖြစ်သော လူ့ဘုံမှာပင် ဥပဓိဝိပတ္တိ ဖြစ်နေလျှင် ကုသိုလ်ကံ၏ အကျိုးကို ရသင့်သလောက်မရဘဲ ရှိတတ်၏။ အမျိုးမြတ် ဥစ္စာရှင်ပင် ဖြစ်သော်လည်း အမျိုးတူ ဥစ္စာတူတို့က မကြည်ဖြူနိုင်ကြ။ အလောင်းတော် ကုသမင်းကို ပဘာဝတီက တော်တော်နှင့်မကြည်ဖြူနိုင်ခြင်းမှာလည်း ထင်ရှားသော သက်သေသာဓကကြီးပင်တည်း။ 
ထိုကဲ့သို့ ဥပဓိဝိပတ္တိ ဖြစ်နေသောအခါ အကုသိုလ်ကံတို့က စွမ်းနိုင်သမျှ အကျိုးပေးကြသောကြောင့် အလောင်းတော် ကုသမင်းမှာ အိုးတော် လုပ်ရ ဖျာတော်ရက်ရ၊ ပွဲတော်ချက်ရနှင့် သွက်သွက်လည်အောင် ဒုက္ခခံလိုက်ရပါသေးသည်။ သမီး ခင်ပွန်း ၂-ယောက် ရုပ်အဆင်းချင်း ရှေ့သွားနောက်လိုက် မညီလျှင် ဥပဓိဝိပတ္တိ ဖြစ်နေသူကို အစေခံဟုပင် အထင်ခံရတတ်သေး၏။ ရုပ်အဆင်း မလှမူဟူသော ဥပဓိ ၀ိပတ္တိကား ဤမျှလောက်ပင် ဆိုးရွားလှချေသည်။
ကာလသမ္ပတ္တိ
မင်းကောင်း လူကောင်းတို့ အုပ်စိုးနေရာ အခါကို “ကာလသမ၌တ္တိ”ဟု ခေါ်၏။ တိုင်းသူပြည်သားတို့ကို သာယာဝပြောအောင်၊ ပညာတတ်အောင်၊ ကျန်းမာအောင် အစရှိသဖြင့် စီမံတတ်သော မင်းကောင်းခေါင်းဆောင်ကောင်းတို့ လက်ထက်၌ ကုသိုလ်ကံများ အခွင့်သာ၏။ ထိုကုသိုလ်ကံ အခွင့်သာသဖြင့် ကောင်းသောအာရုံတို့ကို တွေ့ကြုံကြရ၏။ ပူပန်သောကကင်း၍ ဆွေမျိုးဉာတိ ရပ်ရှိ ရွာကုန် အလုံးစုံတို့ပင် ချမ်းသာကြ၏။ တက်ကပ်အခါလည်း ကာလသမ္ပတ္တိပင်တည်း။ ထိုကဲ့သို့ ကာလသမ္ပတ္တိ၌ ကြုံကြိုက်သောအခါ ပြတ်သတ်ငတ်နေအောင် အကျိုးပေးမည့် ကုသိုလ်ကံ ပါရှိသော်လည်း အခွင့်မရသဖြင့် အကျိုးမပေးနိုင်။

ကာလ၀ိပတ္တိ
မင်းဆိုးမင်းယုတ် ခေါင်းဆောင်အညံ့စားတို့ ရှေ့သွားဦးဆောင်လုပ်လျက် စိုးအုပ်နေရာ အခါကို “ကာလ၀ိပတ္တိ” ဟုခေါ်၏။ တိုင်းပြည်ပျက်သောအခါ၊ မိမိတို့ တိုင်းပြည်ဝယ် စစ်ဖြစ်နေကြသော အခါများ၌လည်း ကာလ၀ိပတ္တိပင်တည်း။ ထိုကဲ့သို့ ကာလ၀ိပတ္တိ ကြုံရသောအခါ၌ ရှေးကပါလာခဲ့သော အကုသိုလ်ကံတို့ အခွင့်သာကြသည်။ လူအများပင် ဆင်းရဲပြတ်သတ် ငတ်မွတ်ကြရ၏။ 
ကုသိုလ်ကံ ကြီးမားသူတို့ပင် ထိုကုသိုလ်ကံ အခွင့်မရဘဲ ရှိသမျှ အကုသိုလ်ကံတို့၏ ဒဏ်ကို ခံကြရသောကြောင့် ပြေးရလွှားရ၊ ပုန်းရလျှိုးရ၊ စားချင်တာ မစားရ၊ ချစ်သူနှင့် ကွဲရ၊ တချို့ မသေလောက်သော ရောဂါကလေးတွေအတွက် သင့်တော်သောဆေး၊ ကုသပေးမည့်ဆရာ မရသောကြောင့် သေရသည့်တိုင်အောင် ဒုက္ခရောက်ရလေသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated