@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Saturday 13 September 2014

"အဖ-သတ်မင်းများနှင့် မဟာသက္ကရာဇ် သာသနာနှစ် ကောဇာသက္ကရာဇ် ဖြေကြားချက်"

မဟာသက္ကရာဇ်ဆိုသည်မှာ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက အသုံးပြုသော သက္ကရာဇ်ပါ။ မြတ်စွာဘုရားရှင်၏ ဘိုးတော် အဉ္ဇနမင်းကြီးနှင့် ဒိဗ္ဗစက္ခုအဘိညာဉ်ရ ကာလဒေဝီလရသေ့တို့ ထားခဲ့တဲ့နှစ်ပါ။ မြတ်စွာဘုရားရှင်ကို မဟာသက္ကရာဇ် (၆၈)မှာ ဖွားတော်မူပြီး မဟာသက္ကရာဇ် (၁၄၈)မှာ ပရိနိဗ္ဗာန်စံတော်မူပါတယ်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ပထမသင်္ဂါယနာတင်၍ အဇာတသတ်မင်းက အရှင်မဟာကဿပ ထံသို့ အရှင်ဘုရား သင်္ဂါယနာတင်မှစ၍ သာသနာတော်သက္ကရာဇ် အသစ်ထားလိုသည်ဟု လျှောက်ထားသော် အရှင်မဟာကဿပက ခွင့်ပြုသည်ဖြစ်၍ ဘိုးတော် အဉ္ဇနမင်းနှင့် ကာလဒေဝီလရသေ့ တို့ထားခဲ့သော မဟာသက္ကရာဇ် ၁၄၈ခု ရှိသည်ကို တပေါင်းလကွယ် တနင်္ဂနွေတွင် စုထား၍ ထို ၁၄၈ခုကို မပျောက်ပျက်ရအောင် ပရမတ္ထဗိန္ဒု သင်္ချာအဋ္ဌဗေဒသက ကိန်းဟုထား၍ ဘိုးတော်အဉ္ဇနမင်း၏ သက္ကရာဇ် ၁၄၉-ခု တန်ခူးလဆန်းတစ်ရက် တနင်းလာနေ့ကို အစပြု၍ သာသနာတော်သက္ကရာဇ်-တစ်ခုဟု အဇာတသတ်မင်း ထားသတည်း။

အဇာတသတ်မင်း ထားသော သာသနာတော်သက္ကရာဇ် ၃-ခုရောက်သော နှစ်တွင် ဝေသာလီပြည်ကို အဇာတသတ်မင်းတိုက်ဖျက်၍ လူသူတို့ကိုသိမ်းယူသည်။ အဇာတသတ်မင်း ၃၂-နှစ် မင်းပြု၏။

သာသနာတော်နှစ်၂၅ခုတွင် အဇာတသတ်မင်းကို သားတော်-ဥဒယဘဒ္ဒမင်းသားက သတ်၍ မင်းပြု၏။
သာသနာနှစ်-၄၀ခုတွင် ထိုဥဒယဘဒ္ဒမင်းကို သားတော် အနုရုဒ္ဓါကသတ်၍ မင်းပြု၏။
သာသနာနှစ် ၄၅ခုတွင် အနုရုဒ္ဓါမင်းကို သားတော် မုဏ္ဍကကသတ်၍ မင်းပြု၏။
သာသနာနှစ် ၄၉ခုတွင် မုဏ္ဍကမင်းကို သားတော် နာဂဒါသက သတ်၍ ၁၄နှစ်ကြာမင်းပြု၏။
နာဂဒါသ မင်းပြု၍ ၁၄နှစ် ရှိပြီးသော် သာသနာတော်နှစ် ၆၃ခုရောက်သည့်အခါ၌ ဤမင်းမျိုးတို့သည် အဖသတ် ပိတုဃာတကအမျိုးဖြစ်သည်ဟု ပြည်သူတို့ညီညွတ်၍ ထိုနာဂဒါသမင်းကို မင်းအဖြစ်မှ ချ၍ သုသုနာဂကို မင်းမြှောက်ကြ၏။

သာသနာနှစ် ၆၂၄သို့ရောက်သောအခါ မြန်မာနိုင်ငံ သရေခေတ္တရာပြည် သုမုန္ဒရီမင်းလက်ထက် ဒေါဒေါရသ-၆၂၂ ကိုဖြို၍ ၂-ခုအကြွင်းထားခဲ့သည်။ (၆၂၄-၆၂၂=၂) ယင်းကို ကောဇာသက္ကရာဇ်ဟု ဆိုသည်။ ထိုကောဇာသက္ကရာဇ် ၂-ခုမှ တိုးပွားလာသော ၅၆၂သို့ရောက်သောအခါ ပုဂံပြည် ပုပ္ပါးစောရဟန်းမင်းလက်ထက် ခန်းဆပဉ္စ(၅၆၀)ကိုဖြို၍၊ (၅၆၂-၅၆၀=၂) ၂-ခုအကြွင်းထားလျက် သုံးစွဲခဲ့ပါတယ်။ ထိုခေတ် ၂-ခုမှ တက်လာသော ယခု ၁၃၇၆သည် ကောဇာသက္ကရာဇ်ပင်ဖြစ်သည်။ နှစ်ကြိမ်ဖြိုခဲ့သော ၆၂၂နှင့် ၅၆၀ကို ပေါင်းကြည့်လျှင် ၁၁၈၂ဖြစ်သည်။ ထို ၁၁၈၂နှင့် ရောက်ဆဲ ကောဇာသက္ကရာဇ်ကိုပေါင်းလျှင် ၂၅၅၈ရ၏။ ၄င်းသည် သာသနာတော်နှစ်ဖြစ်လေသည်။

အချုပ်အားဖြင့် မြတ်စွာဘုရားရှင် သက်တော် ထင်ရှားရှိစဉ်အခါက အသုံးပြုသောနှစ်မှာ မဟာသက္ကရာဇ်၊ ပထမသင်္ဂယနာတင်ပြီး အဇာတသတ်မင်းမှ စ၍ အသုံးပြုခဲ့သော နှစ်ကား သာသနာနှစ်ဖြစ်ပြီး၊ ပုပ္ပါးစောရဟန်းမင်းလက်ထက် ၂-ခုအကြွင်း ထားသောနှစ်မှ ယနေ့ထိ တက်လာသော နှစ်ကား ကောဇာသက္ကရာဇ်ဖြစ်၏။ (မူလဗုဒ္ဓဝင်-တထာဂတဥဒါနဒီပနီ-ပဉ္စမတွဲ)

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated