@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 16 December 2014

အကြောင်း ၄-ပါးတို့ ပြုပြင်နေပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၁)





ဤနေရာဝယ် ဓာတ်ကြီးလေးပါးတို့ စုပေါင်းနေပုံနှင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ရုပ်တို့ ဖြစ်ရကြောင်းကို ထင်ရှားစေရန်ထပ်ရှင်းပါဦးမည်။ ရှေးဦးစွာ မြေကြီးဖြင့် ပြုလုပ်အပ်သော လူရုပ်ကလေးကို စဉ်းစားကြစို့။ မြေမူန့်တွေချည်းသက်သက် လူရုပ်ဖြစ်နိုင်မလား။ မဖြစ်နိုင်။ မြေမူန့်တွေချည်းသက်သက် လူရုပ်ဖြစ်နိုင်မလား။ မဖြစ်နိုင်။ မြေမူန့်ချည်းသက်သက် ထားလျှင် လေတိုက်သဖြင့် လွင့်သွားလမ့်မည်။ သို့ဖြစ်၍ လွင့်မသွားနိုင်အောင် ရေဆွတ်ပေးရလိမ့်မည်။
မြေနှင့်ရေ ပေါင်းမိရုံဖြင့်လည်း လူရုပ်ဖြစ်ဖို့ မဆိုထားဘိ စည်းစည်းလုံးလုံးပင် မဖြစ်နိုင်သေး။ ထို့ကြောင့် စည်းလုံးမိအောင် စုပေးရဦးမည်။ ထိုမျှဖြင့်လည်း လူရုပ်မဖြစ်နိုင်သေး။ ရေဆွတ်ထားသဖြင့် စိုးစွတ်နေသောရွှံ့ကို အရုပ်လုပ်ဖြစ်ရုံ ခပ်ထန့်ထန့်ဖြစ်အောင် နေလှန်းပေးရဦးမည်။ ထိုသို့ မြေဓာတ် ရေဓာတ် လုံးထွေးမိအောင် ပြုပေးသော လေဓာတ်၊ အပူ(မီး)ဓာတ်တို့ဖြင့် သင့်တင်ရုံညီမျှနေသော ရွှံ့ကိုမှ အရုပ်ပြုလုပ်တတ်သူက အရုပ်လုပ်ပေးသောကြောင့် လူရုပ်ကလေး ဖြစ်လာရလေသည်။ ဤကား ဥပမာသဘောအားဖြင့် ပြောပြခြင်းသာတည်း။
ကံစီမံပုံ
ထို့အတူ ပထ၀ီဓာတ်ချည်းသက်သက် ခန္ဓာကိုယ်မဖြစ်နိုင်။ ပထ၀ီဓာတ်လွင့်မသွားအောင် အာပေါဓာတ်က စိမ့်စိုလျက်ရှိရ၏။ စိုထိုင်းထိုင်းမရှိရအောင် တေဇောဓာတ်က အငွေ့ပေးလျက်ရှိရ၏။ တစ်ဖွဲ့စီတစ်ဖွဲ့စီ (တစ်ကလာပ်စီ) တွဲမီအောင် ၀ါယောဓာတ်က တွန်းထိုး ဖိညပ်လျက်ရှိရ၏။ ထိုဓာတ်ကြီး ၄-ခုအစုအဖွဲ့၌ မကင်းစကောင်းသော ၀ဏ ဂန္ဓ ရသ သြဇာတို့ ပါရှိကြ၏။ ထိုသို့ ရုပ်ကလာပ်များစွာတို့ ပူးပေါင်းမိသောအခါ (တော်စွာလျော်စွာ မပူးပေါင်းဘဲ) ရှေးကလူရုပ်ဖြစ်အောင် လုပ်နိုင်သော ကံစီမံချက်အတိုင်း “လူ့ကိုယ်ကောင်”ဖြစ်အောင် ပူးတွဲမိကြလေသည်။
ထိုကဲ့သို့ ကံကစီမံရာ၌ ကံပြုစဉ်က စိတ်အနေအထားလိုက်၍ ယောက်ျားသဏ္ဌာန်၊ မိန်းမသဏ္ဌာန်ဖြစ်အောင်လည်း စီမံရ၏။ အကုသိုလ်ကံအလိုက် ငရဲသဏ္ဌာန်၊ ပြိတ္တာသဏ္ဌာန်များကိုလည်း စီမံရ၏။ ကုသိုလ်ကံ ကောင်းမကောင်းကိုလိုက်၍ လှပသောသဏ္ဌာန်၊ မလှပသောသဏ္ဌာန်များကိုလည်း စီမံရ၏။ အကုသိုလ်ကံကြောင့် တိရစ္ဆာန်သဏ္ဌာန်ကို ရသော်လည်း ရှေးကုသိုလ်ကံများက အခွင့်သာလာလျှင် တိရစ္ဆာန်လှလှကလေးဖြစ်အောင်၊ ကျွေးချင် မွေးချင်စရာကောင်းအောင် စီမံပြန်၏။ ကုသိုလ်ကံကြောင့် လူဖြစ်သော်လည်း အကုသိုလ်ကံက မလှမပဖြစ်အောင်၊ သူတစ်ပါးရွံမုန်းအောင်၊ ပေးကမ်းချင်သူနည်းအောင် စီမံဖန်တီးပြန်၏။ ဤသို့လျှင် ကံတရားသည် မိမိစွမ်းအားရှိသလောက် ဤခန္ဓာကိုယ် (ရုပ်) တရားကြီးကို ပဋိသန္ဓေတည်စ အမိဝမ်းတွင်းကစ၍ စီမံဖန်တီးထားလေသည်။ (ဤကံကြောင့်ဖြစ်သောရုပ်ကို “ကမ္မဇရုပ်”ဟုခေါ်၏)
စိတ်ကပြုပြင်ပုံ
ကံစီမံထားသော ထိုရုပ်ကြီးကို စိတ်ကလည်း ထပ်မံ၍ပြုပြင်ပြန်၏။ စိတ်၏အလိုအတိုင်း ထိုင်ရ၊ အိပ်ရ၊ ရပ်ရ၊ သွားရ၏။ သွားလိုသောစိတ် ဖြစ်သောအခါ စိတ္တဇရုပ်တို့သည် တစ်ကိုယ်လုံး ပျံ့နှံ့လျက်ဖြစ်၏။ ထိုစိတ္တဇရုပ်များ၌ ၀ါယောဓာတ်သည်ခါတိုင်းထက် သတ္တိကောင်း၏။ ထိုဝါယောဓာတ်အစွမ်းကြောင့် တစ်ကိုယ်လုံး လူပ်လူပ်ရွရွဖြစ်၏။ ၀ါယောဓာတ်လွန်ကဲသော ရုပ်ကလာပ်တွေ များသည်ထက် များလာသောအခါ ရွေ့ကာရွေ့ကာ ဖြစ်ရာ၌ (ရွေ့ချင်တိုင်း မရွေ့ဘဲ စိတ်အလိုကျအောင်) ရွေ့ကြရလေသည်။
ဤနေရာ၌ “ရွေ့ကာရွေ့ကာ ဖြစ်ခြင်”ဟူသောစကားကို ထပ်၍ ထင်ရှားစေဦးအံ့ - ယခုကာလ ရုပ်ရှင်ရိုက်ကူးရာ၌ လူတစ်ယောက်၏ ခြေလှမ်း၍ သွားနေပုံထင်ရှားအောင် ကားငယ်ကလေးပေါင်းမျာားစွာ ရိုက်ကူးရ၏။ ပထမကား၌ ရပ်နေပုံသာ ပါသေး၏။ ဒုတိယ တတိယစသော ကားများ၌လည်း ထူးခြားခြင်း မရှိလှသေး။ ကားပေါင်းအတော်များမှ ခြေကြွသလိုပေါ်လာ၏။ ထို့နောက်လည်း ကားပေါင်း အတော်မားမှ ခြေကိုမြှောက်သလို ပေါ်လာ၏။ ဤသို့ သွားနေပုံပေါ်လာအောင် ကားပေါင်းများစွာ ဆက်ရလေသည်။ ထိုကားပုံကလေးများလည်း တကယ့်လူ၏ အနေအထားကို အဆက်ဆက် ထင်ရှားစေသော ပုံကလေးများတည်း။
ထို့ကြောင့် “လူသွားသည်”ဟုဆိုရာ၌ သွားလိုသောစိတ်ကြောင့် ပထမဖြစ်သော ရုပ်များမသွားသေး။ မတ်တတ်ရပ်လျက် ရှိသေး၏။ သို့သော် ပထမရုပ်ကလာပ်၌ ပါဝင်သော ၀ါယောဓာတ် အစွမ်းကြောင့် မငြိမ်မသက်သော အမူအရာဖြစ်လာ၏။ ထို့ကြောင့် ဒုတိယရုပ်စုသည် ပထမရုပ်စု၏နေရာ၌ ထပ်၍မဖြစ်ဘဲ ထိုနေရာနှင့် ဆက်ကပ်နေသော ဒုတိယနေရာ၌ ဖြစ်၏။ ဤသို့လျှင် နောက်နောက်ဖြစ်ရသော ရုပ်ကလာပ်စုက နေရာရွေ့၍ရွေ့၍ ဖြစ်နေရာဝယ် (မျက်စိတစ်မှိတ်ခန့်အတွင်း၌ ကုဋေတစ်သိန်းခန့်မက စိတ်ဖြစ်လျှင် စိတ္တဇရုပ်သည် ကုဋေတစ်သိန်းမက အထပ်ထပ်ဖြစ်သောကြောင့်) မျက်စိတ်စမှိတ်ခန့် အချိန်အတွင်းမှာပင် သွားလာနေသော ပုံသဏ္ဌာန် ထင်ပေါ်လာလေသည်။
ထို့ပြင် “စိတ်ပျိုတော့ကိုယ်နု” ဆိုသည့်အတိုင်း စိတ်ချမ်းသာသောသူ၌ ကြည်လင်သော စိတ္တဇရုပ်များဖြစ်၍ ချစ်ချစ်ခင်ခင် စကားပြောနေသောအခါဝယ် မျက်နှာများကြည်လင်၏။ ထိုက်တန်သမျှကျန်းမာအောင် ကြည်လင်သောစိတ်က စွမ်းဆောင်နိုင်၏။ “စိတ်ထောင်းတော့ ကိုယ်ကြေ”ဟု ပြောရိုးရှိသည့်အတိုင်း စိတ်မချမ်းသာလျှင် စိတ်ကြောင့်ဖြစ်သော ရုပ်များ ညှိုးနွမ်း၏။ စကားပြောမတည့်၍ စိတ်မကောင်းသောအခါ၌ ချိုနေသောမျက်နှာသည်ပင် ချက်ချင်းပျက်တော့၏။
အိမ်တစ်ဆောင်ကို မီးလောင်လျှင် နီးကပ်နေသော အခြားအိမ်များလည်း လောင်ရသကဲ့သို့ စိတ္တဇရုပ်က ညှိုးနွမ်းပူလောင်နေလျှင် ဆက်စပ်နေသော ကမ္မဇ၊ ဥတု၊ အာဟာရဇရုပ်များလည်း ပူလောင်ရတော့၏။ ထို့ကြောင့် အလွန့်အလွန် စိတ်မချမ်းသာသောသူသည် အရွယ်နှင့်မတန်အောင် အိုဆိုး၍ ထိုထက်ပူပန်လာသောအခါ နှလုံးကွဲ၍ စုတေရလေတော့၏။ ဤသို့လျှင် ခန္ဓာကိုယ်ကို ပဋိသန္ဓေကစ၍ စိတ်ကလည်း ပြုပြင်လျက်ရှိလေသည်။
ဥတုက ပြုပြင်ပုံ
ဥတုကလည်း ရုပ်ကိုပြုပြင်နိုင်၏။ သာယာသောဥတု၌ နေထိုင်လျှင် ရုပ်ကြည်လင်၏။ ကျန်းမာဝဖြိုး၏။ သန့်ရှင်းသော အိပ်ရာနေရာ အ၀တ်မားကို ၀တ်လေ့ရှိသူ၌ ထိုအ၀တ်များတွေ့ထိသော ဥတုကြောင့် သန့်ရှင်းသော ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာ၏။ ထို့ကြောင့် အမြဲသန့်ရှင်းနေသော အ၀တ် အိပ်ရာနေရာများကို သုံးစွဲခြင်းသည် ကျန်းမာဖို့အကြောင်း နည်းကောင်းအစစ်ပင်တည်း။ မသန့်ရှင်းသော အ၀တ် အိပ်ရာ နေရာများကို သုံးစွဲသူ၌ကား ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာရေးဆုတ်ယုတ်ပျက်ပြား၏။ တော တောင် သစ်ပင်တို့သည် မိုးကျသောအခါ၌ ဥတုကောင်းနှင့် တွေ့ရ၍ တိုးတက်ပြန့်ပွား စည်ကားကြ၏။ နွေဥတုကျသောအခါ မကောင်းသော ဥတုနှင့်တွေ့၍ ညှိုးနွမ်းခြောက်သွေ့ကြရလေသည်။ ဤသို့လျှင် ဥတုကလည်းခန္ဓာကိုယ်ကို အမိဝမ်းတွင်း အောင်းနေစဉ်ကပင် ပြုပြင်နေရကား ဥတုအလိုက် သစ်ပင်တောတောင်တို့ ပြောင်းလွဲပုံကို ကြည့်၍ မိမိကိုယ်၌လည်း ဥတုကောင်းမကောင်းလိုက်၍ ဥတုဇရုပ်များပြောင်းရပုံကို သတိပြုပါကုန်။
အာဟာရက ပြုပြင်ပုံ
စားသမျှအစာ၌ (သောက်ရေ၌ပင်) ပါရှိသောသြဇာသည် ရုပ်ကိုဖြစ်စေနိုင်၏။ မိမိနှင့်သင့်သော အစားအသောက်နှင့် ဆေးများသာ စားသောက်သုံးစွဲလျှင် ကောင်းသောရုပ်များ တိုးပွား၍ ၀ဖြိုးကြည်လည် စည်ပင်ကျန်းမာ၏။ မသင့်တော်သော အစားအသောက်နှင့် ဆေးများကို သုံစွဲစားသောက်မိလျှင် မကောင်းသော ရုပ်များတိုးပွား၍ ညှိုးနွမ်းသွေ့ခြောက် ရောဂါရောက်ရသည်မှာ မျက်မြင်ပင်ဖြစ်သကဲ့သို့ သင့်တော်သော အစားအသောက်နှင့် ဆေးများကို သုံစွဲစားသောက်လေ့ရှိသူတို့ အသက်ရှည်ကြ၊ အနာကင်းကြသည်မှာလည်း မျက်မြင်ပင်ဖြစ်သည်။
အမိဝမ်းတွင်း သန္ဓေတည်နေစဉ်မှာလည်း ကိုယ်ခန္ဓာကလေး ထင်ရှားသည်မှစ၍ အမိစားသမျှအစာသည် သူငယ်၏ ကိုယ်အတွင်းသို့စိမ့်ဝင်၏။ ထိုအခါ ကလေး၏ ကိုယ်၌ အာဟာရကြောင့် ရုပ်များ တိုးပွားကြ၏။ ထို့ကြောင့် မိမိကလေး၏ ကျန်းမာရေးကို လိုးလားသော မိခင်တိုင်းပင် ကိုယ်ဝန်ရှိသည်ကစ၍ ကလေးနှင့် အသင့်တော်သော အစာအာဟာရများကို အထူးရှောင်ကြဉ်ကြရသည်။ အမိသည် အကြင်အစားအသောက်ကို စားသောက်၏။ ထိုအစားအသောက်ဖြင့် အမိဝမ်း၌တည်နေသော ကိုယ်ဝန်သူငယ်သည်မျှတရရှာ၏။ အမိစားသောအစာသည် ချက်ကြိုးမှစိမ့်၍ ကလေးကိုယ်၌ ပျံ့နှံ့၏ဟု ကျမ်းစာတို့၌ဆို၏။ ယခုအခါ၌ကား ကျန်းမာရေးကို အတော်နားလည်သော ဆရာတို့ညွှန့်ကြားချက်ဖြင့် သန္ဓေရှိသည်ကစ၍ မိခင်သည် အားရှိသောအစာကို စားရ၏။ ကြမ်းကြမ်းတမ်းတမ်း သွားလာမူကို သတိပြုရ၏။ မကြာမကြာ ကိုယ်ဝန်ကို ဆိုင်ရာဆရာထံ ပြရ၏။ အအိပ်အစား မှန်စေရ၏။ မိမိကိုယ်တိုင်က ရောဂါကင်း၍ ထိုကဲ့သို့ ဂရုစိုက်ခြင်းရှိပါမှ ကျန်းမာသော သာသမီးတို့က များပေးလိမ့်မည်။ ထို့ကြောင့် မိခင်တိုင်းကလည်း ကလေး၏ အာဟာရကို ကိုယ်ဝန်ရှိစဉ်ကစ၍ ပြုပြင်ပေးကြပါကုန်။
နိဂုံး
ဤမျှသော စကားအစဉ်ဖြင့် နားလည်သင့်သမျှ ရုပ်တို့၏ အကြောင်းကိုပြခဲ့ပြီ။ ဤသို့ ရုပ်တို့၏ဖြစ်အင်ကို စီစဉ်ရကြောင်း ကောင်းမြတ်သောပဋိပတ်ကြောင့် ဤစာကို ကြည့်ရူသူတိုင်း ယခုဘ၀ကျန်းမာရေး၊ နောင်သံသရာ၌ နိဗ္ဗာန် မပြောင်းရသေးမီ ရုပ်ကောင်း ရုပ်မွန်ရရေးအတွက် ထက်မြက်ကောင်းမြတ်သော ကံကိုပြုနိုင်ကြပါစေ။ ငါနှင့်အတူ အတွင်းလူတို့ကား ဖြစ်လေရာဘ၀၌ (နိဗ္ဗာန်မရသေးလျှင် ကုသိုလ်ကောင်းမူ ပါရမီပြုရာဝယ်) စိတ်သွားတိုင်းကိုယ်ပါ၍ လိုရာကောင်းမူများကို အားထုတ်နိုင်လောက်အောင် ကျန်းမာသန့်ရှင်းသော ရုပ်အဆင်းကိုရရှိကာ ပါရမီတိုးပွားအောင် ကြိုးစားနိုင်ကြပါစေ။
ယခု နောက်နှောင်း၊ ရုပ်ရည်ကောင်းဖို့၊ ကျိုးကြောင်းစုံလင်၊ ရုပ်ဖြစ်အင်ကို၊ စီစဉ်ပါရ၊ ဤပုညကြောင့်၊ ရူကြသသူ၊ များဗိုလ်လူတို့၊ ခုမူမြော်တွေး၊ ကျန်းမာရေးနှင့်၊ နောင်ရေးရုပ်ကောင်း၊ ရဖို့ကြောင်းဟု၊ ကံကောင်းပြုစေ၊ ငါ့အနေမူ၊ ဘဝေ ဘ၀၊ ဖြစ်သမျှ၌၊ ပုညအလုပ်၊ ကြိုးစားထုတ်က၊ ဤရုပ်ခန္ဓာ၊ ကျန်းခံသာ၍၊ ခိုင်မာစေကြောင်း၊ ဖော်အပေါင်းလည်း၊ အကောင်းဆင်တူ၊ ရုပ်စင်ဖြူသည်။ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။
ရုပ်နှင်စပ်၍ မှတ်ဖွယ်များပြီးပါပြီ။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated