အပိုင်း(က)
မနေ့က (ဒုစရိုက်)
ရှောင်ကြဉ်ရမယ့်တရားတွေ၊ လိုက်နာရမယ့်တရားတွေကို ပြောခဲ့တယ်။ အဲဒါကို
ဝါရိတ္တသီလလို့ ပါဠိလိုခေါ်တယ်။ မလုပ်ရ၊ မလိုက်စားရလို့ တားမြစ်ထားတဲ့ တရားတွေပေါ့။
မလိုက်စားရမယ့်တရားတွေ လိုက်စားရင် တရားပျက်တယ်။ အပြစ်ရှိတယ်။
အကုသိုလ်ကံမြောက်တယ်။ ဒီတရားတွေကို မလိုက်စားဘဲ ရှောင်ကြဉ်မယ်ဆိုရင်
သုစရိုက်တရားဖြစ်လာတာပါပဲ။ ကာယဒုစရိုက် (၃)ပါးရှောင်ကြဉ်တော့ ကာယသုစရိုက်
(၃)ပါးဖြစ်တယ်။ ၀စီဒုစရိုက်(၄)ပါး ရှောင်ကြဉ်တော့ ၀စီသုစရိုက်(၄)ပါးဖြစ်တယ်။
မနောဒုစရိုက်(၃)ပါးရှောင်ကြဉ်တော့ မနောသုစရိုက် (၃)ပါးဖြစ်တယ်။ ဒါဆို ဒုစရိုက် (၁၀)ပါးရှိသလို
သုစရိုက်တရားလဲ (၁၀)ပါး ဖြစ်လာတာပေါ့။ ဒုစရိုက်တရားတွေကို မလိုက်စားဘဲ
ရှောင်ကြဉ်နေတာသည်ပင် ကျင့်သုံးနေတာပါ။
သုစရိုက်တရားတွေနဲ့ နေထိုင်နေသူဖြစ်လာတာပါ။ အခြေခံအဆင့်အနေနဲ့ တရားကျင့်နေတာပါပဲ။ ၀ိပဿနာကျင့်နိုင်ရင်တော့ အဆင့်မြင့်တဲ့ တရား ကျင့်သုံးမှုပေါ့။ အခြေခံအနေနဲ့ကတော့ မကောင်းမှုမှ ရှောင်ကြဉ်နေတာသည်ပင် တရားကျင့်သုံးနေတယ်လို့ သဘောပေါက်ထားလိုက်ပါ။ မရှောင်ကြဉ်ရင် ဒုစရိုက်ဖြစ်လို့ အပြစ်လဲဖြစ် အကုသိုလ်ကံလဲ မြောက်တယ်။ ရှောင်ကြဉ်နိုင်ရင် အပြစ်လဲကင်း ကုသိုလ်ကံလဲ မြောက်တယ်။
သုစရိုက်တရားတွေနဲ့ နေထိုင်နေသူဖြစ်လာတာပါ။ အခြေခံအဆင့်အနေနဲ့ တရားကျင့်နေတာပါပဲ။ ၀ိပဿနာကျင့်နိုင်ရင်တော့ အဆင့်မြင့်တဲ့ တရား ကျင့်သုံးမှုပေါ့။ အခြေခံအနေနဲ့ကတော့ မကောင်းမှုမှ ရှောင်ကြဉ်နေတာသည်ပင် တရားကျင့်သုံးနေတယ်လို့ သဘောပေါက်ထားလိုက်ပါ။ မရှောင်ကြဉ်ရင် ဒုစရိုက်ဖြစ်လို့ အပြစ်လဲဖြစ် အကုသိုလ်ကံလဲ မြောက်တယ်။ ရှောင်ကြဉ်နိုင်ရင် အပြစ်လဲကင်း ကုသိုလ်ကံလဲ မြောက်တယ်။
ဘုရားက
ရှောင်ကြဉ်ရမယ့်တရားတွေကို ဟောပြခဲ့သလို လုပ်ဆောင်ရမယ့်တရားတွေကိုလဲ
ဟောပြတော်မူခဲ့ပါတယ်။ ဒါတွေကို လုပ်သင့်တယ်လို့ ဟောတော်မူခဲ့တဲ့တရားမျိုးကိုတော့
မလုပ်ရင် အပြစ်မရှိဘူး။ ဒါပေမယ့် ရသင့်ရထိုက်တဲ့ ကုသိုလ်တော့ မရဘူး။ ဒါကြောင့်
ဒုစရိုက်ရှောင်ကြဉ်နေရုံနဲ့ လုံလောက်တဲ့ ကုသိုလ်တွေ ပြည့်ပြည့်၀၀တော့
ရနိုင်မှာမဟုတ်သေးဘူး။ လုပ်ဆောင်ရမယ့်တရားတွေကလဲ ရှိနေသေးတာကိုး။
ဒီလိုတရားမျိုးတွေကို စာရိတ္တသီလလို့ခေါ်တယ်။ မလုပ်ရင် အပြစ်မရှိဘူး။
လုပ်ရင်ကုသိုလ်ရနိုင်တဲ့တရားတွေပေါ့။ ပါဠိလိုတော့ ပုညကြိယာဝတ္ထု လို့ခေါ်တယ်။
ကုသိုလ်ဖြစ်ကြောင်းတရားပါပဲ။ ကုသိုလ်ဖြစ်ကြောင်းတရား (၁၀)ပါးရှိပါတယ်။
၁။ ဒါန - ပေးကမ်းတာ၊
လှူဒါန်းတာ၊ ထောက်ပံ့ကူညီတာတွေဟာ ဒါနပါပဲ။ အများစုက ဘုရားကျောင်းကန်လှူမှ ဒါန၊
ရဟန်းသံဃာလှူမှ ဒါနလို့ မြင်နေကြတယ်။ ဒါတင်မကပါဘူး။ အခြားမှာလဲ ဒါနလုပ်လို့ရတာတွေ
အများကြီးရှိပါတယ်။ မိဘတွေကို ပြုစုလုပ်ကျွေးတာ၊ သားသမီးတွေကို ပြုစုလုပ်ကျွေးတာ၊
ဆွေမျိုးတွေကို ကူညီပံ့ပိုးတာ၊ အများပြည်သူအကျိုးအအတွက် ထည့်ဝင်လှူဒါန်းတာ
စသည်ဖြင့်ပေါ့။ ဒါ့အပြင် ကိုယ်တတ်နိုင်ရင် တတ်နိုင်သလို လိုအပ်တဲ့သူတွေကို
စည်းကမ်းရှိရှိနဲ့ ကူညီထောက်ပံ့ပေး။ စည်းစနစ်မပါဘဲနဲ့ ကူညီတာလဲ ဒါနတော့ မြောက်တယ်၊
ဒါပေမယ့် ထိရောက်မှုနဲတယ်။ အထိရောက်ဆုံးနည်းလမ်းကို ရှာကြံပြီးတော့
ကူညီပေးမယ်ဆိုရင် ကူညီရကျိုးပိုနပ်တာပေါ့။
၂။ သီလ - (၅)ပါးသီလ၊
(၈)ပါးသီလဆောက်တည်နေတာဟာ သီလပါပဲ။ ငါးပါးသီလကတော့ ၀ါရိတ္တသီလထဲမှာပါတယ်။
ကျန်တဲ့သီလတွေကတော့ ကိုယ်စွမ်းနိုင်မှ စောင့်ထိန်းရမှာပါ။ မကောင်းတဲ့အလုပ်တွေမလုပ်ဘဲ၊
မကောင်းတဲ့စကားတွေ မပြောဘဲ ရှောင်ကြဉ်နေတာဟာ သီလပါပဲ။ သီလက ကိုယ်နဲ့ နှုတ်ကို
စောင့်ထိန်းပေးပါတယ်။ မကောင်းတာမလုပ် မကောင်းတာမပြောတဲ့သူမျိုးဟာ ကိုယ့်ကိုယ်ကို
ပြန်လည်သုံးသပ် ဆင်ခြင်ကြည့်လိုက်မယ်ဆိုရင် အရမ်းကျေနပ်စရာကောင်းတာ ကိုယ်တိုင်
တွေ့ရပါလိမ့်မယ်။ ကိုယ်ရောစိတ်ပါ ချမ်းသာမှုမျိုးကို လက်တွေ့ ခံစားရမှာပါ။
ကိုယ့်သီလစင်ကြယ်လေ ပိုမိုရဲရင့်လာလေဖြစ်ပါတယ်။ ဒီလိုမျိုး သတ္တိခွန်အားတွေကို
ကိုယ်ကျင့်တဲ့ သီလက ပေးစွမ်းတာပါ။ ဘယ်နတ် ဘယ်ဗြဟ္မာကမှ
လာရောက်ပေးအပ်ထားတာမဟုတ်ပါဘူး။
၃။ ဘာဝနာ - သမထဘာဝနာ၊
ဝိပဿနာဘာဝနာ ကိုယ်နိုင်နင်းရာ၊ ကိုယ်နှစ်သက်ရာ ဘာဝနာတစ်ခုခုကို ပွားများ
အားထုတ်ခြင်း။ သီလက ကိုယ်နှုတ်ကို ထိန်းကျောင်းပေးပြီး ဘာဝနာက စိတ်ကို
ထိန်းကျောင်းပေးပါတယ်။ ဒါကြောင့် ဒုစရိုက်(၁၀)ပါးထဲက ကာယဒုစရိုက်နဲ့
ဝစီဒုစရိုက်တရားတွေကို သီလနဲ့ ထိန်းပြီး မနောဒုစရိုက်ကို ဘာဝနာနဲ့ထိန်းရပါတယ်။
ကိုယ့်စိတ်ကို မကောင်းတဲ့စိတ်ထားတွေ မဖြစ်အောင် ကြိုးစားထိန်းသိမ်းပြီး
စိတ်ကောင်းလေးတွေ ထားတတ်အောင် ကြိုးစားနေထိုင်သွားမယ်ဆိုရင် အခြေခံအနေနဲ့တော့
ဘာဝနာအဆင့် ရောက်နေပါပြီ။ ဒါဟာ တရားကျင့်နေတာပါပဲ။ အချိန်ရလို့ ဒါထက်အဆင့်မြင့်တဲ့
ဝိပဿနာတရားကို အားထုတ်နိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမယ့်
ဝိပဿနာတော့လုပ်နေပြီး စိတ်ကောင်းလေးမှ မထားတတ်ဘူးဆိုရင်တော့ အောက်ခြေလွတ်နေတဲ့
ဝိပဿနာသမားသာ ဖြစ်ပါလိမ့်မယ်။
၎။ အပစာယန -
ရိုသေသင့်သူကို အရိုအသေပေးခြင်း။ ဘုရား တရား သံဃာ ရတနာသုံးပါး၊ မိဘ ဆရာသမား၊
အသက်သိက္ခာကြီးရင့်သူ၊ ဂုဏ်သိက္ခာ ရာထူး ကြီးမားသူ စသည်တို့အပေါ်မှာ
အရိုအသေပေးခြင်းဟာလဲ ကုသိုလ်ရကြောင်းတရားပါပဲ။ အရိုအသေပေးခြင်းဖြင့်
ဂုဏ်နိမ့်မသွားပါဘူး။ လိမ္မာရေးခြားရှိသူ၊ ယဉ်ကျေးသိမ်မွေ့သူအဖြစ်တောင်
အသိအမှတ်အပြုခံရပါသေးတယ်။ အရိုအသေပေးသင့်တဲ့သူကို အရိုအသေမပေးဘူးဆိုရင်
ပတ်ဝန်းကျင်က ကဲ့ရဲ့တာ ရှုတ်ချတာခံရတဲ့အပြင် မယဉ်ကျေးသူအဖြစ်လဲ
အသိအမှတ်အပြုခံရပါတယ်။ ဒါကြောင့် အရိုအသေပေးခြင်းဟာလဲ လုပ်သင့်တဲ့တရားတစ်ခုအဖြစ်
ဘုရားရှင်က ထည့်သွင်းဟောကြားတော်မူခဲ့တာပါ။
အပိုင်း (ခ)
(၅) ဝေယျာဝေစ္စ -
ရတနာသုံးပါးဝတ်၊ မိဘဆရာဝတ်လုပ်ဆောင်တာဟာ ဝေယျာဝေစ္စကုသိုလ်ပါ။ ဘုရားသန့်ရှင်းရေး၊
ဘုရားစင်သန့်ရှင်းရေး၊ အိမ်တွင်းသန့်ရှင်းရေး၊ ကျောင်းသန့်ရှင်းရေ၊
ဆွမ်းကပ်ရန်ကူညီချက်ပြုတ်ပေးခြင်း စသည်ဖြင့် အကျယ်ချဲ့နားလည်နိုင်ပါတယ်။
(၆) ပတ္တိဒါန - အမျှပေးဝေခြင်း။
ကုသိုလ်တစ်ခုခု ပြုပြီးတဲ့ အခါတိုင်း ကိုယ်ပြုတဲ့ကုသိုလ်ကို အခြားပုဂ္ဂိုလ်တွေအား
ကိုယ်နဲ့ထပ်တူရစေရန် ရည်ရွယ်၍ ရည်စူး၍ အမျှပေးဝေခြင်းဖြစ်ပါတယ်။
ကျွန်ုပ်ပြုတဲ့ကုသိုလ်တွေကို သင်တို့အားလဲ မျှဝေပေးပါတယ် ဆိုတဲ့သဘောကို
ပါဠိလိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ၊ အင်္ဂလိပ်လိုဖြစ်စေ မည်သည့်ဘာသာစကားနဲ့ မဆို
မျှဝေပေးလို့ရပါတယ်။ ပါဠိမှာတော့ `ဣဒံ နော ဉာတီနံ ဟောတု´ `ဤကုသိုလ်သည်
ငါတို့ဆွေမျိုးတွေအတွက် ဖြစ်ပါစေ´ လို့ တွေ့ရပါတယ်။ မြန်မာမှာတော့ အမျှ အမျှ
ယူတော်မူကြပါခင်ဗျားဆိုတာက ခေါက်ရိုးကျိုးနေပါပြီ။ ဒါပေမယ့် ထုံးစံတစ်ခုလို
လုပ်နေကြတာ များပါတယ်။ အချို့က အမျှဝေနေစရာမလိုပါဘူး ဆိုပြီး ပေါ့ပျက်ပျက်
လုပ်တတ်ကြတယ်။ လောကီကုသိုလ်တွေ အားလုံးဟာ အမျှပေးဝေလို့ ရတဲ့ကုသိုလ်တွေပါ။
ဈာန်တွေ မဂ် ဖိုလ်တွေကိုသာ အမျှပေးဝေလို့ မရတာ။ တကယ်စိတ်ထဲကနေပြီးတော့
မျှဝေပေးလိုစိတ်နဲ့ အမျှဝေပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ပြုတဲ့ကုသိုလ်တွေကို သူတို့လဲ
ရစေချင်တဲ့ဆန္ဒနဲ့ မျှဝေပေးရပါတယ်။ နှုတ်ကလဲ ထုတ်ပြောဖို့ လိုအပ်ပါတယ်။
ကိုယ်ပေးလိုက်တဲ့ကုသိုလ်တွေကို ကြားတဲ့သူတွေက သာဓုခေါ်၍ဖြစ်စေ၊
စိတ်ထဲက၀မ်းမြောက်ကျေနပ်စွာဖြင့် လက်ခံ၍ဖြစ်စေ ရယူနိုင်ပါတယ်။
ဒီလိုမျှဝေပေးလိုက်လို့ ပေးသူမှာ ကုသိုလ်တွေ လျော့မသွားတဲ့အပြင် အမျှဝေခြင်း
ကုသိုလ်တစ်ခုထပ်တိုးနေပါတယ်။ လူသားတွေမှာ မသိသာပေမယ့် အမျှဝေမယ့်သူမရှိလို့
သာဓုခေါ်ခွင့်မရဘဲ ဆင်းရဲဒုက္ခရောက်နေကြတဲ့ မမြင်ရတဲ့သတ္တ၀ါတွေမှာ အလွန်သိသာပါတယ်။
ဒီလိုမျိုးသတ္တ၀ါတွေက အများကြီးရှိပါတယ်။
လွန်ခဲ့တဲ့ သုံးဘ၀က
အရှင်သာရိပုတ္တရာရဲ့ မယ်တော်ဖြစ်ခဲ့ဘူးတဲ့ ပြိတ္တာမကြီးတစ်ယောက်ဟာ အရှင်သာရိပုတ္တရာထံ
ကုသိုလ်ပြု အမျှဝေရန် အသနားခံခဲ့ဘူးရှာတယ်။ သူတို့ဘ၀ရဲ့ ဆင်းရဲကို လူတွေက
နားမလည်နိုင်ဘူး။ သူတို့ခံစားနေရတာ သူတို့ကိုယ်တိုင်မှသိနိုင်ပါတယ်။ ဒီဆင်းရဲတွေ
မခံချင်လို့လဲမရ၊ ၀ဋ်ရှိတော့ခံနေရတာ။ အမျှဝေမယ့်သူတစ်ယောက်မှ မပေါ်ပေါက်ခဲ့ဘူးလို့
အချိန်ကြာမြင့်စွာပင် ဆင်းဆင်းရဲရဲနဲ့ နေလာခဲ့ရတယ်။ ဒီအတိုင်းနေလို့တော့
အမျှဝေမယ့်သူ ပေါ်လာမှာမဟုတ်တော့ဘူး။ အခု ငါ့သားတော်စပ်ခဲ့ဘူးတဲ့ သူတစ်ယောက်တော့
ဒိတ်ဒိတ်ကျဲ ရဟန်းတစ်ပါးဖြစ်နေပြီ။ အကူညီတောင်းမှဖြစ်တော့မှာပဲ ဆိုပြီး
ကျောင်းအောက်ဝင် ညည်းညူသံပေးလျက် အရှင်သာရိပုတ္တရာထံ အကြောင်းအကျိုးဆက်စပ်ကာ
အကူညီတောင်းခဲ့ရှာတယ်။ အရှင်သာရိပုတ္တရာက အရှင်အာနန္ဒာခေါ်သွားပြီး ကောသလမင်းကြီးထံ
သွားရောက်အကြောင်းကြားတော့ မင်းကြီးက ဆွမ်းကပ်၊ သင်္ကန်းကပ်ကုသိုလ်ပြုပြီး
အမျှဝေပေးလိုက်တဲ့အခါ အဲဒီ ပြိတ္တာမကြီး ကျွတ်လွတ်ခွင့်ရသွားခဲ့ရပါတယ်။
ဗိမ္ဗိသာရမင်းကြီးရဲ့ဆွေမျိုးတော်စပ်ခဲ့ဖူးတဲ့
ပြိတ္တာတွေဟာလဲ မင်းကြီး အလှူလုပ်ပါလျက် သူတို့ကို အမျှမဝေရကောင်းလားဆိုပြီး
နန်းတွင်းမှာ ဆူညံသံတွေပေးလျက် မင်းကြီးအိပ်မရအောင် ခြောက်လှန့်ခဲ့ဘူးပါတယ်။
မင်းကြီးက ဘုရားထံ အကျိုးအကြောင်း သွားရောက်လျှောက်ထားတဲ့အခါမှာ လွန်ခဲ့တဲ့
(၉၂)ကမ္ဘာမြောက်မှာ ဖုဿဘုရားရှင်လက်ထက်က သင်နဲ့ ဆွေမျိုးတော်စပ်ခဲ့ဘူးသူတွေ
သံဃာ့ပစ္စည်း အလွဲသုံးစားလုပ်ခဲ့မိတဲ့အကုသိုလ်ကြောင့် ပြိတ္တာဖြစ်နေကြတာ။ (ငရဲကျပြီး
ငရဲကလွတ်လို့ ပြိတ္တာဖြစ်နေကြတာ။ ပြိတ္တာဆိုတာ တစ္ဆေ၊ သရဲဆိုတာတွေပါပဲ။)
သင်မင်းကြီးအမျှဝေမှ ကျွတ်တမ်းဝင်ခွင့်ရပါလိမ့်မယ်။ သင်မင်းကြီး ကုသိုလ်ပြုပြီး
အမျှဝေပေးပါလို့ မိန့်တော်မူလို့ ကုသိုလ်ပြုအမျှဝေလိုက်မှ သူတို့လဲ သာဓုခေါ်ကာ
ပြိတ္တာဘ၀ဆိုးမှ လွတ်မြောက်ခွင့်ရသွားကြရှာတယ်။ ဒီပြိတ္တာတွေဟာ ဗိမ္ဗိသာရမင်းကြီး
အမျှမဝေသရွေ့ အခြားမည်သူက အမျှဝေလို့မှ ကျွတ်လွတ်ခွင့် မရနိုင်ဘူး။
ဗိမ္ဗိသာရမင်းကြီးနဲ့ သက်ဆိုင်တဲ့ သီးသန့်ပုဂ္ဂိုလ်တွေ ဖြစ်နေပါတယ်။
ဒီအတိုင်းပဲ ကိုယ်က
လူ့ဘ၀ကိုရထားတဲ့အခိုက်လေးမှာ ကိုယ်နဲ့ ဆက်စပ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်
အထူးသဖြင့်ရည်စူးပြီး ကုသိုလ်ပြုအမျှဝေသင့်ပါတယ်။ မည်သူအမျှဝေသည်ဖြစ်စေ
သာဓုခေါ်လို့ ကျွတ်လွတ်ခွင့်ရသူတွေရှိသလို ကိုယ်အမျှဝေမှ ကျွတ်မယ်လို့ ဆက်စပ်နေတဲ့
ပုဂ္ဂိုလ်မျိုးတွေကလဲ ရှိနေတတ်ပါတယ်။ ကိုယ်အမျှဝေမှ ကျွတ်မယ့်သူက
ကိုယ်အမျှမဝေမချင်း သူ့ခမျာ ကျွတ်ခွင့်ရရှာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့
သက်ဆိုင်သူတွေရော မဆိုင်သူတွေပါ ကုသိုလ်အမျှ ရနိုင်ကြစေရန် ရည်ရွယ်ချက်နဲ့
လေးလေးနက်နက် အမျှပေးဝေသင့်ပါတယ်။ ကုသိုလ်ပြုတိုင်း အမျှဝေဖို့ မမေ့ကြပါနဲ့။
ဝေဖြစ်အောင် ဝေပါ။ အလေးအနက်ထားပြီး ဝေပါ။ အမျှဝေတာဟာ သာမန်လုပ်ငန်းမဟုတ်ပါဘူး။
ကျွတ်လွတ်ခွင့်ရထိုက်တဲ့ သတ္တ၀ါတွေ ကျွတ်ခွင့်လွတ်ခွင့် ရအောင် ကယ်တင်နေတာပါ။
သတ္တ၀ါတွေကို ကယ်တင်ပေးတဲ့ အလွန်မွန်မြတ်တဲ့လုပ်ငန်း တစ်ရပ်ပါ။
(၇) ပတ္တာနုမောဒန -
သာဓုခေါ်ခြင်း။ သူများအမျှဝေလိုက်တာကို ကိုယ်က ၀မ်းမြောက်ကျေနပ်စွာလက်ခံလိုက်ရင်လဲ
သူပြုတဲ့ကုသိုလ်တွေ ကိုယ်လဲ အထိုက်အလျောက် ရရှိပါတယ်။ အလှူရှင်တို့နဲ့ ထပ်တူထပ်မျှ
ဝမ်းမြောက်စွာပင် သာဓုခေါ်လိုက်ရင် သူတို့ပြုတဲ့ ကုသိုလ်ရဲ့ ရှယ်ယာတွေ ကိုယ်လဲ
ရလာတာပါ။ တကယ်ကို ကျေနပ်စွာဖြင့်သာ သာဓုခေါ်ပေးပါ။ ကိုယ်က မပြည့်စုံလို့
မလှူနိုင်ဘူးဆိုရင် ပြည့်စုံကြွယ်ဝသူတွေ လှူဒါန်းလို့ အမျှဝေတဲ့အခါမျိုးမှာ
ကိုယ်ပါဝင်ခွင့်ရရင် ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပြီး ကုသိုလ်ယူလိုက်ပါ။
သာဓုခေါ်တာဟာလဲ လူတွေမှာ သိသိသာသာ အကျိုးမထင်ရှားပေးမယ့် စောစောကပြောခဲ့တဲ့
ဝတ္ထုတွေထဲက ပြိတ္တာတွေမှာတော့ ပြိတ္တာဘ၀ဆင်းရဲဒုက္ခမှ လွတ်မြောက်သွားကြတာဟာ
သာဓုခေါ်ခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။ ဒါကြောင့် ကုသိုလ်ပြုတိုင်း အမျှပေးဝေပါ။
အမျှဝေတိုင်းလဲ သာဓုခေါ်ပေးပါ။ ဒါဟာ မွန်မြတ်တဲ့ ကုသိုလ်ကောင်းကျိုးတွေ ရတဲ့
လုပ်ငန်းဖြစ်ပါတယ်။
အပိုင်း (ဂ)
(၈) ဓမ္မဿဝန -
တရားနာခြင်း။ တရားနာတာလဲ ကုသိုလ်ရတဲ့အလုပ်ပါ။ အားတဲ့အချိန်တရားနာပါ။
ကိုအနှစ်သက်ဆုံးတရားတွေကို ရွေးချယ်ပြီးတော့ နာပါ။ CD၊ DVD၊ Online ခေတ်ဆိုတော့
တရားနာရတာ အင်မတန်လွယ်ကူပါတယ်။ ဘုန်းကြီးမရှိတဲ့အရပ်မှာနေရစေကာမူ တရားနာလို့
ဖြစ်ပါတယ်။ အထူးသဖြင့် အကြံပြုလိုတာကတော့ ပညာအခြေခံကောင်းတဲ့ ဆရာတော်တွေရဲ့
တရားကို အဓိကထာားနာပါ။ ဒါမှ မလွဲနိုင်မှာဖြစ်ပါတယ်။ ဘုရားရှင်အလိုကျအောင်
ဟောကြားထားတဲ့ တရားတော်တွေကိုသာ ရွေးချယ်နာကြားရမှာပါ။ ဟောတဲ့သူက
အပြောကောင်းကောင်းနဲ့ သူလိုရာ ဆွဲဆောင်ပြီး မှားယွင်းတဲ့အယူအဆတွေ ဟောသွားတာကို
နာယူလိုက်ရလို့ အကြိုက်တွေ့သွားပြီး ကိုယ်ပါ အယူအဆ တိမ်းပါးလောက်အောင်
မှားယွင်းသွားရင် တရားနာရတာကြောင့် ကုသိုလ်မရဘဲ မိစ္ဆာဒိဋ္ဌိပင် ဖြစ်သွားနိုင်တယ်။
လူတွေဆိုတာက ဘာသာရေးအခြေခံ နဲတော့ ဘုန်းကြီးဟောတာ မှန်သလား မှားသလား ဆုံးဖြတ်ချက်
ချနိုင်ဖို့ မလွယ်ဘူး။ အမှန်တရားကို ဟောတဲ့ ဓမ္မကထိကနောက်လိုက်မိရင် မဆိုးဘူး။
မမှန်တဲ့တရားကို ဟောတဲ့ ဓမ္မကထိကနောက်များလိုက်နေမိရင် မှားလို့မှ မှားမှန်းမသိတဲ့
အဖြစ်မျိုးနဲ့ တိုး ကိုယ်ကျိုးနဲရတတ်တယ်။ ဒါကြောင့် ဓမ္မကထိကနောက်ကိုလိုက်ဖို့ထက်
ဓမ္မနောက်ကိုသာ လိုက်မိဖို့ သတိထားရပါမယ်။ တရားနာရင် ကုသိုလ်ရတယ်ဆိုပေမယ့် တရားနာ
မှန်ဖို့နဲ့ အမှန်တရားကို ရွေးချယ်နာတတ်ဖို့တော့ လိုအပ်ပါတယ်။
အသံကောင်းလို့ကြိုက်၊ ရုပ်ချောလို့ကြိုက်ဆိုတဲ့ တရားအကြိုက်မျိုးတွေနဲ့သာ
တရားလိုက်နာနေမယ်ဆိုရင် အမှန်တရားတော့တွေ့မှာမဟုတ်ဘူး။ အဲဒီဘုန်းကြီးပဲ
တွေ့နေရမှာ။ အမှန်တရားကို ကြိုက်တတ်မှ တရားအကြိုက်မှန်ပါလိမ့်မယ်။
(၉) ဓမ္မဒေသနာ-
တရားဟောခြင်း။ တရားဟောတာကလဲ ကုသိုလ်ရတဲ့အလုပ်ပါပဲ။ ဒီနေရာမှာ ဘုန်းကြီးတွေမှ
တရားဟောရတယ်လို့ မှတ်မထားရဘူး။ ကိုယ်သိထားတဲ့တရားသဘောလေးတွေကို ကိုယ်နားလည်သလို
ပြန်ပြောပြတာ၊ ပြန်ရှင်းပြတာ၊ သင်ပြပေးနေတာ၊ ကိုယ်သိထားတာတွေကို
ပြန်လည်ရေးသားနေတာတွေဟာလဲ တရားဟောနေတာပါပဲ။ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ဘာသာရေးဗဟုသုတ
မရှိသေးတဲ့သူတွေကို ကြုံရင် ကြုံသလို ပြောပြသွားတာဟာ တရားဟောနေတာပါပဲ။
လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမနေတာဟာလဲ တရားဟောနေတာပါပဲ။ ကိုယ်သိရှိထားတဲ့
ဘာသာရေးအသိဉာဏ်တွေကို ရေးသားဖြန့်ဝေနေတာ ဓမ္မဒါနပါပဲ။ စာပေတကယ်သင်ကြားနေတဲ့နေရာ၊
လိုအပ်နေတဲ့နေရာမှာ ပိဋကတ်သုံးပုံလှူတာလဲ ဓမ္မဒါနပါပဲ။ တရားပွဲတွေ ဖြစ်မြောက်အောင်
ဖန်တီးနေကြတာလဲ ဓမ္မဒါနပါပဲ။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဓမ္မဒါနကုသိုလ်ကို
ရအောင်ယူနိုင်ပါတယ်။
(၁၀) ဒိဋ္ဌိဇုကမ္မ -
အယူဖြောင့်မှန်ခြင်း။ အခြေခံအနေနဲ့ ပြောနေတာဖြစ်တော့ အယူဖြောင့်မှန်ဖို့အတွက်
ရတနာသုံးပါးယုံကြည်မှု၊ ကံ ကံရဲ့အကျိုးယုံကြည်မှု (ကမ္မဿကတာသမ္မာဒိဋ္ဌိ) ရှိထားရင်
အယူဖြောင့်မှန်နေပါပြီ။ ကိုယ်လက်လှမ်းမမီသေးတဲ့ သက္ကာယဒိဋ္ဌိတွေ အသာထားလိုက်ဦး။
ဝိပဿနာမလုပ်နိုင်သေးခင်မှာတော့ အခြေခံယုံကြည်မှုလေးကိုသာ အဓိကစဉ်းစားထားပါ။
အခုပြောခဲ့တဲ့ ကုသိုလ်ရကြောင်း (၁၀)ချက်ထဲမှာ ဒီအချက်ဟာ အရေးအကြီးဆုံးပဲ။
ဒီယုံကြည်ချက် ပျက်သွားရင် ဗုဒ္ဓဘာသာဆိုသော်လဲ ဘာသာခြားတစ်ယောက်လို
ဖြစ်သွားတော့တယ်။ အယူမမှန်ဘဲ ကျန်တဲ့ ကုသိုလ်ရကြောင်း အလုပ်တွေ လုပ်ပင်လုပ်ပေမယ့်
လုပ်သလောက် အကျိုးသက်ရောက်မှု မရှိနိုင်တော့ဘူး။ အကျိုးမရှိဘူးလို့တော့
ပြောလို့မရဘူး။ သာသနာပမှာ ကုသိုလ်ပြုရသလိုမျိုးဖြစ်သွားတယ်။ အကျိုးပေးထက်သန်မှု
နဲသွားတာပေါ့။ ဒါကြောင့် ကိုယ်လုပ်တဲ့ ကုသိုလ်တွေရဲ့ အကျိုးအာနိသင်တွေ
ထက်ထက်မြက်မြက် ရချင်တယ်ဆိုရင် ရတနာသုံးပါးနဲ့ ကံယုံကြည်မှု (ဒိဋ္ဌိဇုကမ္မလို့ခေါ်တဲ့
အခြေခံ သမ္မာဒိဋ္ဌိ) လေးကိုသာ ခိုင်မြဲအောင် ထိန်းသိမ်းထားလိုက်ပါ။ ဒီလို
ခိုင်မြဲတဲ့ယုံကြည်မှုနဲ့ ထက်သန်တဲ့စေတနာလေးထားပြီး ကုသိုလ်ရကြောင်း
လုပ်ငန်း(၁၀)မျိုး တစ်မျိုးမျိုးကို ပြုလုပ်မယ်ဆိုရင် ကုသိုလ်ကံစွမ်းတွေ
ထက်မြက်လာမှာပါ။ အစွမ်းထက်တဲ့ကုသိုလ်တွေ များများလုပ်ထားလေ ကိုယ့်ကံဟာ
ကောင်းသထက်ကောင်းလေ ဖြစ်ပါတယ်။
အခုပြောခဲ့တဲ့
ကုသိုလ်ရကြောင်း (၁၀)ချက်ကို အားလုံးမဟုတ်တောင် ကိုယ်နိုင်သလောက်တော့
ဖြည့်ကျင့်ထားဖို့ လိုအပ်ပါတယ်။ များများဖြည့်ကျင့်နိုင်လေ ကုသိုလ်ကံတွေ
အင်အားကောင်းလေ ဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ကုသိုလ်ပေါင်းစုံအောင်
ပြုလုပ်ခဲ့ပြီး ပါရမီတွေ ဖြည့်ဆည်းခဲ့တဲ့ ကုသိုလ်ကံအင်အားတွေကြောင့် ဘုရားမဖြစ်မီ
အလောင်းတော်ဘ၀ကတည်းက တစ်လောကလုံးမှာ အတုမရှိ ပြိုင်စံရှားပုဂ္ဂိုလ်အဖြစ်
မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တာပါ။ ကုသိုလ်ကံတွေက ဘုရားရှင်မှာ
နောက်ဘ၀အကျိုးပေးစရာမရှိတော့ ဒီဘ၀မှာပဲ အကောင်းကံ အားလုံးစုပေါင်းပြီး
ဟာကွက်မကျန်အောင်၊ လိုတာထက်ပင် ပိုကဲနေအောင် ဘက်စုံ ထောင့်စုံကနေ
အကျိုးပေးလိုက်ကြတာပါပဲ။ ဒါကြောင့် ဖွံ့ဖွံ့ဖြိုးဖြိုး ဘက်စုံအကျိုးပေးဖို့အတွက်
ကုသိုလ်ရမယ့်အရာ မှန်သမျှ စုံနိုင်သမျှ စုံလင်အောင် ကိုယ်လက်လှမ်းမီရာ ပြုလုပ်ထားကြမယ်ဆိုရင်တော့
အကောင်းတကာ့ အကောင်းဆုံးပါပဲ။
No comments:
Post a Comment