@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 16 December 2014

စုတေခါနီး အရေးကြီးပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၇၆)


စုတေခါနီး အရေးကြီးပုံ
ပြခဲ့သော အကြောင်းများတွင် တစ်ပါးပါးကြောင့် လူတစ်ယောက် စုတေဖို့ရာ အချိန်နီးကပ်လာလျှင် မစုတေမီ နာရီဝက်လောက်မှစ၍ စိတ်ကောင်းဇောကောင်းရဖို့ အရေးကြီး၏။ စုတေသည့်တိုင်အောင် ကုသိုလ်ဇောများ စောနေလျှင် ဧကန်မုချ သုဂတိ ဘ၀သို့ ရောက်ရမည်။ စုတေခါနီးဝယ် အကုသိုလ်ဇောများ စောနေလျှင် ဧကန်အပါယ်ဘုံသို့ ရောက်ရတော့မည်။ 
သို့ဖြစ်၍ မြင်းအပြေးပြိုင်ရာတွင် ပန်းဝင်ခါနီး အရေးကြီးဆုံး ဖြစ်သကဲ့သို့ နောက်တစ်ဖန် ဘ၀ကောင်းရဖို့ စုတေခါနီး၌ အရေးကြီးလှပေသည်။ ထို စုတေခါနီး၌ စိတ်ကောင်း မကောင်းမှာလည်း ထိုအခါ ထင်လာသော အာရုံနှင့်သာ သက်ဆိုင်ကြလေသည်။
ထင်လာတတ်သောအာရုံ ၃-မျိုး
စုတေခါနီး၌ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ဟု အာရုံ ၃-မျိုးတွင် တစ်မျိုးမျိုး ထင်လာတတ်၏။ “ကံ”ဆိုသည်မှာလည်း ကုသိုလ် အကုသိုလ် စေတနာတွေတည်း။  
“ကမ္မနိမိတ်” ဆိုသည်ကား ထိုကုသိုလ် အကုသိုလ်ပြုစဉ်က တွေ့ကြုံ သုံးစွဲခဲ့ရသော အရာဝတ္ထုများတည်း။  “ဂတိနိမိတ်” ဆိုသည်မှာ စုတေပြီး နောက်ရောက်ရမည့် ဂတိ၌ (ဘ၀၌) တွေ့ကြုံရမည့် အရာဝတ္ထုတည်း။

ကံအာရုံထင်လာပုံ

သေချိန်မရောက်ခင် စက္ကန့်အနည်းငယ်က ဖြစ်စေ၊ နာရီဝက် တစ်နာရီစသည် ကွာခြားသောအခါက ဖြစ်စေ၊ ရက်ပေါင်းလပေါင်းများစွာ ကွာခြားသောအခါ ဖြစ်စေ ပြုခဲ့သော ကံအမျိုးမျိုးသည် နောက်ဘ၀အသစ်တွင် ပဋိသန္ဓေ အကျိုးပေးခွင့် ကြုံလာလျှင် သေခါနီး လောလောဆယ် ထင်လာတတ်၏။ 
ထိုသို့ ထင်လာရာဝယ် ရှေးက ဒါန သီလ စသော ကုသိုလ်ကံဖြစ်လျှင် ထိုကံက ပြန်၍ အမှတ်ရသော အားဖြင့် ထင်လာခြင်း၊ ယခုလောလောဆယ် လှူဒါန်းနေရသလို ဥပုသ်စောင့်နေရသလို အိပ်မက်မက်သလို အနေအားဖြင့် ထင်လာခြင်းဟု ၂-မျိုးရှိသည်။ 
အကုသိုလ်ကံများတွင်လည်း ပါဏာတိပါတမူ ဖြစ်လျှင် ထိုကံကို ပြန်၍ အမှတ်ရခြင်း တစ်မျိုး၊ ယခုပင် သတ်ဖြတ်၍ နေရသလို ထင်ခြင်းတစ်မျိုးဟု ၂-မျိုးရှိသည်။ ဤနည်းအတိုင်းပင် အခြားသော အကုသိုလ်ကံ ထင်လာပုံကိုလည်း ချဲ့ထွင်ကြည့်ပါလေ။
ကမ္မနိမိတ်အာရုံထင်လာပုံ
အကုသိုလ်ကံ ပြုခဲ့ကြသူတို့မှာ ပါဏာတိပါတမူဖြစ်လျှင် သတ်ဖြတ်စဉ်အခါက အသုံးပြုခဲ့သော ဓား၊ တုတ်၊ သေနတ်၊ ပိုက်ကွန်၊ လေး၊ မြား၊ လှံ စသော လက်နက်များ ထင်လာတတ်၏။ နွားသတ်သမား တစ်ယောက်၌ကား နွားများကိုသတ်ပြီးနောက် အသားကိုခွာ၍ စုပုံထားသော အရိုးပုံကြီး ထင်လာသတဲ့။ အဒိန္နဒါနမူ၊ ကာမူ စသည်များကို ပြုခဲ့ကြသူမှာလည်း ထိုမကောင်းမူနှင့် ဆိုင်ရာ အာရုံများ ထင်လာပုံကို ချဲ့ထွင်း ကြည့်ကြပါလေ။
ကုသိုလ်ကံ့ ပြုခဲ့ကြသူတို့တွင်လည်း ဒါနပြုရာ၌ ကျောင်း၊ ဘုရား တည်ဆောက် ကိုးကွယ်သူဖြစ်လျှင် ကျောင်းအာရုံ၊ ဘုရားအာရုံ၊ ကျောင်းနှင့်စပ်၍ လှူခဲ့သော သင်္ကန်း၊ ဆွမ်း၊ ဆေး အာရုံ၊ ဘုရားနှင့်စပ်၍ လှူခဲ့သော ပန်း၊ ဆီမီး၊ အမွှေးတိုင် စသော အာရုံများ ထင်လာတတ်၏။ 
ဥပုသ်စောင့်သုံးခဲ့သူ၊ ကမ္မဋ္ဌာန်းထိုင်ခဲ့သူ ဖြစ်လျှင် ဥပုသ်နှင့် စပ်ဆိုင်သော စိပ်ပုတီး၊ စင်ကြယ်သော အ၀တ်အစား၊ ကမ္မဋ္ဌာန်းကျောင်း၊ စိပ်ပုတီးစိပ်ရာ သစ်ပင်ရိပ် စသော နေရာများ ထင်လာတတ်၏။ အပစာယန၊ ဝေယျာဝစ္စ စသော ကုသိုလ်များ၏ အာရုံလည်း ထိုက်သလို ထင်လာတတ်ကြသည်။
ဂတိနိမိတ်ထင်လာပုံ
စုတေခါနီး၌ ဘ၀အသစ်ဝယ် တွေ့ကြုံရမည့် အာရုံများလည်း တင်ကြို၍ ထင်လာတတ်၏။ နတ်ပြည်ရောက်မည့်သူဖြစ်လျှင် နတ်သမီးတွေ၊ ဘုံဗိမာန်၊ ဥယျာဉ် စသည်ထင်လာတတ်၏။ လူ့ပြည်ရောက်မည့်သူဖြစ်လျှင် အမိဝမ်းရည်၏ နီနီရဲရဲအဆင်း ထင်လာတတ်၏။ ပြိတ္တာဖြစ်မည့်သူဖြစ်လျှင် တောကြီး၊ တောင်ကြီး၊ မြစ်ရေ၊ သမုဒ္ဒရာကမ်း စသည်ဖြင့် မိမိနေထိုင်ရမည့် အရပ်ဒေသအလိုက် ထင်လာတတ်၏။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated