@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Saturday 13 September 2014

"ဘဝဆက်တိုင်း ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့"

ဦးဇင်း တပည့်တော် သိချင်တာလေး တစ်ခုရှိလို့ပါ အကျယ်လေးဖြေပေးပါ ဘုရား။ တပည့်တော်မလေဘာသာရေးတွေတစ်စိုက်မတ်မတ်လုပ်လာရင်း တရက်တပည့်တော်မတွေးမိတယ် အတွေးလွန်တယ်ဘဲပြောရမလား တပည့်တော်မလေ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေရတာကိုအရမ်းကျေနပ်သလို မြတ်စွာဘုရားကိုလဲကြည်ညိုပြီးရင်း ကြည်ညိုမဝနိုင်ပါဘူး တပည့်တော်တွေးမိတယ် ငါအခုအပါယ်တံခါးပိတ်အောင်မနဲကြိုးစားနေရတယ် ရုန်းကန်နေရတယ် နိဗ္ဗာန်ဆိုတာတပည့်တော်နဲ့အဝေးကြီးမှာ ရှိနေသေးတယ်ဆိုတာလဲသိပါတယ် အပါယ်တံခါးတော့ပိတ်အောင်ဒီဘဝမှာရအောင်ကြိုးစားမယ် ရုန်းမယ်ပေါ့ ဒါပေမဲ့တစ်ခုအတွေးလွန်ပီးဘာသွားကြောက်မိလဲဆိုတော့ ကဲ ငါနောင်ဘဝအပါယ်တံခါးဝကတော့လွှတ်ခဲ့ပါပြီ သေလွန်ပီးနောင်ဘဝလူဘဝလူခန္ဓာပြန်ရခဲ့သည်ရှိသော် ကြုံရအုန်းမာဘဲလေ ခန္ဓာပြတ်အောင်မှမလုပ်နိုင်သေးဘဲကိုးအရှင်ဘုရား ငါလူ့ဘဝပြန်ရလို့ ပဋိသန္ဓေ တည်တဲ့အခါ ဘာသာခြားအမိဝမ်းထဲဝင်စားရရင်ငါတော့ဒုက္ခဘယ်လိုလုပ်ပါ့မလဲပေါ့ တစ်ယောက်ထဲအတွေးတွေလွန်ပြီးကြောက်နေတာပါဘုရား တပည့်တော်အတွေးမှားကောင်းမှားနေပါလိမ့်မယ် ဒါပေမဲ့ တပည့်တော်တယောက်ထဲ အတွေးရပ်မရဘူး ဘုရား။ အဲ့ဒါလေးသိချင်ပါတယ် တပည့်တော်မအနေနဲ့ ခန္ဓာမပြတ်စဲခင်စပ်ကြားနောင်လာမဲ့ဘဝဘဝတွေမှာ ဘာသာခြားအမိဝမ်းထဲမဝင်စားရအောင် ဘယ်လိုသီလ သမာဓိ စရဏ အားတွေနဲ့ကြိုတင်တည်ဆောက်ပြင်ဆင်ထားလို့ရပါလား အဲ့လိုလုပ်လို့ရပါလား နည်းလမ်းရှိပါလား တပည့်တော်ကိုဖြေကြားပေးပါဘုရား စာရှည်သွားလို့တောင်းပန်ပါတယ်ဘုရား တပည့်တော်အရမ်းသိချင်နေလို့ပါ။ ဖြေပေးပါဘုရား။ အစဉ်ဦးတင်ပါတယ်ဘုရား။ (မေပန်းဖြူ)


ဘဝတိုင်း ဗုဒ္ဓဘာသာဖြစ်ဖို့အတွက် ဦးဇင်းလက်လှမ်းမှီသလောက် လေ့လာတင်ပြလိုက်ပါတယ်။ ဖြစ်ရာဘဝတိုင်း ဗုဒ္ဓဘာသာဖြစ်ဖို့ ကျင့်သုံးသင့်သည့် တရားငါးပါး ဖြစ်ပါတယ်။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာပါ။ ဒီတရားငါးပါးကို အညီအမျှ လက်ကိုင်ထားရမှာဖြစ်ပါတယ်။
သဒ္ဓါဆိုတာ ရတနာသုံးပါး၊က ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်ကိုးကွယ်ခြင်း၊ ကံနှင့် ကံ၏အကျိုးကိုသက်ဝင်ယုံကြည်ခြင်း၊မိဘ ဆရာသမားများ၏ဂုဏ်များကိုသက်ဝင်ယုံကြည်ကြပြီး ကျေးဇူးသိတတ်စွာဆပ်ရခြင်းစတဲ့ သဒ္ဓါတရားနှင့် ပြည့်စုံစေရမှာပါ။ ဒီသဒ္ဓါတရားက အင်မတန်မှ ဂရုပြုရမှာဖြစ်ပါတယ်။
သီလ ငါးပါးဖြစ်စေ၊ ရှစ်ပါးဖြစ်စေ၊ ခံယူဆောက်တည်ရတဲ့ ကိုယ်ကျင့်တရားပါ။ ငါးပါးသီလကို လုံလုံခြုံခြုံ မကျိုးမပေါက်အောင် စောင့်ထိန်းရမှာပါ။ ရှစ်ပါးသီလကိုတော့ အခါအားလျှော်စွာ စောင့်ထိန်းရမှာပါ။
သုတဆိုတာက အကြား အမြင် ဗဟုသုတပါ။ လောကီရေးရာ၊ လောကုတ္တရာ တရားဓမ္မရေးရာများမှာ အကြား အမြင် ဗဟုသုတနှင့် ပြည့်စုံခြင်း ဖြစ်ပါတယ်။
စာဂဆိုတာက လှူဒါန်းခြင်း ပေးကမ်းခြင်းလို့ ဆိုပါတယ်။ တစ်နည်းပြောရရင် ဒါနပြုခြင်းပါပဲ။ မိမိတတ်နိုင်သလောက် မြတ်စွာဘုရား အမှူးထား၍ သံဃာတော်များ၊ မိဘ ဆရာသမား သက်ကြီးရွယ်အိုများ၊ မရှိ ဆင်းရဲသူ ဆင်းရဲသားများကို မစ္ဆရိယကင်ကင်းဖြင့် လှူဒါန်းရမည်၊ ပေးကမ်းရမည်ဖြစ်ပါတယ်။
ပညာဆိုတာက အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိတတ်တာကို ဆိုပါတယ်။ လောကီပညာမှစ၍ လောကုတ္တရာပညာထိ ခရီးပေါက်အောင် ကျင့်သုံးရပါမယ်။ ဒါကို သမ္မာဒိဋ္ဌိလို့လည်း ခေါ်နိုင်ပါတယ်။ အမြင်မှန်လို့လည်း ဆိုနိုင်ပါသေးတယ်။ ဒီတရားက အပြစ်ရှိတယ် မကောင်းကျိုးကို ပေးတယ် ပယ်ရမယ့်တရား၊ ဒီတရားက အပြစ်ကင်းတယ် ကောင်းကျိုးလည်းပေးတတ်တယ် ကျင့်သုံးရမည့်တရားဟု ခွဲခြားသိနိုင်တဲ့ ပညာမှစ၍ လောကုတ္တရာ ပညာပြည့်စုံသည်အထိ ကျင့်သုံးနိုင်ပါက ပို၍ပင်ကောင်းပါ၏။ ထိုတရားငါးပါးနှင့် ပြည့်စုံပါမူ
“ထိုထိုများစွာ သတ္တ၀ါ၌ သဒ္ဓါ သီလ သုတ စာဂါ ပညာ တရားဤငါးပါးနဲ့ ပြည့် ငြားသူသာ လိုရာရာတွင် ပတ္တနာ ဆုတောင်း တောင်းတိုင်းမုချ ရတတ်စွ၏၊” (မဃဒေဝ) ဆိုသည့်အတိုင်း ဗုဒ္ဓဘာသာဖြစ်လိုသည့် လူတိုင်း ဆုတောင်းမည်ဆိုပါက တောင်းသည့်ဆု ပြည့်စုံမည်ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ကလည်း သင်္ခါရုပ ပတ္တိသုတ်မှာ “ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရားနှင့် ပြည့်စုံ၏။ သီလနှင့်ပြည့်စုံ၏။ အကြားအမြင်နှင့်ပြည့်စုံ၏။ စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏။ ပညာနှင့် ပြည့်စုံ၏။” ထိုရဟန်းအား ငါသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ များသော ဥစ္စာနှစ်ရှိသော၊ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူကြွယ်မျိုး ဖြစ်ရမူကောင်းလေစွဟု အကြံဖြစ်၏။ ထိုရဟန်းသည် ထိုစိတ်ကို ထား၏။ ထိုစိတ်ကို ဆောက်တည်၏။ ထိုစိတ်ကိုပွားများ၏။ ဤသို့ ပွားများလေ့လာအပ်သော် ထိုရဟန်း၏ ထို(ဘဝ) ကို ပြုပြင်တတ်သော တရားတို့သည်လည်းကောင်း၊ ၊ထိုဘဝအထူးသို့ ဆောင်တတ်သော တရားတို့သည် လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှာ ဖြစ်ကုန်၏။ ရဟန်းတို့ ဤအကြောင်းသည်လည်းကောင်း၊ ဤအကျင့်သည်လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေနေခြင်းငှာ ဖြစ်၏။ ‘’ ဟု ဆိုသည့်အတိုင်း ထိုတရားငါးဖြင့် ပြည့်စုံပါက မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူကြွယ်မျိုးသာမက
စတုမဟာရာဇ်၊ တာဝတိ`ံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတီ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာပြည်၊ နောက်ဆုံး အရဟတ္တဖိုလ်ထိပင် ခရီးရောက် ပြီးမြောက်နိုင်ကြောင်း ဟောတော်မူခဲ့ပါတယ်။
“ရဟန်းတို့ ဤလောက၌ လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ခြင်းတို့သည် ရှစ်မျိုးတည်း။ ဤလောက၌ အချို့သော သူသည် သီလရှိသော သမဏအားဖြစ်စေ၊ ဗြဟ္မဏအားဖြစ်စေ ထမင်း၊ အဖျော်၊ အဝတ်၊ ယာဉ်၊ ပန်း နံ့သာ၊ပျောင်း၊ အိပ်ရာ နေရာ၊ ကျောင်း၊ ဆီမီးအလှူကိုပေး၏။ ထိုသူသည် ငါသည် ဒီဘဝမှ စုတိသည်ရှိသော် နောက်ဘဝ၌ မင်းမျိုး၊ ပုဏ္ဏားမျိုး သူကြွယ်မျိုး တို့၌ ရောက်ရမူကား ကောင်းလေစွ” ဟု ဤသို့ စိတ်အကြံဖြစ်၏။ ထိုသူသည် ထိုစိတ်ကိုထား၏။ ဆောက်တည်၏။ ပွားများ၏၊ ထိုသူ သေလွန်သည်ရှိသော် နောက်ဘဝ၌ ထိုစိတ်ကြံအတိုင်း မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူကြွယ်မျိုးတို့၌ ဖြစ်ရ၏။” ဟု ဆိုသည့်အတိုင်း အလှူဒါနပြုသည့်အခါမှာလည်း နိဗ္ဗာန်ရောက်အောင် အားမထုတ်နိုင်သေးပါမူ ဘဝဆက်တိုင်း ဗုဒ္ဓဘာသာဝင် အမျိုး၌သာ ဖြစ်ရပါစေဟု စိတ်အကြံကိုထားအပ်၏ ဆောက်တည်အပ်၏။ ပွားများအပ်၏။
အချုပ်အားဖြင့် ယခုဖော်ပြလိုက်သော တရားငါးပါးနှင့် ပြည့်စုံပါက ဘဝဆက်တိုင်း ဗုဒ္ဓဘာသာဝင် အဖြစ်ကို ရယူနိုင်သည့်အပြင်၊ မင်းမျိုး၊ သူကြွယ်မျိုး ပုဏ္ဏားမျိုး၊ နတ်ပြည်၊ ဗြဟ္မာပြည်၊ နောက်ဆုံး အရဟတ္တဖိုလ်ထိ ခရီးရောက်အောင် ကျင့်ဆောင်နိုင် ကြောင်း အသိပေးပါရစေ။
ဒါကြောင့်မေးခွန်းရှင် ဒကာမ-မမေပန်းဖြူအနေဖြင့် ဘဝဆက်တိုင်း ဗုဒ္ဓဘာသာ ဖြစ်လိုပါလျှင် ထိုတရားငါးပါးအား လိုက်နာကျင့်သုံးဖို့ တိုက်တွန်းလိုပါတယ်။ စာဖတ်သူ ဓမ္မမိတ်ဆွေအားလုံးကိုလည်း တိုက်တွန်းလိုပါတယ်။ အကျယ်သိလိုပါမူ သင်္ခါရူပ ပတ္တိသုတ်(အဂုင်္တ္တိုရ်ပါဠိတော် တတိယအုပ်) ဒါနုပတ္တိသုတ်(ဥပရိပဏ္ဏာသပါဠိတော်) တို့၌ လေ့လာနိုင်ကြောင်း အသိပေးလိုက်ရတော့၏။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated