@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday, 5 June 2014

(၁.၆.၂၀၁၄)ပဋ္ဌာန်းအဘိဓမ္မာသင်တန်း (ပထမနေ့)

ဗောဓိပက္ခိယတရား (၃၇) ပါး


ဗောဓိပက္ခိယရဲ့ ပါဠိတိုက်ရိုက်အဓိပ္ပါယ်ကို ဗောဓိ၊ ပက္ခ၊ ဣယလို့ ပုဒ်ခွဲပြီး ဗောဓိ- သစ္စာလေးပါးကို သိတတ်သော မဂ်ဉာဏ်၊ ပက္ခ- အသင်းအပင်း၊ ဣယ-ဖြစ်ခြင်းလို့ အသီးသီး အဓိပ္ပါယ်ရကာ ဗောဓိဉာဏ်၏ အသင်းအပင်းဖြစ်သော တရားများလို့ နားလည်နိုင်ပါတယ်။

အလွယ်နားလည်အောင် ပြောရရင် ဗောဓိပက္ခိယဆိုတာ အရိယာမဂ်ဉာဏ်ကို ရရာရကြောင်းဖြစ်တဲ့ တရားများ၊ အရိယာမဂ်ဉာဏ်နှင့် အတူတကွ ဖြစ်တဲ့တရားများလို့ အဓိပ္ပါယ်ရပါတယ်။ အရေအတွက်အားဖြင့် ဗောဓိပက္ခိယတရား ၃၇ပါးရှိပါတယ်။ အဲဒါတွေက
သတိပဋ္ဌာန် ၄ ပါး၊ သမ္မပ္ပဓာန် ၄ ပါး၊ ဣဒ္ဓိပါဒ် ၄ ပါး၊ ဣနြေ္ဒ ၅ ပါး၊ ဗိုလ် ၅ ပါး၊ ဗောဇ္ဈင် ၇ ပါး၊ မဂ္ဂင် ၈ ပါး အားဖြင့် ပေါင်း (၃၇) ပါးတို့ပဲ ဖြစ်ပါတယ်။

" မြတ်ဗုဒ္ဓ၏ ဘုန်းတော်ခြောက်ပါး"


မြတ်စွာဘုရားရှင်သည် သူတကာတို့ထက်သာလွန်သော ဘုန်းတော်(၆)ပါး နှင့် ပြည့်စုံတော်မူသည်မှာ

(၁)။ ဣဿရိယဘုန်းတော်- မြတ်စွာဘုရားရှင်၏ စိတ်တော်သည် ကိုယ်တော်မြတ်၏ အလိုအတိုင်းလောကီ ဈာန်၊ သမာပါတ်နှင့်တကွ တန်ခိုးပြဋိဟာ ပြတော်မူရာ၌ဖြစ်စေ၊ (နိဗ္ဗာန်)ကို လိုအပ်သလို ဝင်စားနေရာ၌ ဖြစ်စေ အစိုးရတော်မူခြင်း။

(၂)။ဓမ္မဘုန်းတော်

ထူးခြားမြင့်မြတ်သည့် တရားတော်ကိုဟောနိုင်ခြင်း၊ မဂ်လေးပါး ၊ ဖိုလ်လေးပါးနှင့် နိဗ္ဗာန်တရားများကို ဗြဟ္မာ နတ်လူတို့အား
တစ်ဦး၏ စရိုက်နှင့် လျော်ညီစွာ ဟောပြနိုင်ခြင်း။


မေတ္တာလေ.ကျင်.ခန်း




မေတ္တာဟာ မိမိရဲ.သန္တာန်မှာ ပင်ကိုယ်က ရှိနေပေမယ်.လို. လေ.ကျင်.ပေးမှ အစွမ်းထက်မယ်၊ မလေ.ကျင်.ရင် အစွမ်းမထက်ဘူး။
အဲဒီတော. မေတ္တာဆိုတဲ. သဘောတရားကို ဘာနဲ.လေ.ကျင်.ရမလဲ၊ အာရုံနဲ.ပဲ လေ.ကျင်.ရမယ်။ စိတ်တစ်ခုကို ထက်မြက်လာအောင် လေ.ကျင်.ချင်ရင် အာရုံနဲ.လေ.ကျင်.ရမယ်။ ဓားထက်အောင် ဘာနဲ.လုပ်ရမလဲ၊ ကျောက်နဲ.သွေးရတယ်၊ ကျောက်ပေါ်တင်ပြီးသွေးမှ ဓားထက်တယ်။ ထို.အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေးဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ.လုပ်ရမလဲ၊ အာရုံပေါ်တင်ပြီးတော. လေ.ကျင်.ရမယ်။

မေတ္တာကို လေ.ကျင်.ခန်းလုပ်တဲ. နည်းတစ်ခု။ သာမာန်ကုသိုလ်ရရုံပို.တဲ.မေတ္တာမျိုး မဟုတ်ဘူး၊ သာမာန်ကုသိုလ်ရရုံ ပို.တဲ.မေတ္တာကတော. “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု” ဆိုတာပေါ.။ ဘုရားရှိခိုးရင်လည်း မေတ္တာပို.တာပဲလေ၊ သတ္တ၀ါတွေချမ်းသာကြပါစေ၊ အဲဒီဟာမျိုးကို ပြောတာမဟုတ်ဘူး။
မေတ္တာလေ.ကျင်.ခန်းဝင်ပြီဆိုတာ meditation အလုပ်ကို လုပ်ရမှာကိုပြောတာ။ meditation ပုံစံနဲ.မေတ္တာကို အာရုံနဲ.လေ.ကျင်.ရမယ်။ အာရုံဆိုတာဘာလဲ၊ မိတ်ဆွေသူငယ်ချင်းစတဲ. သက်ရှိသတ္တ၀ါနဲ. လေ.ကျင်.ရမယ်။ သေသွားတဲ.သူနဲ. လေ.ကျင်.လို.မရဘူး။ ဒီဘ၀မှာ ရှိနေတဲ. ပုဂ္ဂိုလ်နဲ.လေ.ကျင်.ရမယ်။

Wednesday, 4 June 2014

အနာဂတ်သာသနာရေး အပိုင်း(၅၈) မဂ္ဂသစ္စာရှင်းလင်းချက်



မဂ္ဂသစ္စာရှင်းလင်းချက်
“မဇ္ဈိမပဋိပဒါ” ဟူသော နာမည်ဖြင့် ပြခဲ့သော မဂ္ဂင်ရှစ်ပါးကိုပင်“မဂ္ဂသစ္စာ” ဟု ခေါ်၏၊ [မဂ္ဂ=နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း+သစ္စာ=အမှန်၊] သမ္မာဒိဋ္ဌိ အစရှိသော တရားရှစ်ပါးသည် မိမိသန္တာန်၌ ဖြစ်ပေါ်လာ သောအခါ၌ အရိယာအဆင့်သို့ တိုးတက်တော့၏၊ ထိုအရိယာ အဆင့်သို့ ရောက်လျှင် နိဗ္ဗာန်ကို ထင်ထင်ရှားရှား (မျက်စိဖြင့် မြင်ရသလို) မြင်နိုင်ပြီ၊ ချဲ့ဦးအံ့သမ္မာဒိဋ္ဌိသည် ကံနှင့်ကံ၏အကျိုး လောက်ကိုသာ သိမြင်နိုင်သော ကမ္မဿကတာသမ္မာဒိဋ္ဌိ, အနိစ္စ ဒုက္ခ အနတ္တဟု ရုပ်နာမ်တရားကို ရှုနိုင် သိမြင်နိုင်သော ၀ိပဿနာ သမ္မာဒိဋ္ဌိအပြင် မဂ္ဂသစ္စာ အဆင့်အတန်းသို့ ရောက်သော မဂ္ဂ သမ္မာဒိဋ္ဌိလည်း ရှိသေး၏။
          ထိုသုံးမျိုးတွင် ရှေ့နှစ်ပါးကို မဇ္ဈိမပဋိပဒါအခန်း၌ ပြခဲ့ပြီ၊ ရုပ် နာမ် ခန္ဓာကို အနိစ္စ ဒုက္ခ အနတ္တဟု ၀ိပဿနာသမ္မာဒိဋ္ဌိဖြင့် ရှုဖန် များလာသော် ကိလေသာ အနောက်အကျုတွေ စိတ်အစဉ်မှာ ကင်း၍ (၀ိပဿနာသမ္မာဒိဋ္ဌိ အဖြစ်မှ အဆင့်အတန်း တိုးတက် ရင့်သန်ကာ)  မဂ်ဉာဏ် အဖြစ်သို့  ရောက်သော  (မဂ္ဂသစ္စာတွင်ပါဝင်သော) မဂ္ဂသမ္မာဒိဋ္ဌိ ဖြစ်လာ၏၊ ဤနည်းအားဖြင့် အဆင့် အတန်း မြင့်၍ ရင့်သန်လာသော မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်အစစ် ဖြစ်ရကား “မဂ္ဂသစ္စာ”ဟု အမည်ရလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၅၇) သန္တိသုခကို အတ္တလည်း မခံစား

 
သန္တိသုခကို အတ္တလည်း မခံစား
တချို့ကမူ သန္တိသုခကို မှန်းဆ၍ သဘောပေါက်ကြ၏၊ သို့သော် “ရုပ်လည်း မဟုတ်, နာမ်လည်းမဟုတ်၊ ရုပ်နာမ်ချုပ်၍ အနှစ် အမြုတေကဲ့သို့ ကျန်နေသော အတ္တရှိ၏၊  ထိုအတ္တသည် သန္တိသုခကို ခံစား၏”ဟု တွေးဆကြ၏၊  တရားတော်အလို အတ္တဆိုသော အရာသည်ပင် မရှိသောကြောင့် ထိုအတွေးအဆသည် အတွေးအဆမျှသာ ဖြစ်၏၊ မခံစားရဘဲ ချမ်းသာပုံကို ဥပမာတစ်မျိုးဖြင့် ပြဦးအံ့…
          အလွန်စည်းစိမ်ကြီးသော လူချမ်းသာတစ်ယောက်သည် တီးကြ မှုတ်ကြ ကခုန်ကြနှင့် ယုယဖျော်ဖြေသူကလေးများ၏ အလယ်မှာ ထည်ထည်ဝါ၀ါ အိပ်ပျော်နေ၏၊ ဆင်းရဲသား လယ်သမားကလေး တစ်ယောက်ကား နေပူကျဲတောက် သစ်ပင်အောက်၌ လယ်ကန်သင်းရိုးကို ခေါင်းအုံးကာ အိပ်ပျော်နေရှာ၏၊  အိပ်ပျော်ချိန်၌ ထိုနှစ်ယောက်လုံးပင် ဘာမျှ မခံစားကြရ၊ အိပ်ရာမှ နိုးကြသော် ကိုယ်စီကိုယ်င “အိပ်ရ-ကောင်းလိုက်တာ”ဟု ကျူးရင့်ကြ၏၊ ဘာ ကောင်းသလဲ၊ အေးငြိမ်းချမ်းသာသော အကောင်းပင် မဟုတ်ပါလော၊ ထိုအကောင်းကို မည်သည့် အတ္တမျှ မခံစားပါ။

အနာဂတ်သာသနာရေး အပိုင်း(၅၆) သုခ နှစ်မျိုး



အသင်္ခတဓာတ်   ကမ္မဋ္ဌာန်းပေါက်၍ ရဟန္တာအဖြစ်သို့  ရောက်နေသူ၏သန္တာန်၌ (သမုဒယသစ္စာခန်း၌ ပြအပ် ခဲ့သော) တဏှာသည် လုံးဝမရှိတော့၊ တဏှာမရှိလျှင် နောက်ဘ၀ ခန္ဓာအသစ်ကို မလိုလားတော့ချေ၊ ကံကြောင့် ခန္ဓာအသစ် ဖြစ်ရသော်လည်း ထိုကံသည် သူ့ချည်းသက်သက် ခန္ဓာအသစ်ဖြစ်အောင် ပြုစီမံခြင်းငှာ မစွမ်းနိုင်၊ တဏှာအဖော် ပါမှသာ စီမံနိုင်သည်၊
ထို့ကြောင့် ရဟန္တာသန္တာန်၌ ရှိသမျှ ကောင်းမှုတွေသည် (အသီး မသီးသော လေပွင့်များကဲ့သို့) နောင်သံသရာဝယ် ခန္ဓာအသီးကို မသီးစေနိုင်တော့ရကား ရဟန္တာတို့၏ နောက်ဆုံးရုပ်နာမ် ချုပ်သည် နှင့် တစ်ပြိုင်နက် (စုတေသည်နှင့်တစ်ပြိုင်နက်) ရုပ်နာမ်ခန္ဓာအဆက် မရှိတော့ဘဲ အသင်္ခတဓာတ်သာ တည်ရစ်တော့သည်။ [အသင်္ခတ= ကံလည်း မပြုရ, စိတ် ဥတု အာဟာရလည်း မပြုရဘဲ + ဓာတု = အေးငြိမ်းခြင်းသဘောကို ဆောင်နေသောဓာတ်။]
အရိယာဖြစ်လျှင် မြင်ရပြီ
ဗုဒ္ဓမြတ်စွာသည် ထိုအသင်္ခတဓာတ်ဖြစ်သော နိရောဓသစ္စာကို ဗုဒ္ဓဖြစ်ခါနီးဝယ် သစ္စာ လေးပါးကို မဂ်ဉာဏ်လေးပါးဖြင့် မြင်တုန်းကပင် မြင်ခဲ့ရပြီ၊ ထိုနိရောဓသစ္စာနိဗ္ဗာန်ချမ်းသာကို ဖလသမာပတ် ၀င်စားတော်မူကာ မကြာ မကြာ ခံစားတော်မူ၏၊ ပရိနိဗ္ဗာန်စံတော် မူခါနီး၌လည်း စုတိတော် မရောက်မီ ဈာန်သမာပတ် ၀င်စားတော် မူ၏၊ ထိုသို့ မ၀င်စားမီ ထိုဖလသမာပတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုကာ လွန်စွာချမ်းသာတော်မူသည်၊ အခြားအရိယာများလည်း ထိုဖလ သမာပတ်ဖြင့် မိမိ၏ နိဗ္ဗာန်ကို အာရုံပြုကာ ချမ်းသာတော်မူနိုင်ကြပေသည်။

Tuesday, 3 June 2014

အနာဂတ်သာသနာရေး အပိုင်း(၅၅) နိရောဓသစ္စာ ရှင်းလင်းချက်



နိရောဓသစ္စာ ရှင်းလင်းချက်   
[နိရောဓ = ချုပ်ရာ, ကုန်ခန်းရာ၊]
ပြခဲ့သော သစ္စာ နှစ်ပါးတို့တွင်  သမုဒယတဏှာသည် ဒုက္ခဖြစ်ဖို့ရန် “အကြောင်းသစ္စာ”ပင်တည်း၊ ဒုက္ခဟူသမျှကား… တဏှာအရင်းခံ၍ ဖြစ်ရသော “အကျိုးသစ္စာ” ပင်တည်း၊ အကြောင်း တဏှာသမုဒယ ချုပ်ဆုံးလျှင် အကျိုးဒုက္ခအားလုံးလည်း ချုပ်ဆုံးရမည်သာ ဖြစ်၏၊ ကမ္မဋ္ဌာန်းကို အားထုတ် နေသူတို့သည် ကမ္မဋ္ဌာန်းလမ်းစဉ်ဖြင့် တက်သွားသောအခါ ဤ “နိရောဓ’’ မည်သော နိဗ္ဗာန်ကို ဉာဏ်ဖြင့် အထင်အရှား မြင်ကြ၏၊
ပထမအကြိမ် မြင်လိုက်လျှင်ပင် (သောတာပန်ဖြစ်၍) သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ နှစ်မျိုးနှင့် တွဲဖက်ဖြစ်သော ဘ၀တဏှာ, ၀ိဘ၀တဏှာ နှစ်မျိုးလုံး ထိုပုဂ္ဂိုလ်၏သန္တာန်မှ ကင်းသွားတော့၏၊ ဆက်လက် အားထုတ်၍ ထိုနိဗ္ဗာန်တရားကို ဒုတိယအကြိမ် မြင်လာသောအခါ (သကဒါဂါမ် ဖြစ်၍) ကာမတဏှာသည် အတော်နည်းသွား၏၊ တတိယအကြိမ် မြင်ပြန်သောအခါ (အနာဂါမ် ဖြစ်၍) ကာမတဏှာ အားလုံး ကုန်လေပြီ။

အနာဂတ်သာသနာရေး အပိုင်း(၅၄) သမုဒယသစ္စာရှင်းလင်းချက်

 
သမုဒယသစ္စာရှင်းလင်းချက်
ပြခဲ့သောဒုက္ခတွေသည် အကြောင်းမဲ့သက်သက်  ဖြစ်ရသည် မဟုတ်၊ ဗြဟ္မာမင်း စသူတို့ ဖန်ဆင်းမှုကြောင့် ဖြစ်ရခြင်းလည်း မဟုတ်၊ “သမုဒယ”ဟု ခေါ်သော တဏှာ လောဘကြောင့်သာ ဖြစ်ရသည်၊ ချဲ့ဦးအံ့… သတ္တ၀ါတို့၌ ကိုယ့်ကိုယ်ကို နှစ်သက်တွယ်တာမှု (တဏှာ)သည် လွန်စွာအားကြီး၏၊ “သူများကို ချစ်ပါသည်”ဟု ဆိုသော်လည်း ထို အချစ်ခံရသူက ကိုယ့်အလိုကို ဖြည့်ပေးခြင်း, ကိုယ့်မှာရှိသော တဏှာ၏ အလိုမကျ ဖြစ်နေခြင်းကြောင့် သူ့ကို ချစ်ရခြင်း ဖြစ်သည်၊
မိဘက သား သမီးကို ချစ်သည်ဟု ဆိုရာ၌ သား သမီးတို့ကို ကြည့်နေရလျှင် ကိုယ့်သန္တာန် တဏှာသည် သာသာယာယာ ရှိ၏၊ ထို့ကြောင့် မိဘက သား သမီးကို ချစ်၏၊ ထိုချစ်ပါသည်ဟု ဆိုရသော သားက (သမီးက) ကိုယ့်နာမည် ပျက်အောင် ကိုယ့်စီးပွား ဆုတ် ယုတ်အောင် လုပ်လိုက်လျှင် ထိုသားအပေါ် (သမီးအပေါ်)၌ အချစ် လျော့သွား၏၊ ကြပ်ကြပ် အပြစ်ပြုသောအခါ ထိုသား သမီးကိုပင် မုန်းလာသည်၊ (သား သမီးအပေါ် တဏှာချစ် ကင်း၍ ဒေါသ ဖြစ်လာသည်)ဟု ဆိုရသည်၊ သမီး ခင်ပွန်း အချင်းချင်း ချစ်ကြခြင်း မုန်းကြခြင်းများလည်း ဤနည်းနှင်နှင်တည်း၊ အမှန်မှာ “အတ္တသမံ ပေမံ နတ္ထိ=ကိုယ့်ကိုယ်ကို ချစ်ခြင်းနှင့် တန်းတူသော ချစ်ခြင်း မရှိ” ဟုသာ မှတ်ပါ။

ပဋ္ဌာန်း အမွှန်း

( ပဋ္ဌာန်း အမွှန်း )

နီလာ နီလာ နိစ္ဆရန္တိ ၊ ပီတာ ပီတာ စ ရံသိယော ။
လောဟိတာ လောဟိတာ စာဘာ ၊ သြဒါတောဒါတရံသိယော ။

တမှာ တမှာ စ မဉ္ဇိဋ္ဌာ ၊ ပဘာသန္တိ ပဘဿရာ ။
ဧ၀ံ ဆဗ္ဗဏ္ဏရံသီ သော ၊ ဌာတု မေ ဘဂ၀ါ သိရေ ။

ပဋ္ဌာနံ-နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို။ သမ္မသန္တဿ-အနုလုံ ပဋိလုံ အစုန်အဆန် အဖန်ဖန် ဆင်ခြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏။
နီလာ-ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသောအရပ်ဌာနမှ။
နီလာ-ကြာညို ခွါညို, ရတနာအညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၁)



သုတ်ပါထေယျပါဠိတော်
သိင်္ဂါလောဝါဒသုတ်မှ ထုတ်နုတ်ချက်


သိင်္ဂါလသတို့သား။ ။ သိင်္ဂါလသတို့သားသည် နဂိုက ဘုရားကို မကြည်ညို၊ ထို့နောက် ဘုရားရှင်၏ လောကကြီးပွား ရေးတရားများကို ကြားရမှ ဘုရားကို ကြည်ညို၍ တရား သံဃာတော်ကိုပါ ကိုးကွယ်ဆည်းကပ်လေသည်။ ထိုသတို့သားအား ဟောတော်မူအပ်သော တရားတော်သည် ဗျဂ္ဃပဇ္ဇသုတ်၌ ပါပြီးသော တရားတော်များနှင့် တချို့ သဘောတူ၏။ ထို့ကြောင့် သဘောမတူသော တချို့ကျင့်ဝတ်များကို ထုတ်ပြပါမည်။

အဂတိမလိုက်ရ။ ။ ဘက်လိုက်ခြင်း မျက်နှာလိုက်ခြင်းကို “ အဂတိဂမန= မလိုက်ထိုက်သည်ကို လိုက်ခြင်း၊ မပြုထိုက်သည်ကို ပြုခြင်း ’’ ဟု ခေါ်၏။ ထိုအဂတိသည် “ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ’’ ဟု လေးပါးရှိ၏။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၂)


ဥစ္စာပျက်ကြောင်း (၆)ပါး

(၁) သေရည်အရက် ဘိန်းကစော် သောက်စားမှုကို အထပ်ထပ် ပြုလုပ်ခြင်း။
(၂) အချိန်မရှိမှ လမ်းထွက်မှုကို ပြုခြင်း။
(၃) ပွဲသဘင်၌ လှည့်လည်ခြင်း။
(၄) အလောင်းအစား အကစားမှုကို အဖန်ဖန်ပြုခြင်း။
(၅) မကောင်းသော မိတ်ဆွေနှင့် အခါခါ ပေါင်းခြင်း။
(၆) ပျင်းရိမှုကို အဖန်ဖန် ပြုခြင်း။
ဤ(၆)ပါးသည် စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၏ အကြောင်းများ ဖြစ်ကြသည်။

ဆောင်။ ။ အရက်သေရည်၊ ဘိန်းစသည်ကို၊ အလီလီရက်၊ သောက်စားဖက်၏။ လမ်းထွက်လည်သော်၊ ချိန်မတော်တည့်၊ ရွှင်ပျော်ပျော်ပင်၊ ပွဲသဘင်ဝယ်၊ အစဉ်လောင်းစား၊ အကစားနှင့်၊ တရားပျက်ချော်၊ မသူတော်ကို၊ မိတ်ဖော်အပေါင်း၊ ချစ်ဆွေကောင်းတဲ့၊ အကြောင်းပေါ်ငြား၊ အပျင်းများသည်…. ခြောက်ပါး ဥစ္စာပျက်ကြောင်းတည်း။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၃)



အချိန်မတော် လှည့်လည်ပြစ် (၆)ပါး

(၁) မိမိကိုယ်ကိုသော်မှ လုံခြုံအောင် မစောင့်ရှောက်နိုင်ခြင်း။
(ညဥ့်အခါ အချိန်မတော်မှ လမ်းထွက်လျှင် မီးမပါသူမှာ သစ်ငုတ်စသည်ကိုလည်း နင်းမိတတ်၏၊ ညဥ့်အခါ၌ မြွေများထွက်တတ်၊ တစ္ဆေသရဲတို့ လှည့်လည်တတ်ရကား ထိုမြွေ၊ ထိုတစ္ဆေသရဲတို့နှင့် တွေ့ရတတ်၏၊ ရန်သူတို့ကသော်လည်း ချောင်း၍ ဖမ်းတတ် သတ်တတ်၏၊ ထို့ကြောင့် မိမိကိုယ်ကို လုံခြုံအောင် မစောင့် ရှောက်နိုင်။)
(၂) သားမယားကိုလည်း လုံခြုံအောင် မစောင့်ရှောက်နိုင်ခြင်း။
(အိမ်ရှင်လုပ်သူက အချိန်မတော် လမ်းထွက်သွားသောအခါ သားသမီးများနှင့် အိမ်ရှင်မသည်လည်း အချိန်မတော် လမ်းထွက်တတ်ကြ၏၊ ထို့ကြောင့် သားသမီးများလည်း ဘေးရန်တွေ့ရတတ်၏၊ အိမ်ရှင်မလည်း အခြားယောက်ျား နှင့် ဖောက်ပြား၍ ပျက်စီးတတ်၏၊ မိမိအိမ်မှာပင်လည်း အိမ်ရှင်ယောက်ျားမရှိသော ညဥ့်အချိန်မှာ အခြားယောက်ျား က အတင်းဖျက်သောကြောင့် ပျက်စီးရတတ်၏၊ ဤနည်းအားဖြင့် သားသမီး မယားများပင် မလုံခြုံဘဲ ရှိရသည်။)

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၄)


အလောင်းအစားအပြစ် (၆)ပါး

အလောင်းအစား ကစားမှုစသည်ကို ပြုရာ၌…..
(၁) နိုင်သူသည် သူ့ဥစ္စာကို (အပေါင်ပြုထားသော ပုဆိုး ခေါင်းပေါင်းစသည်ကို) အများရှေ့၌ပင် ယူရ၏။ ထို့ကြောင့် နိုင်သူကို ရှုံးသူက ရန်ငြိုးထားသောကြောင့် ရန်များတတ်လေသည်။
(၂) ရှုံးသူလည်း ဆုံးရှုံးသွားသော မိမိဥစ္စာများကို တွေးကာ နှမြောရ ဝမ်းနည်းရ၏။
(၃) လက်တွေ့အားဖြင့် ဥစ္စာကုန်ခန်းရ၏။
(ကစားသမားတို့တွင် ပစ္စည်းဥစ္စာနှင့် နေနိုင်သူ အနည်းငယ်သာ ရှိ၏၊ ကစားသမားအများစုမှာ နဂိုရှိပြီးသော ပစ္စည်းပါ ကုန်တတ်လေသည်။)
(၄) တရားရုံး၌ ကစားသမားကို သက်သေပေးလျှင် တရားတွေ့ဘက်တို့က သူဟာ ကစားသမား ဖြစ်သောကြောင့် သူ၏စကားကို အတည်မယူသင့်ပါဟု ပြောဆိုတတ်ကြ၏။
(၅) မိတ်ဆွေတို့က ပြောဆိုဆုံးမ၍ မရသောကြောင့် ထိုကစားသမားကို အပေါင်းအသင်း မလုပ်ကြတော့၊ သူ့ကို အကူအညီ မပေးကြတော့၊ သူ့အတွက် တရားရုံး၌ ကိစ္စရှိလျှင်လည်း သက်သေ မလိုက်ကြတော့၊ ဤနည်း အားဖြင့် မိတ်ဆွေများ၏ လွှမ်းမိုးခြင်းကို ခံရလေသည်။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၅)


မိတ်ဆွေတု (၄)ယောက်

(၁) အညဒတ္ထုဟရ - စင်စစ်အားဖြင့် သူကသာ ဆောင်ယူတတ်သူ။
(၂) ဝစီပရမ - စကားအားဖြင့် ပေးတတ်သူကဲ့သို့ ဖြစ်သူ။
(၃) အနုပိယဘာဏီ - အလိုလိုက်၍ အကြိုက်ကိုသာ ပြောတတ်သူ။
(၄) အပါယသဟာယ - ပျက်စီးကြောင်းအမှုတို့၌ အပေါင်းအဖော်ဖြစ်သူ။
ဤလေးယောက်သည် မိတ်ဆွေခေါ်ရသော်လည်း မိတ်ဆွေအစစ် မဟုတ်ကြ၊ စီးပွားပျက်စီးကြောင်းဖြစ်သော မိတ်ဆွေအတုများသာ ဖြစ်ကြသည်။

အညဒတ္ထုဟရ။ ။ အညဒတ္ထု= စင်စစ်အားဖြင့် + ဟရ= သူကသာ ဆောင်ယူတတ်၊ သူကသာ အသာယူတတ်သော မိတ်ဆွေတုသည် လေးယောက်ရှိ၏။
(က) မိတ်ဆွေ၏အိမ်သို့ သွားသောအခါ မိမိက ပေးဖို့ မရည်ရွယ်ဘဲ ထိုအိမ်၌ အဝတ်စသည်ကို မြင်၍ လိုချင်သောကြောင့် ထိုပစ္စည်းကို ချီးမွမ်း၏။ အိမ်ရှင်က မပေးလိုက်လျှင်မကောင်းသောကြောင့် ထိုပစ္စည်းကို ပေး လိုက်ရ၏။ ထိုသူလည်း မိတ်ဆွေတု တစ်ယောက်။
(ခ) မိတ်ဆွေအိမ်သို့ သွားသောအခါ မိမိက လက်ဆောင် အနည်းငယ်ကို ယူသွား၍ မိတ်ဆွေထံမှ များများရဖို့ရန် မျှော်လင့်သူ။
(ဂ) မိမိမှာ ဘေးတစ်စုံတစ်ခု ဖြစ်နေချိန်ဝယ် မိတ်ဆွေ၏ အကူအညီကို လိုလား၍ အလုပ်ကို (အစေ အပါးကဲ့သို့) အလွန်ပြုလုပ်ပေးတတ်သော်လည်း မိမိမှာ ဘေးရန်မရှိလျှင်ကား ထိုကဲ့သို့ မလုပ်သူ။
(ဃ) မိတ်ဆွေအဖြစ်ဖြင့် ပေါင်းသော်လည်း တကယ်အကျိုးလိုလား၍ ပေါင်းသည်မဟုတ်၊ မိမိအတွက် တစ်စုံတစ်ခုသော အကျိုးကို မျှော်၍ပေါင်းသူ။
ဤလေးယောက်သည် သူ့ဘက်ကချည်း အသာယူ၍ ပေါင်းသောကြောင့် မိတ်ဆွေစစ် မဟုတ်၊ မိတ်ဆွေအတုသာ ဖြစ်သည်။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၆)


မိတ်ဆွေစစ် (၄)ယောက်

(၁) ဥပကာရ - ကျေးဇူးပြုတတ်သူ။
(၂) သမာနသုခဒုက္ခ - ကောင်းတူ ဆိုးဖက်ဖြစ်သူ။
(၃) အတ္ထက္ခာယီ - ကောင်းသော စီးပွားရေး ချမ်းသာရေးကို ပြောပေးလေ့ရှိသူ။
(၄) အနုကမ္ပက - မိမိကို သနားစောင့်ရှောက်တတ်သူ။
ဤလေးယောက်သည် အလွန် ချစ်စရာကောင်းသော မိတ်ဆွေအစစ်များ ဖြစ်ကြ၏။

ဥပကာရ။ ။ ကြုံလာသော ကိစ္စအားလျော်စွာ ကျေးဇူးပြုဖော်ရသော မိတ်ဆွေကို “ ဥပကာရမိတ်ဆွေ ’’ ဟု ခေါ်၏။
(က) မိမိမိတ်ဆွေ သေရည်အရက်သောက်၍ မူးနေသည်ကိုသော်လည်းကောင်း၊ အခြားတစ်စုံတစ်ခုသော အကြောင်းကြောင့် မေ့နေသည်ကိုသော်လည်းကောင်း တွေ့ရလျှင် ထိုသူ၏ အဝတ်အထည် လက်ဝတ်တန်ဆာများ ကို သူတစ်ပါး ယူသွားမည်စိုး၍ အနားက မခွာဘဲ စောင့်ရှောက်ဖော်ရသူ။
(ခ) ထိုကဲ့သို့ မူးမေ့နေသောကြောင့်ဖြစ်စေ၊ အရပ်တစ်ပါးသို့ သွားနေသောကြောင့်ဖြစ်စေ အိမ်ကဥစ္စာကို သူတစ်ပါးတို့ ခိုးယူသွားမည်စိုး၍ ဥစ္စာကို စောင့်ရှောက်ပေးသူ။
(ဂ) မိတ်ဆွေ၌ ကြောက်စရာဘေး ပေါ်လာလျှင် ထိုဘေးကို ကာကွယ်သောအားဖြင့်ဖြစ်စေ၊ စိတ်အားမငယ်အောင် “ ဘာကြောက်ရမှာလဲ ’’ စသည်ကို ပြော၍ အားပေးသောအားဖြင့်ဖြစ်စေ အားကိုးရသူ။
(ဃ) မိတ်ဆွေ၌ ငွေကုန်ဖို့ရန် ကိစ္စတစ်ခုခုကြုံလျှင် (မိမိကလည်း ထောက်ပံ့နိုင်ပါမူ) သူက တောင်းလာ သော အကူအညီထက် ပို၍ပင် ပေးသူ။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၇)


အနုကမ္ပက။ ။ သနားစောင့်ရှောက်တတ် ချီးမြှောက်တတ်သော မိတ်ဆွေကို “ အနုကမ္ပက ’’ ဟု ခေါ်၏။ ထိုမိတ်ဆွေလည်း လေးမျိုးပင် ရှိ၏။

(က) မိတ်ဆွေမှာ ဥစ္စာစည်းစိမ် ဂုဏ်သိန်ရာထူး ပျက်သည်ကိုဖြစ်စေ၊ မိတ်ဆွေ၏ သားသမီး အခြွေအရံ တို့မှာ ထိုကဲ့သို့ ပျက်သည်ကို ဖြစ်စေ မြင်ရ ကြားရလျှင် စိတ်မကောင်းဖြစ်သူ။ (နဂိုက ကိုယ့်ထက်သာ၍ မနာလိုနေသူတို့ကား ထိုကဲ့သို့ ပျက်စီးသည်ကို မြင်ရ ကြားရလျှင် ပျော်ရွှင်တတ်ကြသည်။)
 

(ခ) မိတ်ဆွေမှာဖြစ်စေ၊ မိတ်ဆွေ၏ သားသမီး အခြွေအရံတို့မှာဖြစ်စေ ဥစ္စာ စည်းစိမ် ဂုဏ်သိန် ရာထူး တိုးတက်နေသည်ကို မြင်ရ ကြားရလျှင် ဝမ်းမြောက်သူ။
(နဂိုက မနာလိုနေသူတို့ကား ထိုသို့ တိုးတက်သည်ကို မြင်ရ ကြားရလျှင် စိတ်မချမ်းမသာ ဖြစ်တတ်ကြသည်။
 

(ဂ) မိမိမိတ်ဆွေ၏အပြစ်ကို အခြားသူတို့က ပြောလျှင် “ ဒီလို မပြောပါနှင့်၊ ဒီအပြစ်မျိုး မရှိပါ ” ဟု ကန့်ကွက်တားမြစ်သူ။
(နဂိုက ဣဿာ(မနာလို) ဖြစ်နေသူတို့ကား ထိုသို့ အပြစ်ပြောသံကြားလျှင် ထောက်ခံ၍ပင် ပြောတတ်ကြသည်။)
 

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၈)



ပျားကို ပုံပြု။ ။ စီးပွားကို တရားသဖြင့် စုဆောင်းရာ၌ လုံးခနဲ ခဲခနဲ တစ်ခါတည်း စုပုံ၍ ရဖို့ရာ မလွယ်ကူပါ။ ရှေးဦးစွာ ပျားတို့၏ ပျားရည်စုပုံကို စဉ်းစားပါ။ ပျားတို့သည် ပန်းပွင့်ပေါင်းများစွာမှ ဝတ်ရည်ကို စုပ်ယူကြ၏။ ထိုသို့ စုပ်ယူသည့် အတွက် ပန်းပွင့်တို့သည် ညှိုးနွမ်း ခြောက်သွေ့၍ မနေရစ်၊ လန်းမြဲလန်း၊ လှမြဲလှ၊ မွှေးမြဲမွှေးနေရစ်၏။ သို့သော် ပျားတို့၌ကား ပျားရည်တွေ များစွာ စုမိလေသည်။ ထို့အတူ အရောင်းအဝယ်လုပ်ရာ၌လည်းကောင်း၊ အလုပ်ရှင် အလုပ်သမားဖြစ်ရာ၌လည်းကောင်း မိမိနှင့် စီးပွားဖက်ဖြစ်ကြသူတို့ကို ဆင်းရဲမနေရစ်စေဘဲ သူတို့အထံမှ ထိုက်တန် သော ရစရာများကို နည်းနည်းစီ (သို့မဟုတ်) နေ့စဉ်ရအောင် ယူသောအားဖြင့် မိမိမှာ စီးပွားစုမိအောင် တရားသဖြင့် စုရပါသည်။

ခြကို တု။ ။ “ ခြ ” ဟု ခေါ်အပ်သော သတ္တဝါကလေးတို့သည် မြေမှုန့််ကလေးများကို အနည်းငယ်စီ သယ်ယူကြ၏။ ထိုသို့ သယ်ယူပုံကို ကြည့်ရလျှင် တောင်ပို့ကြီး ဖြစ်လိမ့်မည်ဟု ထင်နိုင်စရာ မရှိ။ သို့သော် ထိုခြကလေးများသည် လုံ့လဝီရိယ အလွန်ကောင်းရကား မကြာမီပင် သူတို့နေဖို့ရာ တောင်ပို့ကြီး ဖြစ်လာလေသည်။ ထို့အတူ တစ်နေ့ တစ်နေ့လျှင် တစ်မူး တစ်မတ်မျှလောက် စုနိုင်ရုံဖြင့် ဥစ္စာကြွယ်ဝသူ ဖြစ်နိုင်မည်ဟု မထင်နိုင်ပါ။ သို့ရာတွင် မှန်မှန်စုလိုက်သောအခါ အတော်ကြာလျှင် ဥစ္စာအထုပ်ကလေးကို မြင်ရ၍ ထိုအထုပ်ကလေးမှ အထုပ်ကြီးဖြစ်ကာ ဥစ္စာရှင် ဖြစ်လာနိုင်ပါသည်။

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၉)



မိဘနှစ်ပါး

ဗုဒ္ဓမြတ်စွာသည် မိဘနှစ်ပါးကို ဗြဟ္မာဟုလည်းကောင်း၊ ဆရာဟုလည်းကောင်း၊ အလှူခံထိုက်သော ပုဂ္ဂိုလ် ဟု လည်းကောင်း တင်စား၍ ဟောတော်မူ၏။
(တိက အင်္ဂုတ္တိုရ်၊ ပထမပံ၊ ဒေဝဒူတဝဂ်၊ ပထမသုတ်)

ဗြဟ္မာနှင့်တူပုံ။ ။ ဗြဟ္မာတို့သည် သတ္တဝါတို့အပေါ်၌ မေတ္တာစိတ် ကရုဏာစိတ် မုဒိတာစိတ် ဥပေက္ခာစိတ် ထားနိုင်ကြသကဲ့သို့ မိဘတို့လည်း သားသမီးတို့အပေါ်၌ ထိုစိတ်လေးမျိုးစလုံး ထားနိုင်ကြသည်။ ထို့ကြောင့် မိဘနှစ်ပါးကို ဗြဟ္မာနှင့် စိတ်ခြင်းတူသောကြောင့် “ ဗြဟ္မာ ” ဟု တင်စား၍ ခေါ်နိုင်ပေသည်။

မိဘ၏ မေတ္တာစိတ်။ ။ ကလေးငယ်သည် ဝမ်းထဲ၌ ပဋိသန္ဓေ တည်နေစဉ် “ ငါ၏ ကလေးမျက်နှာကို ကိုယ်အင်္ဂါ ပြည့်ပြည့်စုံစုံဖြင့် ဘယ်တော့ မြင်ရပါ့မတုံး ” ဟု ကလေးကို မြင်လိုသော မေတ္တာစိတ်သည် မိဘတို့မှာ မဖွားမီကပင် ဖြစ်နေ၏။ ဖွားမြင်လာသော ကလေးမျက်နှာကို မြင်ရ၍ အလွန်ခင်မင်သော မေတ္တာစိတ် ဖြစ်ပြန်လေသည်။ (ဤသို့ ကလေးမျက်နှာကို မြင်ရခြင်းကိုအကြောင်းပြု၍ မွေးဖွားခြင်းကို “ မျက်နှာမြင် ” ဟု ခေါ်ကြသည်။)
မိဘ၏ ကရုဏာစိတ်။ ။ မိမိ၏ ကလေးငယ်သည် ပက်လက်ကလေး အိပ်နေတုန်းဝယ် ခြင်ကိုက်ခြင်း၊ ကြမ်းပိုး ကိုက်ခြင်း၊ နို့ဆာခြင်းကြောင့် ငိုသော အသံကို မိဘတို့ ကြားလိုက်ရလျှင် သနားသော ကရုဏာစိတ် ဖြစ်၏။ ထိုကရုဏာကြောင့် အပြေးလာ၍ ခြင်ကို ခြောက်ကြ၊ နို့တိုက်ကြ၏။ မကျန်းမမာ ဖြစ်ပြန်လျှင် အလွန်သနားသော ကရုဏာစိတ် ဖြစ်ကြပြန်၏။ ဤသို့လျှင် မိဘတို့မှာ အခါအားလျော်စွာ ကရုဏာစိတ်လည်း ဖြစ်ရလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၅၃) သစ္စာလေးပါးပါဠိတော်မြန်မာပြန် နှင့် ဒုက္ခသစ္စာရှင်းလင်းချက်



သစ္စာလေးပါးပါဠိတော်မြန်မာပြန်
ဒုက္ခသစ္စာ
ဘိက္ခုတို့ … ယခုပြမည့် တရားသည် ““ဒုက္ခ””ဟုခေါ်အပ်သော အရိယသစ္စာတည်း၊ ပဋိသန္ဓေ နေရခြင်းလည်း ဒုက္ခ, အိုရခြင်းလည်း ဒုက္ခ, နာရခြင်းလည်း ဒုက္ခ, သေရခြင်းလည်း ဒုက္ခ, မုန်းသူတို့နှင့် အတူနေရခြင်းလည်း ဒုက္ခ, ချစ်သူတို့နှင့် ကွဲရခြင်းလည်း ဒုက္ခ, လိုတာမရခြင်းလည်း ဒုက္ခ, အချုပ်အားဖြင့်ကား…(ဥပါဒါန်ဟု ခေါ်ရသော တဏှာ, ဒိဋ္ဌိတို့၏ အာရုံဖြစ်သော) ဤ ခန္ဓာတစ်ကိုယ်လုံး ဒုက္ခတုံးကြီး ဖြစ်သည်။
သမုဒယသစ္စာ
ဘိက္ခုတို့    ယခုပြမည့်  တရားသည်  ““ဒုက္ခသမုဒယ””ဟု ခေါ်အပ်သော အရိယသစ္စာတည်း၊ တဏှာသည် နောက်ဘ၀သစ်ကို ပြုလေ့ရှိ၏၊ နှစ်သက်မှု တပ်မက်မှု နှင့်အတူ ဖြစ်၏၊ ခန္ဓာကိုယ် အတ္တဘော ဖြစ်ဖြစ်သမျှ၌ လွန်စွာ စုံမက် နှစ်သက်တတ်၏၊ ဤတဏှာဟူသည် အဘယ်နည်း၊… ကာမဂုဏ်တို့၌ တပ်မက်မှု ကာမတဏှာ, သဿတဒိဋ္ဌိနှင့်အတူ ဖြစ်သော ဘ၀တဏှာ, ဥစ္ဆေဒဒိဋ္ဌိနှင့်အတူဖြစ်သော ၀ိဘ၀တဏှာ ဤသုံးပါးတည်း။

Monday, 2 June 2014

နတ်တော်လ





  

နတ်တော်လ

နတ်တော်သည် မြန်မာပြက္ခဒိန်၏ နဝမလ။ နတ်တော်လတွင် ၂၉ ရက်ရှိသည် (ရက်မစုံ)။

နတ်တဝ် (နတ်တော်) အမည်ရှိသည့် ကိုးလမြောက် မြန်မာလသည် နိုဝင်ဘာ၊ ဒီဇင်ဘာ အတွင်း ကျရောက်သည်။ ရှေးမြန်မာတို့ နတ်ကိုးခြင်းမှာ ဗုဒ္ဓသာသနာအား လက်ခံရရှိခြင်း မရှိခဲ့စဉ်ကတည်းက ဖြစ်သောကြောင့် 'တဝ်' ဝေါဟာရသည် 'မြတ်သည်' ဟုအဓိပ္ပာယ် ရပြီး ယခုလအတွင်း ကောက်ပဲသီးနှံ ရိတ်သိမ်းသည့်အခါ သီးနှံ အများအပြား ရစေရန် နတ်ကိုးလေ့ရှိကြသလို ယခုလအတွင်း တောင်သူများ ကောက်ကြီးစပါး ရိတ်သိမ်းကြသည်။ အထိမ်းအမှတ် ပန်းမျာ သဇင်ပန်း (Bulbaphyllum-auricomum) ဖြစ်တယ်။
ပွဲတော်

နတ်တော်လတွင် စာဆိုတော်ပွဲရှိသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated