@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 15 December 2014

သီလအကြောင်း[ပါဏာတိပါတဝိရတီ] (ကိုယ်ကျင့်အဘိဓမ္မာ - ၅၄)


သီလအကြောင်း
“ဒါနထက် သီလက မြတ်သည်”ဟု ပြောစမှတ် ပြုကြရာ၌ သာမန်လောက်စဉ်းစားလျှင် ထိုစကားကို ၀န်ခံဖို့ ခဲယဉ်း၏။ သို့သော် လေးလေးနက်နက် စဉ်းစားသောအခါ ကောင်းစွာ လုံလောက်သော အကြောင်းကို တွေ့ရပေသည်။ လောက၌ ရှိရှိသမျှ အလုပ်တို့တွင် သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်နှင့် သူတစ်ပါး ချမ်းသာအောင် ကူညီသောအလုပ်သည် ကောင်းသော အလုပ်အကျိုးများသော အလုပ်တို့ပေတည်း။
 
ဒါနအလုပ်နှင့် သီလအလုပ် ၂-မျိုးတွင် ဒါနသည် သူတစ်ပါးချမ်းသာအောင် ပြုနိုင်သော အလုပ်ဖြစ်၍ သီလအလုပ်က သူတစ်ပါးမဆင်းရဲအောင် စောင့်ရှောက်သော အလုပ်ဖြစ်၏။ [သီလအလုပ်ဟူရာ၌ ငါးပါးသီလ၊ အာဇီဝဋ္ဌမကသီလတို့ကို ဆိုလိုသည်။ ၈-ပါးသီလ၊ ၁၀-ပါးသီလတို့အတွက်မှာ အကြောင်းတစ်မျိုးပြဖွယ်ရှိ၏။]

 
ဒါနအလုပ် 
ချဲ့ဦးမည်- “ဘယ်သူမပြု မိမိမူ”ဆိုသည့်အတိုင်း သတ္တ၀ါ တစ်ဦးတစ်ယောက်သည် သူ့ကံအားလျော်စွာ ဆင်းရဲနေပြီဆိုပါစို့။ ထိုဆင်းရဲနေသူကို ကူညီထောက်ပံ့ခြင်း၊ စွန့်ကြဲပေးကမ်းခြင်းသည် ဒါနအလုပ်တည်း။ 
ထပ်၍ ပြဦးမည် - ယခုခေတ် ရဟန်းသံဃာစသော ပုဂ္ဂိုလ်များသည် တကယ်ဆင်းရဲနေသူများ မဟုတ်ကြ။ သို့သော် ထိုပုဂ္ဂိုလ်တို့၌ ကိုယ်ပိုင်ဟု ဆိုဖို့ရာ ရိက္ခာမလုံလောက်ချေ။ သို့ဖြစ်၍ တစ်နည်းအားဖြင့် ဆင်းရဲသူများပင် ဖြစ်၏။ ထို့ကြောင့် ဆင်းရဲသူတွင် ပါဝင်သော ထိုရဟန်းသံဃာတော်တို့အား လှူဒါန်းခြင်းသည်လည်း ကူညီခြင်းပင် ဖြစ်သည်။



ဘုန်းကံကြီး၍ ချမ်းသာနေသော ဆရာတော်တို့အား လှူဒါန်းခြင်းမျိုးလည်း ရှိသေး၏။ ထိုသို့ လှူဒါန်းရာ၌လည်း ဆရာတော်ကြီးမှာ လိုအပ်နေသော (ဆရာတော်နှင့် ထိုက်တန်အောင် မလုံလောက်သေးသော) အရာဝတ္ထုကို လှူဒါန်းခြင်းဖြစ်လျှင် ဆင်းရဲသူကို ကူညီခြင်းမျိုးပင် ဖြစ်၏။ 
 
ဆရာတော်မှာ အရာရာ ပြည့်စုံပြီးဖြစ်လျက် ဖြည့်စွက်လှူဒါန်းရာ၌ကား ဆရာတော်မှတစ်ဆင့် မရှိနွမ်းပါးသော တပည့်တပန်းတို့အား ဖြန့်ကမ်းဝေငှဖို့ရန် ဆရာတော်ကြီးအထံ အပ်နှံလှူဒါန်းခြင်းမျိုး ဖြစ်သောကြောင့် မရှိဆင်းရဲသူများအား ထောက်ပံ့ခြင်းနှင့် အလားတူပင်ဖြစ်၏။ 
 
ထို့ကြောင့် ဒါနအလုပ်ဟူသမျှသည် တစ်ယောက်နှစ်ယောက်ကစ၍ ကမ္ဘာသူ ကမ္ဘာသား ဆင်းရဲသူသတ္တ၀ါများကို စောင့်ရှောက်ရသော အလုပ်ကောင်းတစ်မျိုးဖြစ်ရကား ဒါနအကျိုးနားလည်သူမှန်လျှင် အလွန်ပြုချင်ဖွယ်ကောင်းပါပေသည်။
 
 
"ပါဏာတိပါတဝိရတီ"
 
သီလအလုပ်ကား သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်တည်း။ ချဲ့ဦးမည် - “ပါဏာတိပါတာ ဝေရမဏိ” စသော သိက္ခာပုဒ်သီလများကို မစောင့်ထိန်းဘဲ တွေ့ကရာကို သတ်နေလျှင် အသတ်ခံရသော သတ္တ၀ါမှာ မည်မျှဆင်းရဲမည်ကို စဉ်းစားကြည့်ပါလော့။ 
 
ထိုသိက္ခာပုဒ် သီလတစ်ခုမစောင့်ထိန်းဘဲ သတ်ချင်တိုင်း သတ်နေကြသည့်အတွက် မြစ်ထဲ၌ ငါးပေါင်းမည်မျှ၊ မြို့ရွာတို့၌ နွား ကျွဲ ဆိတ် ၀က် ကြက် ငှက် စသော သတ္တ၀ါပေါင်းမည်မျှ အသတ်ခံရ၍ သတ်ခါနီး၌ မည်မျှဆင်းရဲရှာကြမည်ကို လည်းကောင်း၊ လူအချင်းချင်း ရက်စက်စွာသတ်မူမှစ၍ စစ် အကြီးအကျယ် ခင်းလျက် သွေးခြင်းခြင်းနီအောင် သတ်နေကြသဖြင့် ကမ္ဘာအရပ်ရပ်ဝယ် စစ်ဖြစ်တော့မည် ကြားကတည်းက မည်မျှဆင်းရဲရှာကြမည်ကို လည်းကောင်း၊ မျက်မြင်နားကြားဖြင့် စဉ်းစားကြည့်သောအခါ ပါဏာတိပါတ သီလတစ်ပါးကို မစောင့်ထိန်းနိုင်ရုံမျှဖြင့် တစ်ယောက် နှစ်ယောက်စ၍ ကမ္ဘာသူကမ္ဘာသားများတိုင်အောင် ဆင်းရဲဒုက္ခများပုံကို မြင်ကြရသည် မဟုတ်ပါလော။


ပါဏာတိပါတမှ ရှောင်ကြဉ်၍ ပါဏာတိပါတ၀ိရတိသီလကို စောင့်ထိန်းလျှင်ကား သတ်ပုတ် ရိုက်နှက် နှိပ်စက် ညှဉ်းပန်းခံရ၍ မျက်ရည်တလည်လည်နှင့် အားငယ်ကြရသော ဆင်းရဲ၊ မချိမဆံ့ ခံစားရသော ဆင်းရဲမှ ကယ်ဆယ်ရာ ရောက်သောကြောင့် ဤသီလကို ၁-ယောက်စောင့်လျှင် တစ်ယောက်အတွက်၊ ၂-ယောက် ၃-ယောက်စောင့်လျှင် ၂-ယောက် ၃-ယောက်အတွက်၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး စောင့်လျှင် ကမ္ဘာသူကမ္ဘာသားအားလုံးအတွက် ထိုဆင်းရဲမျိုး မရကြတော့ဘဲ တွေ့ရာမြင်ရာ သတ္တ၀ါတို့ အပေါ်၌ မေတ္တာ ကရုဏာ မုဒိတာ တရားတွေ စိုစိုပြည်ပြည် ဖြစ်လျက် အလွန်ကျက်သရေရှိ၍ ပျော်ဖွယ်ကောင်းသော ကမ္ဘာကြီး ဖြစ်နေပေလိမ့်မည်။

 
နိုင်းယှဉ်ချက်
 
ဤပါဏာတိပါတ သီလတစ်ပါးတည်းပင် ဒါနနှင့် နိုင်းယှဉ်ကြည့်မူ သီလက သာလွန်မြင့်မြတ်ကြောင်း ထင်ရှားနေပေပြီ။ ဤနေရာဝယ် သူတစ်ပါးက တစ်စုံတစ်ရာပေး၍ စိတ်ချမ်းသာနေသူ တစ်ယောက်နှင့် အသတ်ခံရမည့်ဆဲဆဲမှ လွတ်လာ၍ နိုင်းယှဉ်ကြည့်လျှင် တစ်စုံတစ်ရာရ၍ စိတ်ချမ်းသာသူ၏ ချမ်းသာပုံထက် အသက်ဘေးမှ လွတ်လာသူ၏ ချမ်းသာပုံက ဆတက်ထမ်းပိုးမက အဆရာထောင် သာလွန်နေမည်ကို စဉ်းစားတတ်သူတိုင်း ၀န်ခံပါလိမ့်မည်။ 
 
အစာမရလျှင် သေရတော့မည့်သူကို အစာကျွေးသဖြင့် စိတ်ချမ်းသာမူသော်မှလည်း အသတ်ခံရတော့မည့်ဘေးမှ လွတ်မြောက်ခွင့်ရခဲ့သူ၏ စိတ်ချမ်းသာမူကို မီနိုင်မည်မဟုတ်ပါ။
 

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated