@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 16 December 2014

သမ္ပတ္တိ ၀ိပတ္တိ ( ကိုယ့်ကျင့်အဘိဓမ္မာ - ၇၁)

ဆိုင်ရာအကြောင်းများ၏ ပြည့်စုံမူကို “သမ္ပတ္တိ”ဟုခေါ်၏။ ဆိုင်ရာအကြောင်းများ၏ ချွတ်ယွင်းမူကို “၀ိပတ္တိ”ဟု ခေါ်၏။ သတ္တ၀ါတို့၏ သန္တာန်၌ ရှေးရှေးဘ၀ပေါင်းများစွာက ပြုခဲ့သော ကံတို့သည် အလွန်များပြားရကား အကျိုးပေးရန် အခွင့်မသင့်၍ အကျိုးမပေးရသေးသမျှ ခန္ဓာအစဉ်မှာ အမြဲပါရှိသောကြောင့် သမ္ပတ္တိ ဆိုက်နေသောအခါ ကုသိုလ်ကံ အကျိုးပေးခွင့် သာသလို ၀ိပတ္တိဆိုက်ရာ၌လည်း အကုသိုလ်ကံ အကျိုးပေးခွင့် သာလေသည်။

သမ္ပတ္တိ ၄-ပါး
 
၁။ ဂတိ သမ္ပတ္တိ = ရရှိသော ဘ၀ကောင်းခြင်း။
၂။ ဥပဓိသမ္ပတ္တိ = ရုပ်အဆင်း လှပခြင်း။
၃။ ကာလသမ္ပတ္တိ = အခါကာလ ကောင်းခြင်း။
၎။ ပယောဂသမ္ပတ္တိ = ဉာဏ်ဝီရိယစသော ပယောဂရှိခြင်း။

ဝိပတ္တိ ၄-ပါး
 
၁။ ဂတ္တိဝိပတ္တိ = ရရှိသော ဘ၀မကောင်းခြင်း။
၂။ ဥပဓိဝိပတ္တိ = ရုပ်အဆင်း မလှခြင်း။
၃။ ကာလ၀ိပတ္တိ = အခါကာလ မကောင်းခြင်း။
၎။ ပယောဂ၀ိပတ္တိ = ဉာဏ်ဝီရိယစသော ပယောဂ မရှိခြင်း။

 
ဂတိသမ္ပတ္တိ ဖြစ်ပုံ
 
လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို “ဂတိသမ္ပတ္တိ”ဟု ခေါ်၏။ ထိုဂတိသမ္ပတ္တိ၌ ဖြစ်ရသောအခါ များစွာသော ကုသိုလ်ကံတို့သည် အကျိုးပေးခွင့် ရကြ၏။ လူ့ပြည်၌ ဒုက္ခရှိသေးသော်လည်း နတ်ပြည် ဗြဟ္မာ့ပြည်မှာ ဒုက္ခမရှိသလောက် နည်းပါး၏။ ကုသိုလ်ကံ အခွင့်ရ၍ အကျိုးပေးနေသောကြောင့် အစားအသောက်၊ အနေအထိုင်၊ အတွေ့အကြုံ၊ အာရုံတို့မှာလည်း အကောင်း အမွန်ချည်းသာ ဖြစ်ကြပေသည်။ ထိုကဲ့သို့ ဂတိသမ္ပတ္တိ ဆိုက်နေသူတို့၌ အကုသိုလ်ကံတွေ ပါရှိသော်လည်း ထိုအကုသိုလ်ကံများ အကျိုးပေးခွင့် များစွာမရကြ။ လူ့ဘုံမှာ “ဒုက္ခမကင်း”ဟု ဆိုရသော်လည်း အပါယ် ၄-ပါးနှင့် စာလျှင် များစွာ သက်သာပါသေး၏။ ကုသိုလ်ကံများက အထိုက်အလျောက် အကျိုးပေးခွင့် သာသောကြောင့် မကောင်းသော အာရုံများမှ တိမ်းနိုင်ရှောင်နိုင်၍ ကောင်းသော အာရုံများကို တွေ့ကြုံနိုင်ကြပေသည်။

ဂတိဝိပတ္တိဖြစ်ပုံ
 
အပါယ် ၄-ပါးကို “ဂတိဝိပတ္တိ”ဟု ခေါ်၏။ ထို ဂတိဝိပတ္တိ၌ ဖြစ်ရသောအခါ အကုသိုလ်ကံများ အခွင့်သာ၏။ ငရဲကျရောက်သူ ပြိတ္တာဖြစ်သူတို့၌ အမြဲဒုက္ခရောက်၊ အမြဲအနှိပ်စက်ခံ၊ အမြဲပူလောင်နေရသဖြင့် အကုသိုလ်ကံတွေ ၀ိုင်း၍ အကျိုးပေးချင်တိုင် ပေးဖို့ အခွင့်သာကြပုံမှာ ဆိုဖွယ်မရှိ။ အထိုက်အလျောက် သက်သာသေးရဲ့ဟု ဆိုရသော တိရစ္ဆာန်၌ပင် အစာငတ်ဖို့၊ ရေငတ်ဖို့၊ နေပူမိုးရွာ လွန်စွာဆင်းရဲဖို့၊ တုတ်ဓား စသည်ဖြင့် အရိုက်အနှက် အသတ်အဖြတ် ခံရဖို့၊ တစ်ကောင်နှင့်တစ်ကောင် နှိပ်စက်သတ်ဖြတ် စားသောက်မူ ထိုဒုက္ခစုကို ခံဖို့ရန် အကုသိုလ်ကံတွေ အကျိုးပေးခွင့်သာ၏။ အလွန်သေးငယ်သော ပိုးမွှားတိရစ္ဆာန်များ၌ကား သွားရင်းလာရင်း သူကနင်း ငါကနင်းနှင့် သေခြင်းဆိုးဖြင့် သေဖို့ရန် အကုသိုလ်ကံတွေ အလွန့်အလွန် အခွင့်သာကြပေသည်။ ထို ဂတိဝိပတ္တိ ဆိုက်နေသောအခါ ရှေးရှေးဘ၀က ကုသိုလ်ကံတွေ ပါရှိနေကြသော်လည်း ကယ်ဆယ်ဖို့ရန် အခွင့်မရတော့ချေ။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated