@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 30 September 2013

ကံအယူအဆ (၁၁)


ဒီနေ့ ရောရောထွေးထွေး ကံအကျိုးပေးပုံလေးတွေ ထပ်မံရှင်းပြမယ်။ ကံက အမည်းကံ၊ အဖြူကံ၊ အမည်းအဖြူရောတဲ့ကံ၊ အမည်းအဖြူမရောတဲ့ကံလို့ (၄)မျိုးပိုင်းခြားဟောထားတဲ့ သုတ္တန်တစ်ခုရှိတယ်။ (ကမ္မံ ကဏှံ ကဏှဝိပါကံ၊ ကမ္မံ သုက္ကံ သုက္က၀ိပါကံ၊ ကမ္မံ ကဏှသုက္ကံ ကဏှသုက္က၀ိပါကံ၊ ကဏှံ အကဏှအသုက္ကံ အကဏှအသုက္က၀ိပါကံ) လို့ ပါထိက၀ဂ်၊ သင်္ဂီတိသုတ်မှာ အကျဉ်းအားဖြင့် ဟောထားတယ်။ အကျယ်အားဖြင့်တော့ အင်္ဂုတ္တိုရ်ပါဠိ၊ စတုက္ကနိပါတ၊ ကမ္မ၀ဂ်မှာ ဟောထားပါတယ်။
(၁) အမည်းကံ။ အမည်းကံက မည်းတဲ့အကျိုးပေးတယ်။ အမည်းကံဆိုတာ တင်စားပြီးပြောထားတာ။ အကုသိုလ်ကံကိုဆိုလိုတာပါ။ မကောင်းတဲ့စေတနာအခြေခံပြီးတော့ မကောင်းတဲ့ ဒုစရိုက်တရားတွေလုပ်မယ်၊ အဲဒီတရားတွေက မကောင်းတဲ့ကံတွေ မြောက်ပြီး မကောင်းတဲ့အကျိုး မည်းတဲ့အကျိုးတွေ ပေးတယ်။ ငရဲကျတယ်ဆိုတာ အမည်းကံက မည်းတဲ့အကျိုးကို ပေးလိုက်တာပါပဲ။ ထို့အတူ ပြိတ္တာဖြစ်မယ်၊ အသူရကာယ်ဖြစ်မယ် စသည့် မကောင်းတဲ့ဒုဂ္ဂတိကျိုးတွေ ပေးတာဟာ မည်းတဲ့အကျိုးပေးတွေပါ။

 
(၂) အဖြူကံ။ အဖြူကံက ဖြူတဲ့အကျိုးကိုပေးတယ်။ အဖြူကံဆိုတာ ကုသိုလ်ကံပေါ့။ ကောင်းတဲ့စေတနာအခြေခံပြီးတော့ ကောင်းတဲ့ သုစရိုက်တရားတွေလုပ်မယ်၊ အဲဒီတရားတွေက ကောင်းတဲ့ကံတွေ မြောက်ပြီး ကောင်းတဲ့အကျိုး ဖြူတဲ့အကျိုးတွေ ပေးတယ်။ သုဂတိကျိုးတွေ ပေးတယ်။ နတ်ဖြစ်တယ်၊ ဗြဟ္မာဖြစ်တယ်ဆိုတာ ဖြူတဲ့အကျိုးကို ပေးလိုက်တာပါပဲ။
(၃) အမည်းအဖြူရောတဲ့ကံ။ အမည်းအဖြူရောတဲ့ကံဆိုတာက အကုသိုလ်ကံရော ကုသိုလ်ကံပါ နှစ်မျိုးလုံးရောနှောပြီး သင့်လို အကျိုးပေးတဲ့ကံမျိုးပါ။ လူတွေ၊ နတ်တွေ၊ ၀ိနိပါတိကအသူရာမျိုးတွေလို့ ပါဠိမှာ ဥပမာပေးထားပါတယ်။ နားလည်အောင် ရှင်းပြရမယ်ဆိုရင်တော့ ကုသိုလ်လုပ်ရင်း အကုသိုလ်ရောနှောမိတာမျိုး၊ အကုသိုလ်လုပ်ရင်း ကုသိုလ်လုပ်လိုက်မိတာမျိုး၊ ဒီလို ကံတွေက အကျိုးပေးတော့ အမည်းအဖြူရောနှောအကျိုးပေးတတ်တယ်။ အဖြူကံကြောင့် လူဖြစ်ရတယ်။ အမည်းကံက အကျိုးပေးနေတော့ ဆင်းရဲနေရတယ်။ ရုပ်ဆိုးနေတယ်၊ နားပင်းနေတယ်၊ ရောဂါဝေဒနာ နှိပ်စက်ဖိစီးခံစားနေရတယ်၊ စကားမပီတဲ့သူဖြစ်နေရတယ်စသည်ပေါ့။ အဖြူကံထဲမှာ အမည်းကံက ရောနှောအကျိုးပေးနေတာပါ။
အမည်းကံကြောင့် ခွေးဖြစ်တယ်၊ အပါယ်ရောက်နေတာပဲ။ ဒါပေမယ့် လူတွေက ချစ်တဲ့ခွေးဖြစ်နေတယ်။ ကျကျနန သပ်သပ်ရပ်ရပ် နေရတယ်။ မကြောင့်မကြနေရတယ်။ ကောင်းကောင်းစားနေရတယ်။ အချို့ခွေးများဆိုရင် အ၀တ်တောင် ၀တ်ပေးထားတာ တွေ့ရဖူးတယ်။ ပုံမှန်ဆေးကုပေး၊ လူဆင်းရဲတွေ စားတဲ့အစားအစာထက်ကောင်းတဲ့ အစားအစာတွေ ကျွေးနဲ့၊ အမည်းကံပေါ်မှာ အဖြူကံတွေ ရောနှောအကျိုးပေးနေတာ။ ဆင်ဖြစ်တယ်ဆိုပါစို့။ တိရစ္ဆာန်ပဲ။ ဒါပေမယ့် ဆင်ဖြူတော်ဖြစ်တယ်ဆိုရင် ကောင်းကောင်းမွန်မွန် နေထိုင်ခွင့်ရတယ်။ ချမ်းချမ်းသာသာ နေထိုင်ရတယ်။ အမည်းအဖြူရောနှော အကျိုးပေးလိုက်တာပါ။ ဒီလိုမျိုး အဖြူကံပေါ်မှာ အမည်းကံရောနှော အကျိုးပေးတာရှိသလို အမည်းကံပေါ်မှာ အဖြူကံရောနှော အကျိုးပေးတာတွေလဲရှိတယ်။ ဒါကို အမည်းအဖြူရောတဲ့ကံ လို့ဆိုပါတယ်။
(၄) အမည်းအဖြူမရောတဲ့ကံ။ အမည်းအဖြူမရောတဲ့ကံက မည်းတဲ့အကျိုးလဲမပေးဘူး၊ ဖြူတဲ့အကျိုးလဲ မပေးဘူး။ ဘယ်လိုကံမျိုးလဲဆိုရင် မဂ်ကုသိုလ်ကံ။ အမည်းကံတွေကိုလဲ ပယ်၊ အဖြူကံတွေကိုလဲ ပယ်၊ အမည်းအဖြူရောတဲ့ကံတွေကိုလဲ ပယ်နိုင်တဲ့ မဂ်ကုသိုလ်ကံမျိုးကို ဒီနေရာမှာ အမည်းအဖြူမရောတဲ့ကံရယ်လို့ ဟောပါတယ်။ ဒါဆိုရင် အမည်း အဖြူ ကံတွေအကုန်ပယ်နိုင်တဲ့စေတနာကို အမည်းအဖြူမရောတဲ့ကံလို့ ဟောတာပါပဲ။ အရဟတ္တမဂ်မှာ ယှဉ်နေတဲ့စေတနာကို ကံလို့ယူဆပြီး အဲဒီကံကိုပဲ အမည်းအဖြူမရောတဲ့ကံရယ်လို့ နားလည်ရမယ်။ အရဟတ္တမဂ်က ကံတွေ အားလုံးကို ပယ်လိုက်တဲ့အတွက် ကံတွေ ကုန်သွားပါပြီ။ ဒါကြောင့် ပါဠိမှာ ကမ္မက္ခယ လို့ဆိုပါတယ်။ ကမ္မက္ခယဆိုတာ ကံတွေကုန်ဆုံးခြင်းလို့ အဓိပ္ပါယ်ရတယ်။
အရဟတ္တမဂ်ဆိုက်ရင် အရဟတ္တဖိုလ်ပေါက် ရဟန္တာ အဖြစ်ရောက်တော့တာပါပဲ။ ရဟန္တာဖြစ်သွားပြီးတဲ့နောက်မှာ ပြုသမျှတွေအားလုံးဟာ ကံအဖြစ်နဲ့ မကျန်ရစ်တော့ဘူး။ ကြိယာဖြစ်သွားတယ်။ ကြိယာဆိုတာ ဖြစ်ပြီးပျက်သွားရုံသက်သက်လေးပဲ။ ကံအဖြစ် အကြောင်းတွေ ချန်မထားခဲ့တော့ဘူး။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ်တို့ ကုသိုလ်ကောင်းမှုတွေ လုပ်ပင်လုပ်သော်လဲ လုပ်သမျှတွေမှာ ဘာကံမှ မဖြစ်တော့ဘူး။ ပြုလုပ်ကာမတ္တသာဖြစ်တယ်။ ဒါပေမယ့် ရဟန္တာတို့မည်သည် အကုသိုလ်ကိုတော့ လုံးဝမလုပ်တော့ဘူး၊ ကုသိုလ်တွေတော့ လုပ်တယ်။ သူတို့လုပ်တဲ့ကုသိုလ်တွေကလဲ နောင်အကျိုးပေးဖို့ ကံစွမ်းတွေ ချန်မထားခဲ့တော့ဘူး။ ကံစွမ်းတွေ ကျန်နေသေးတယ်ဆိုရင်လဲ ရဟန္တာမဟုတ်သေးဘူး။ ကံရဲ့အကျိုးတွေခံစားဖို့ နောက်ဘ၀ရှိနေရဦးမယ်။ ရဟန္တာမှာ နောက်ဘ၀မရှိတော့ဘူး။ ဒါကြောင့် ရဟန္တာမှာ ကံအဟောင်းတွေရဲ့ အကျိုးပေးမယ့် အလားအလာတွေကိုလဲ ဖြတ်၊ ကံအသစ်တွေလဲ မဖြစ်တော့တဲ့အတွက် ကံကုန်နေပြီဖြစ်လို့ နောက်ဘ၀ ထပ်မံဖြစ်စရာမလိုတော့ဘူး။ နောက်ဘ၀မဖြစ်တော့ ဘ၀ သံသရာ (၃၁)ဘုံအတွင်းက လွတ်မြောက်ခွင့်ရသွားတယ်။ နောက်ဘ၀အတွက် ရုပ်လဲ မဖြစ်တော့ဘူး။ နာမ်လဲမဖြစ်တော့ဘူး။ အစဉ်ထာဝရ ငြိမ်းအေးမှု သန္တိသုခကို ခံစားခွင့်ရရှိသွားတယ်။ ဒါကို ဒုက္ခခပ်သိမ်း အေးငြိမ်းရာနိဗ္ဗာန်လို့ခေါ်တယ်။
ရဟန္တာမဖြစ်သေးသရွေ့တော့ လုပ်သမျှတွေဟာ ကံတွေဖြစ်နေဦးမှာပဲ။ ကံဆိုတာ ဒီဘ၀ ပြုသမျှတွေသာမက အတိတ်အတိတ် ဘ၀တွေကပြုလုပ်ခဲ့တာတွေပါ အကြောင်းအဖြစ် ကျန်နေခဲ့တာဖြစ်တော့ အမည်းကံတွေလဲ ရှိနေဦးမှာပါ၊ အဖြူကံတွေလဲ ရှိနေဦးမှာပါ၊ အမည်းအဖြူရောတဲ့ကံတွေလဲ ရှိနေဦးမှာပါ။ အတိတ်ကံတွေ ဘယ်လိုပင် ရှိနေပါစေ၊ ကိုယ်မမြင်နိုင်ပါဘူး။ ဒီတော့ ကိုယ်ကိုယ်တိုင် မြင်နိုင် သိနိုင်တဲ့ ပစ္စုပ္ပန်ကံတွေကတော့ အဖြူကံမျိုးတွေချည်းသာ ဖြစ်အောင် ကြိုးစားကြရမှာပါ။ ဘုရားရှင်အနှစ်သက်ဆုံး ကံအနေနဲ့ကတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ အမည်းအဖြူမရောတဲ့ ကံအဆင့်ရောက်အောင်လုပ်ရပါလိမ့်မယ်။ ရဟန္တာဖြစ်အောင် လုပ်ရမယ်လို့ ဆိုလိုတာပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အားလုံးကို ပန်းတိုင်ရောက်စေချင်လို့ပါ။ ဗုဒ္ဓဘာသာရဲ့ပန်းတိုင်ဟာ နိဗ္ဗာန်ပဲမဟုတ်လား။ ရဟန္တာဖြစ်ပြီဆိုရင် ပန်းတိုင်ရောက်ပြီပေါ့။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated