@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 4 March 2015

အမှတ်စဉ်(၆၃) {ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ပဿဒ္ဓိသဗ္ဗောဇ္ဈင်၊ ဆန့်ကျင်ဘက်တရား၊ အဓိပ္ပါယ်တစ်မျိုး } အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ)



စိတ်ဖြူစင်မှု အင်အားစုများ

အပိုင်း(၂)

စိတ်စင်ကြယ်မှု အင်အားစုများဖြစ်တဲ့ စေတသိတ်တွေ အကြောင်း အပိုင်း(၁)ကို ဟောပြောပြီးပြီ၊ ဒီကနေ့ အပိုင်း(၂) ဆက်ဟောပေးပါမယ်။

စေတသိတ်ပေါင်း အားလုံး ၅၂-မျိုး ရှိတယ်၊ ကောင်းမြတ်တဲ့ အရည်အသွေးရှိပြီး စိတ်ရဲ့ အညစ်အကြေးတွေကို စင်ကြယ်စေနိုင်တဲ့ ဒီသဘာဝ စွမ်းအားတွေဟာ မိမိတို့ရဲ့ သန္တာန်မှာ မဖြစ်သေးရင် ဖြစ်အောင်၊ ဖြစ်ပြီးလို့ရှိရင် ခိုင်မာကြီးထွားလာအောင် လုပ်ဖို့ သမ္မာဝါယာမ လို့ ခေါ်တဲ့ မှန်ကန်သော ကြိုးစားမှုဖြင့် ကြိုးစားကြရမှာပါ။
                  
သူ့အလိုအတိုင်းကို ဘာမှဖြစ်လာတာ မရှိပါဘူး၊ အကျိုးလိုချင်ရင် အကြောင်းကို တည်ဆောက်ရမယ်၊ ဒါသဘာဝပါပဲ၊ ဒါကြောင့်မို့ မနေ့က ပြောခဲ့တယ်၊ သဒ္ဓါ, ဟိရီ, သြတ္တပ္ပ, အလောဘ, အဒေါသ, တတြမဇ္ဈတ္တတာ ဆိုတဲ့ ဒီ သဘာဝတရားတွေရဲ့ စွမ်းဆောင်မှုတွေကို ဟောပြပေးခဲ့ပြီ၊ ဒီကနေ့ အစုံလိုက် အစုံလိုက် အမည်ပေးထားတဲ့ သဘာဝတရား ၆-မျိုးရဲ့ စွမ်းရည် သတ္တိတွေကို ရှင်းပြပါ့မယ်။


ကာယပဿဒ္ဓိ၊ စိတ္တာပဿဒ္ဓိ
                  
ကာယပဿဒ္မိ, စိတ္တာပဿဒ္မိ တဲ့၊ ပဿဒ္မိ ဆိုတာ ငြိမ်းချမ်းမှု၊ ကာယပဿဒ္ဓိ - စေတသိက်အစုရဲ့ ငြိမ်းချမ်းမှု၊ စိတ္တပဿဒ္ဓိ - စိတ်ရဲ့ ငြိမ်းချမ်းမှုတဲ့၊ စိတ်နဲ့ စေတသိတ်ဟာ ဆောင်ရွက်ပုံချင်း၊ ကိစ္စချင်း၊ သွင်ပြင် လက္ခဏာချင်း မတူလို့ ခွဲပြောလို့ ရပေမယ့် စိတ်နဲ့ စေတသိတ်ဟာ အမြဲတမ်း ယှဉ်တွဲနေကြတာ ဖြစ်တယ်။
                  
ကာယပဿဒ္မိ, စိတ္တာပဿဒ္မိ လို့ ဆိုတဲ့ နေရာမှာ ကျန်းဂန်များ က ကာယဆိုတာ အစုဆိုတဲ့ အဓိပ္ပာယ်နဲ့ စေတသိက်အစုကို ယူတယ်၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ကာယအရ ရုပ်ခန္ဓာကိုယ်ကို ယူမယ်ဆိုရင်လည်း ဖြစ်နိုင်တယ်လို့ နောက်ပိုင်းဖွင့်ဆိုချက် ရှိပါတယ်။
                  
အဲဒီတော့ ပဿဒ္မိဆိုတာကို ပြောရအောင်၊ ပဿဒ္ဓိဆိုတာ ငြိမ်းအေးမှု၊ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးနေမှု၊ ဘယ်လို နေရာမျိုးမှာ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးမှု ဖြစ်သလဲ၊ ချမ်းသာသုခ ရလာတဲ့ အခါမှာ ကိုယ်ရော စိတ်ရော ငြိမ်းချမ်းတယ်ဆိုတာ လူတွေ ခံစားရတယ်၊ “ပါမောဇ္ဇ၊ ပီတိ၊ ပဿဒ္မိ” ဒီလို လာတယ်၊ ကောင်းမြတ်တဲ့ အာရုံတစ်ခုပေါ်မှာ ကျေနပ်လို့ ဝမ်းသာလို့၊ ဝမ်းသာမှု အနုစားလေးကို “ပါမောဇ္ဇ” လို့ ခေါ်တာ၊ ထို ဝမ်းသာမှုက စိတ်ထဲ နှလုံးထဲမှာ တသိမ့်သိမ့် ဖြစ်နေလို့ ရှိရင် ပီတိ လို့ ခေါ်တယ်၊ အဲဒီ ပီတိဖြစ်လာတဲ့အခါ ကိုယ်,စိတ် ငြိမ်းချမ်းမှုဆိုတဲ့ အရသာလေး ပေါ်လာတာက ‘ပဿဒ္ဓိ’

 ပဿဒ္ဓိ သဗ္ဗောဇ္ဈင်
                  
အဲဒီ ပဿဒ္ဓိဆိုတဲ့ သဘာဝတရားလေးက ဗောဇ္ဈင် ၇-ပါးထဲမှာ ပဿဒ္ဓိ သဗ္ဗောဇ္ဈင်။ အမှန်တရားကို  သိရှိဖို့ အသိဉာဏ်ကို စွမ်းဆောင်ပေးနိုင်တဲ့ တရားတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်တယ်။
                  
 ဗောဇ္ဈင်္ဂ’ ဆိုတဲ့ အဓိပ္ပါယ်က ဗောဓိ+အင်္ဂ - ဗောဓိဆိုတာ ထူးခြားတဲ့ အသိကို ‘ဗောဓိ’ လို့ ခေါ်တယ်၊ ထို ထူးခြားတဲ့ အသိဉာဏ်ဆိုတာ  ဘာကို ပြောတာလဲဆိုရင် အမှန်တရားကို သိတာ၊ ဒုက္ခဆိုတာ သိတယ်၊ ဒုက္ခရဲ့  အကြောင်းဆိုတာ သိတယ်၊ ဒုက္ခချုပ်ငြိမ်းရာကို သိတယ်၊ ဒုက္ခချုပ်ငြိမ်းရာ လမ်းစဉ်ကို သိတယ်ဆိုတဲ့ သစ္စာ ၄-ချက် အမှန်တရားကိုသိတာ ဗောဓိ၊ အဲဒီ ဗောဓိကို အထောက်အကူပြုတဲ့ အင်္ဂါရပ်၊ ဒါကို (ဗောဓိ+အင်္ဂ) ဗောဇ္ဈင်လို့ ခေါ်တယ်။
                  
ဗောဇ္ဈင်ကို လူတွေက ဘယ်နေရာမှာ သတိရလဲ ဆိုတော့ နေမကောင်း ထိုင်မသာဖြစ်တဲ့အခါ ဗောဇ္ဈင်သုတ်လေး ရွတ်ရင် ကျန်းမာတယ်လို့ ယူဆပြီးတော့ ကျန်းမာချင်လို့ ဗောဇ္ဈင်သုတ်ကလေးကို သတိရကြတယ်၊ ရှင်မဟာကဿပ မကျန်းမမာဖြစ် နေတဲ့အခါမှာ မြတ်စွာဘုရားက ဗောဇ္ဈင်တရား ဟောလိုက်တဲ့အခါ ရှင်မဟာကဿပ ကျန်းမာသွားတယ်၊ နောက် ဒီရောဂါမျိုး ထပ်ဖြစ်တော့ဘူးတဲ့။
                  
ပရိတ်ကြီး ၁၁-သုတ်ထဲမှာလည်း ဗောဇ္ဈင်သုတ်ဆိုတာ ပါတယ်၊ အဲဒီ ဗောဇ္ဈင်သုတ်ကတော့ မူရင်း မဟုတ်ဘူး၊ နောက်မှ အဓိပ္ပါယ် ခြုံပြီးတော့ ဂါထာတွေနဲ့ နောက်ဆရာတွေ ရေးထားတာလို့ ပြောတယ်၊ မူရင်းက သံယုတ္တနိကာယ်မှာ ရှိတယ်၊ သတ္တိမေ ကဿပ ဗောဇ္ဈင်္ဂါ မယာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟု လီကတာ သံဝတ္တန္တ အဘိညာယ၊ သမ္ဗောဓာယ၊ နိဗ္ဗာနာယ၊ သံဝတ္တန္တိ ဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတာ ရှိတယ်။
                  
နောက်တစ်ခါ ရှင်မောဂ္ဂလာန် နာမကျန်း ဖြစ်နေတဲ့အခါ မြတ်စွာဘုရားက ဗောဇ္ဈင် ၇-ပါး ဟောပေးလိုက်တော့ ကျန်းမာသွားတယ်တဲ့၊ တစ်ခါတုန်းက မြတ်စွာဘုရားသခင် ကိုယ်တော်တိုင် မကျန်းမမာ ဖြစ်တဲ့အခါ စုန္ဒမထေရ်ကို အနီအနားမှာ ဗောဇ္ဈင်သုတ်ကို ရွတ်ခိုင်းပြီးတော့ မြတ်စွာဘုရားက နာယူလိုက်တယ်၊ မြတ်စွာဘုရားလည်း ကျန်းမာသွားတယ်၊
တိဏ္ဏန္နမ္ပိ မဟေသိနံ၊ မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာနုပ္ပတ္တိဓမ္မတံတိဏ္ဏန္နမ္ပိ မဟေသိနံ - ထူးမြတ်တဲ့ ပုဂ္ဂိုလ် ၃-ဦး၊ (ရှင်မဟာ ကဿပ၊ ရှင်မောဂ္ဂလာန်၊ မြတ်စွာဘုရား)၊ အဲဒီပုဂ္ဂိုလ် ၃-ပါးရဲ့ သန္တာန်မှာ စွဲကပ်လာတဲ့ရောဂါ ကိလေသာတွေကို မဂ်က ပယ်လိုက်သလိုပဲ၊ ဗောဇ္ဈင်တရားတော် နာရင်းကနေ ပျောက်ကင်းသွားတယ်။ နောက်ထပ် ပြန်မဖြစ်တော့ဘူး၊ အဲဒါကို အာရုံပြု သစ္စာဆိုပြီးတော့ မကျန်းမာတဲ့အခါ ဗောဇ္ဈင်သုတ်ကလေး ချီးမြှင့်ပါလို့ ပြောကြတယ်။
                  
ဒီဗောဇ္ဈင်ဆိုတဲ့ထဲမှာ အခု ပဿဒ္မိဆိုတာ ရုပ်,နာမ်သဘာဝတရားလေးတွေကို ရှုကြည့်ပြီး ငြိမ်းချမ်းမှုဆိုတဲ့ ပဿဒ္ဓိကို ကိုယ့်သန္တာန်မှာ ဖြစ်အောင်လုပ်ဖို့ ပိုအရေးကြီးတယ်၊ ငြိမ်းချမ်းမှုဆိုတာ ကိုယ့်သန္တာန်မှာမဖြစ်ဘဲ တရားနာရုံလေး နာရင်းကတော့ ဆေးပုလင်းထဲ ထည့်ထားတဲ့ ဆေးလိုပဲ ဖြစ်မှာပဲ၊ ကြားနာပြီးကြည်နူးမှုလေးတွေ ရှိရင်တော့ အတော်အသင့်ရောဂါ ပျောက်နိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက စိတ်ကို စိတ်နဲ့ ကုတဲ့ သဘောပေါ့၊ စိတ်စွမ်းအားတွေကနေ တွန်းပေး လိုက်တဲ့အခါ ခန္ဓာကိုယ်ကြီး မမာမကျန်း ဖြစ်နေရာက ကျန်းမာရေး ကောင်းသွားတာ ဖြစ်နိုင်တယ်။
                  
မကျန်းမာတဲ့ ရုပ်တွေကို ကျန်းမာတဲ့ စိတ္တဇရုပ်တွေနဲ့ အစားထိုးလိုက်တာ၊ သွေးမကောင်းရင် သွေးလဲပြီးတော့ ကုသလိုပေါ့၊ ဗောဇ္ဈင်သုတ် နာကြားရလို့ ကြည်နူးတဲ့စိတ်တွေ ဖြစ်လာမယ် ဆိုရင်တော့လည်း ကျန်းမာရေး ကောင်းလာမှာပဲ၊ ကောင်းနိုင်ပါတယ်၊ သစ္စာဆိုလို့ရှိရင်လည်း ကောင်းနိုင်ပါတယ်၊ သို့သော် လူတိုင်းမှာ မြတ်စွာဘုရားတို့ ရှင်မဟာပဿပတို့လို စိတ်ဓာတ်မျိုး မရနိုင်တော့ အဲဒီ မထေရ်မြတ်ကြီးတွေ ကျန်းမာ သွားသလိုမျိုး ကျန်းမာဖို့တော့ ခက်ကောင်းခက်လိမ့် ထင်တယ်။
                  
ပဿဒ္ဓိမ္ဗောဇ္ဈင်ဆိုတာ ကိုယ်ရော စိတ်ရော ငြိမ်းချမ်းသွားတာ၊ ကိုယ်ရော စိတ်ရော စိတ်ရော ငြိမ်းချမ်းတာ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဖြစ်ပေါ်လာတဲ့ ပဿဒ္ဓိတရားလေးက ကိုယ်စိတ် မငြိမ်းချမ်းအောင် လုပ်တဲ့ ကိလေသာတွေကို ဖယ်ရှားပစ်လိုက်နိုင်လို့ ငြိမ်းချမ်းသွားတာ ဖြစ်တယ်။



ဆန့်ကျင်ဖက်တရား
                  
ဘယ်တရားတွေဟာ ငြိမ်းချမ်းမှုရဲ့ ဆန့်ကျင်ဖတ် တရားတွေလဲ ဆိုရင် ဥဒ္ဓစ္စ, ကုက္ကစ္စ ဆိုတဲ့ စိတ်အညစ်အကြေးတွေပဲ ဖြစ်တယ်။ ဥဒ္ဓစ္စဆိုတာက စိတ်လေနေတယ်၊ ဘာလုပ်ရမှန်းမသိဘူး၊ စိတ်စုစည်းလို့ မရဘူး၊ လေနေတဲ့စိတ်ကေလးဟာ ဘယ်လိုမှ မငြိမ်းချမ်းနိုင်ဘူး၊ လူတွေ တစ်ခါတစ်ခါ သတိထားမိတယ်၊ “သြော် - ငါ့စိတ်တွေ လေလိုက်တာ ဘာမှန်း မသိဘူး၊ စုစည်းလို့လည်း မရဘူး”၊ ဒီလိုလည်း မနေချင်။ ဒီကိုလည်း မသွားချင်၊ ဟိုကိုလည်းမသွားချင်၊ စိတ်တွေလေနေတာ၊
အဲဒါ ဥဒ္ဓစ္စ၊ အဲဒီ ဥဒ္ဓစ္စဆိုတဲ့ စိတ်လေနေတာကို သမာဓိစွမ်းအားနဲ့ နှိမ်နင်းပြီး ဖျက်လိုက်တဲ့အခါ ပဿဒ္ဓိ ဆိုတဲ့ ငြိမ်းချမ်းမှုက ပေါ်လာနိုင်တယ်၊ ဒါကြောင့် ပဿဒ္ဓိ က စိတ်လေနေတဲ့ ဥဒ္ဓစ္စကို ဖယ်ရှားနိုင်တဲ့ စွမ်းရည်သတ္တိ ရှိပါတယ်။
                  
နောက်တစ်ခုက ကုက္ကစ္စ၊ တစ်စုံတစ်ခုနဲ့ ပတ်သက်ပြီးတော့ လူတွေဟာ စိတ်ထဲမှာ ပူပန်မှုလေးတွေ ရှိတက်တယ်၊ ပထမပူပန်မှု က တစ်ခုခု အမှားလုပ်မိရင် ထိုအမှားအတွက် ပူပန်မှုလေးတွေ ရှိတက်တယ်၊ ဒုတိယပူပန်မှုက လုပ်သင့်တာလေးတစ်ခု မလုပ်ဘဲ နေမိရင်လည်း ထို မလုပ်မိတာလေးအတွက် ပူပန်တက်တယ်။
                  
‘စိတ်’ ဆိုတာ တော်တော် ဆန်းကြယ်တယ်၊ ဥပမာ- လူတစ်ယောက်ကို တစ်ခုခု ပြောလိုက်ရမှာ၊ တစ်ခုခု ပေးလိုက်ရမှာ မပြောမိ မပေးမိရင်လည်း ‘င့ါနှယ်နော် မေ့တက်လိုက်တာ ဖြစ်မှ ဖြစ်ရလေ’ ပူပန်နေပြန်ရော၊ လုပ်မိပြန်တော့လဲ၊ ‘ငါ မှားလိုက်တာ လုပ်မိသွားပြီ၊ ပြောမိသွားပြီ’၊ ဘယ်လိုလုပ်ရမှန်း မသိဘူးနဲ့ စိတ်တွေ ပူပန်နေတာ ကုက္ကစ္စပဲ။
                  
ရှင်အနုရုဒ္ဓါကို အရှင်သာရိပုတ္တရာက ထောက်ပြတယ်၊ ရှင်အနုရုဒ္ဓါက “ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ စကြဝဋ္ဌာတစ်ထောင်ကို ကြည့်နိုင်တယ်၊ သမာဓိလည်း ကောင်းတယ်၊ တရားလည်း အားထုတ်တယ်၊ ဒါပေမယ့် ဘာဖြစ်လို့ ကိလေသာတွေ မကုန်မှန်း မသိဘူး၊ ဘာဖြစ်လို့ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို မဆိုက်ရောက်မှန်း မသိဘူး” ဆိုတော့ ရှင်သာရိပုတ္တရာက ထောက်ပြတယ် “ငါ စကြဝဋ္ဌာတစ်ထောင်ကို ကြည့်နိုင်တယ် ဆိုတာ မာနစွဲ ဖြစ်နေတာ၊ ငါ့မှာ သမာဓိ စွမ်းအားတွေ ကောင်းတယ်” လို့ တွေးနေတာ ဥဒ္ဓစ္စ ဖြစ်နေတာ၊ စိတ်လေနေတာ၊ “ဒီလို လုပ်ရဲ့သားနဲ့ ဘာဖြစ်လို့ မအောင်မြင်ရတာလဲဆိုတာက စိတ်ထဲမျာ ကုက္ကစ္စ ဖြစ်နေတာ”တဲ့၊ ရှင်သာရိပုတ္တရာက ထောက်ပြတာ။
                  
အဲဒီ ကုက္ကုစ္စဖြစ်ပုံက အဘိဓမ္မာကျမ်းဂန်တွေထဲမှာ လုးဝ မပါဘူး၊ အဘိဓမ္မာကျမ်းတွေမှာ ဖွင့်တာက ကတာ ကတာ နုသောစနံ မလုပ်မိတဲ့ ကုသိုလ်၊ လုပ်မိတဲ့ အကုသိုလ်အတွက် နောက်တရ ပူပန်တာကို ကုက္ကုစ္စလို့ ပြောတယ်၊ အခု လုပ်ရဲ့သားနဲ့ တစ်ခုခု  မအောင်မြင်တဲ့အခါဖြစ်တဲ့ ကုက္ကုစ္စ မပါသေးဘူး၊ ဒါကို တတိယပူပန်မှုတစ်ခုအဖြစ် ထပ်ဖြည့်ရမယ်၊ ဒါလည်း အကုသိုလ်ပဲလို့ ပြောရမယ်၊
အဲဒါ ဘယ်ကျမ်းမှာ တွေ့ရလဲ ဆိုတော့ “ခုဒ္ဒကနိကာယယ် စုဠာနိဒ္ဒေသတို့ မဟာနိဒ္ဒေဆိုတဲ့ ပါဠိတော်က ပါဠိတော်တွေကို ဖွင့်ဆိုတဲ့ကျန်းတွေထဲမှာ ပါတယ်၊ ရိပ်သာဝင်တာ အကြိမ် ၂၀-လောက် ရှိပြီ၊ သမာဓိလေးတောင် မရဘူး၊ ဝိပဿနာဉာဏ်လည်း မတက်ဘူး၊ ဉာဏ်စဉ်လည်း မနာရဘူး” ဆိုပြီးတော့ စိတ်ထဲမှာ ဖြစ်နေတာ၊ ဒါကုက္ကုစ္စလို့ပဲ ပြောရမယ်၊ လုပ်လျက်သားနဲ့ မအောင်မြင်တာ၊ အဲဒီလို ဖြစ်နေတဲ့ ကုက္ကုစ္စမျိုးကိုလည်း ပဿဒ္ဓိ ဖယ်ရှားပေးပါတယ်။
                  
ပဿဒ္ဓိတရား ဖြစ်လာပြီဆိုရင် စိတ် မငြိမ်သက်တာတို့၊ မငြိမ်းချမ်းတာတို့ လုံးဝ မဖြစ်တော့ဘူး၊ ဖြစ်နေသေးရင် ဒါ ပဿဒ္ဓိ မဖြစ်သေးလို့ပဲ၊ ဒီလို မှတ်ရမယ်၊ ဒါကြောင့် ဗောဇ္ဈင် ၇-ပါးထဲမှာ ပဿဒ္ဓိ စိတ်ငြိမ်းချမ်းတာဟာ အသိဉာဏ် တိုးတက်ခြင်းရဲ့အကြောင်းပဲ။


အဓိပ္ပါယ်တစ်မျိုး
                  
နောက်အဓိပ္ပာယ် တစ်ခုပြောမယ်ဆိုရင် ပဿဒ္ဓိဆိုတဲ့ ငြိမ်းချမ်းမှုလေးဟာ တစ်ခါတစ်ရံ စိတ်ကစတင်တာ ရှိတယ်၊ တစ်ခါတစ်ရံ ရုပ်ခန္ဓာကြီးက စတင်လာတာ ရှိတယ်၊ ဒီလို ပြောလို့ရတယ်၊ ရုပ်က စတယ်ဆိုတာ တစ်ခါတစ်ရံကျတော့ တစ်ယောက်ထဲ တိတ်ဆိတ် ငြိမ်သက်နေတဲ့ သစ်ပင်ရိပ်အောင် ကွပ်ပျစ်လေးနဲ့ ထိုင်နေတုန်း လေလေးက တဟူးဟူးတိုက်တဲ့အခါ ခန္ဓာကိုယ် အနေနဲ့ ငြိမ်းချမ်းတော့ စိတ်ထဲမှာ “ကောင်းလိုက်တာ” လို့ ဖြစ်တာ၊ ခန္ဓာကိုယ် အနေအထား ငြိမ်းချမ်းတော့ စိတ်ကလေးကပါ ငြိမ်းချမ်းမှု ဖြစ်တာ၊ အဲဒါကျတော့ ‘ကာယပဿဒ္ဓိ’ လို့ ပြောလို့ ရတယ်ပေါ့၊ ဒါတစ်နည်းပြောတာနော်။
                  
နောက်တစ်နည်း ပြောတော့ ကိုယ်အနေအထားကတော့ ငြိမ်းချမ်းမှု မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကြည့်လိုက်မယ်ဆိုလို့ ရှိရင်တော့ နေရာထိုင်ခင်းကလည်း ကောင်းတာ မဟုတ်ဘူး၊ မြတ်စွာဘုရား ဗောဓိပင်အောက်မှာ မြတ်ကလေး ခင်းထိုင်တာ၊ ဆိုဖာကြီးနဲ့ ကျောင်းထဲ ထိုင်တာလောက် ကောင်းပါ့မလား၊ ဘယ်ကောင်းမလဲ၊ သို့သော်လည်း မြတ်စွာဘုရားက စိတ်ဓာတ်က ငြိမ်းချမ်းနေတဲ့အတွက်ကြောင့် ခန္ဓာကိုယ်လည်း ငြိမ်းချမ်းသွားတာပဲ၊ စိတ်ပျော်လို့ရှိရင် ဘယ်လိုနေရာပဲဖြစ်ဖြစ် ပျော်စရာကြီးလို ဖြစ်နတယ်၊ အဲဒါကို စိတ္တပဿဒ္ဓိ လို့ ပြောတယ်။
                  
ခန္ဓာကိုယ်ကို အကြောင်းပြုပြီး ငြိမ်းချမ်းမှု ဖြစ်လာရင် ကာယပဿဒ္ဓိ၊ စိတ်နှင့် ပတ်သက်ပြီး ငြိမ်းချမ်းမှုဖြစ်ရင် စိတ္တပဿဒ္ဓိလို့ ပြောတယ်၊ “ရူပကာယဿာပိ” လို့ ဋီကာကျော် ကျမ်းမှာ အဲဒီလို ရေးထားတယ်၊ ဒါလည်း သဘာဝကျတယ်၊ ကာယကို စေတသိက်အပေါင်းလို့ ကျမ်းဂန်များမှာ ဆိုသော်လည်း “ရူပကာယဿာပိ” လို့ ဋီကာကျော်ကျမ်းမှာ ပြောထားတယ်လေးကလည်း လက်တွေ့နဲ့ ကိုက်စရာအကြောင်း ရှိပါတယ်။
                  
ဒီ ပဿဒ္ဓိဆိုတဲ့ သဘာဝတရားလေသည် အသိဉာဏ် ဖြစပေါ်တိုးတက်ဖို့ရာအတွက် အကြောင်းတစ်မျိုး စွမ်းအားတစ်ခု ဖြစ်တယ်လို့ မှတ်ရမယ်၊ ဥဒ္ဓစ္စ, ကုက္ကုစ္စ ဆိုတဲ့ စိတ်ကို ညစ်နွမ်းစေတက်တဲ့ စိတ်အညစ်ကြေးတွေကိုလည်း ဖယ်ရှားပစ်နိုင်ပါတယ်၊  ကာယပဿဒ္ဓိနဲ့ စိတ္တပဿဒ္ဓိကို စေတသိက်တွေရဲ့ ငြိမ်းအေးမှု၊ စိတ်တွေရဲ့ ငြိမ်းအေးမှုလို့ လက်တွေ့မှာ ဒီလို ခွဲလို့ရတာ မဟုတ်ဘူး၊ ခွဲလို့ မရပေမယ့် ခွဲပြောလို့ ဖြစ်တယ်။
                  
လူတစ်ယောက်ရဲ့ စွမ်းရည်သတ္တိလို့ ဆိုတဲ့ အခါကျတော့ လူနဲ့ စွမ်းရည်ကို ခွဲလို့ မရဘူး၊ ဒါပေမယ့် လူတွေက ခွဲပြောကြတယ်၊ ဒါတင် မကဘူး၊ ခွဲပြောတဲ့ နေရာတွေ အများကြီး၊  “လူကတော့ ကောင်းပါတယ်၊ ဒူးက မကောင်းဘူး” ဆိုတာမျိုး၊ လူလို့ ပြောတဲ့ထဲ ဒူကးပါပြီးသားပဲလေ၊ တစ်ခါတစ်ရံ လူတွေကခွဲပြောလေ့ ရှိကြတယ်၊ အဲဒီလိုပဲ ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ လို့ ခွဲပြောလိုက်တာပေါ့၊ အဲဒီတော့ ဒီနှစ်ခုဟာ အတူပေါင်းစပ်နေကြတယ်၊ ခွဲမရတဲ့ အတွဲလို့ ပြောရမယ်၊ (ခွဲမရတဲ့ အတွဲဆိုတာ ဘာကို ပြောတာလဲဆိုတော့ ‘စွယ်တော်ရွက်’ လို နှစ်ခုပေါင်းမှ တစ်ရွက် မဟုတ်လား၊ အဲဒါမျိုးကို ပြောတာ။

** ဆက်ရန် ** စိတ်ဖြူစင်မှု အင်အားစုများ အပိုင်း(၂) မှ {ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊စိတ္တမုဒုတာ၊ ကာယပါဂုညတာ၊ စိတ္တပါဂုညတာ}

*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၃၃၄- ၃၄၂)  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated