အပိုင်း (က)
ဗုဒ္ဓဘာသာမှာ ကံအယူအဆဟာ
အလွန်အရေးပါတဲ့အပိုင်းဖြစ်နေတဲ့အပြင် အကုန်အစင် စုံလင်အောင် သိနားလည်ဖို့လဲ အလွန်ခက်ခဲနက်နဲတဲ့အပိုင်း
ဖြစ်နေတဲ့အတွက်ကြောင့် မိမိဉာဏ်မီသမျှနဲ့ စုစည်းသိုင်းဝိုင်းပြီးတင်ပြခဲ့တာ အခုဆို
ခြုံငုံနားလည်နိုင်လောက်တဲ့ အဆင့်အထိတော့ ရောက်လာပါပြီ။ အဆင့်မြင့်မြင့်
နားလည်ထားရမယ့် ကံအယူအဆပိုင်းကို နဲနဲ ပြောပြချင်တယ်။
ကံယုံကြည်ရမယ်ဆိုပေမယ့်
ကိုယ်ပြုတဲ့ကံတွေက ကိုယ့်နောက် လိုက်နေတယ်လို့ ယူဆရမှာမဟုတ်ပါဘူး။ ကံတွေပြုခဲ့တယ်၊
အဲဒီကံတွေထဲက ဆိုးတဲ့ကံက ကိုယ့်ကို တစ်ချိန်ချိန်မှာ နှိပ်စက်ဖို့
နောက်ကလိုက်နေသလို ကောာင်းတဲ့ကံတွေကလဲ ကိုယ့်နောက်မှာ ကူညီဖို့ ကယ်ဆယ်ဖို့
နောက်ကလိုက်နေတယ်လို့ ယူဆမယ်ဆိုရင်လဲ ဒီအယူအဆဟာ မှန်ကန်တဲ့အယူအဆ မဟုတ်ပါဘူး။
ဒီလိုယူဆနေရင် ကိုယ်ပြုတဲ့ကံတွေက မပျက်မစီးဘဲ အမြဲတည်တံ့နေတယ်လို့
ယူဆတဲ့သဘောဖြစ်သွားလို့ သဿတဒိဋ္ဌိဘက်ယိုင်သွားပါတယ်။
ဒီလိုပြောလိုက်တော့
ဘုရားက `စက္ကံဝ ၀ဟတော ပဒံ` (အကုသိုလ်ကံတွေက ပြုသူနောက်မှာ လှည်းဘီးကြီး နွားနောက်
အစဉ်လိုက်နေသလို တကောက်ကောက် လိုက်နေတယ်)၊ `ဆာယာဝ အနုပါယိနီ´ (ကုသိုလ်ကံတွေက
ပြုသူနောက်မှာ အရိပ်ပမာ စောင့်ရှောက်ရန် တကောက်ကောက် လိုက်နေတယ်)လို့
ဓမ္မပဒမှာဟောထားတာနဲ့ ဆန့်ကျင်နေတယ်လို့ ငြင်းပွားဖွယ်ရာဖြစ်လာတယ်။
ဘုရားဟောတော်မူတဲ့တရားတွေဟာ ရံခါ တိုက်ရိုက်ဟောလိုက်တာရှိသလို ရံခါ သွယ်ဝိုက်၍ဟောလိုက်တာတွေလဲ
ရှိပါတယ်။ တိုက်ရိုက်နားလည်ရမယ့်တရားတွေကိုတော့ နီတတ္ထလို့ခေါ်ပြီး
သွယ်ဝိုက်၍နားလည်ရမယ့်တရားတွေကိုတော့ နေယျတ္ထလို့ ပါဠိလိုခေါ်ပါတယ်။ ဒါကြောင့်
ဓမ္မပဒမှာ ဘုရားဟောထားတာ မှန်တယ်။ ဒါပေမယ့် တိုက်ရိုက်ယူရမယ့်အဓိပ္ပါယ်မဟုတ်ဘူး၊
သွယ်ဝိုက်ယူရမယ့်အဓိပ္ပါယ်၊ လူတိုင်းနားလည်လွယ်အောင် ဥပမာနဲ့ ဆောင်ပြီး
ဟောပြခဲ့တာဖြစ်တယ်လို့ မှတ်လိုက်ပါ။
ဘုရားက ဒီလို
သွယ်ဝိုက်ပြီးဟောတာတွေ အများကြီးရှိပါတယ်။ ထင်ရှားတာတစ်ခု ထုတ်ပြရမယ်ဆိုရင် `မာတရံ
ပိတရံ ဟန္တွာ၊ ရာဇာနေ ဒွေ စ ခတ္တိယေ´ (အမိအဖကို သတ်၊ မင်းနှစ်ပါးကိုလဲ သတ်) တဲ့။ ဒါဘုရားဟောပါပဲ။
ဒါပေမယ့် ဒီဒေသနာကို သွယ်ဝိုက်တဲ့ဒေသနာမှန်းမသိရင် ဘုရားက မိဘတွေ သတ်ခိုင်းတာလို့
အမှတ်မှားသွားနိုင်တယ်။ တကယ်တော့ အမိနဲ့တူတဲ့ တဏှာကိုသတ်၊ အဖနဲ့တူတဲ့ မာနကိုသတ်၊
မင်းနှစ်ပါးနဲ့တူတဲ့ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိတို့ကို သတ်ပါ လို့
ဒီလိုမိန့်တော်မူတာပါ။ အမေဆိုတာ သားသမီးတွေကို ချော့တတ်တယ်၊ ဒီအတိုင်းပဲ တဏှာကလဲ
ကိုယ့်ဘ၀ကို ပျော်သလို နေတတ်အောင် ချော့တတ်တယ်၊ ဘ၀ကို တစ်နည်းမဟုတ် တစ်နည်းနဲ့
ခင်တွယ်နေအောင် ချော့တတ်တယ်။ တဏှာက ဆွဲဆောင်အားကောင်းတော့ ကိုယ့်ဘ၀ကိုယ်
ခင်တွယ်နေတယ်။ ကိုယ့်ကိုယ်ကိုလဲ ခင်တွယ်တာပဲ၊ သူများကိုလဲ ခင်တွယ်တာပဲ၊
ပစ္စည်းဥစ္စာတွေကိုလဲ ခင်တွယ်တာပဲ။ ဒီခင်တွယ်မှုတွေနဲ့ ဘ၀ကို သာယာနေကြတယ်။
ပျော်ရွှင်နေကြတယ်။ လောကီအာရုံတွေကြားက ရုန်းမထွက်နိုင်ကြတော့ဘူး။ ဒီလို
ဘ၀ကိုသာယာအောင် ပျော်ရွှင်အောင် ချော့မြှူတတ်တဲ့အတွက် တဏှာကို အမိနဲ့တူလို့
အမိနဲ့တူတဲ့တဏှာကို သတ်ပါလို့ ဘုရားက တင်စားပြောတာ။ ငါဘယ်သူ့သား၊ ဘယ်ဝါ့သား
စသည်ဖြင့် အားကိုးရလောက်တဲ့ ရာထူး ဂုဏ်သိမ် စည်းစိမ်နဲ့ပြည့်စုံတဲ့အဖေမျိုးဆိုရင်
အဖေကို မှီပြီး မာန်တက်တတ်လို့ အဖနဲ့တူတဲ့ မာနကို သတ်လို့ပြောတာ။ မင်းနှစ်ပါးကို
သတ်ဆိုတာကလဲ မင်းတို့မည်သည် တိုင်းသူပြည်သားအားလုံးရဲ့ အရှင်သခင်ဖြစ်သလို
ဒိဋ္ဌိမှန်သမျှဟာလဲ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိကိုပဲ ပေါင်းရသဖြင့် ဒိဋ္ဌိတကာတို့အပေါ်မှာ
မင်းမူနေတဲ့ ဒီ ဒိဋ္ဌိကြီးနှစ်ပါးကို သတ်ခိုင်းတာဖြစ်ပါတယ်။ ဒါကြောင့်
ဒီလိုမျိုးတရားတော်တွေကို သွယ်ဝိုက်ဟောထားတဲ့တရားတော်တွေ (နေယျတ္ထ) လို့
သိထားရပါမယ်။ ဒီလိုမှမသိရင် ဒါဘုရားဟောပဲဆိုပြီးလုပ်လိုက်ပါက တက်တက်စင်အောင်
လွဲသွားပါလိမ့်မယ်။
အခုကံအယူအဆမှာလဲ
လှည်းဘီးလိုလိုက်နေတယ်၊ အရိပ်ပမာလိုက်နေတယ်ဆိုတာ သွယ်ဝိုက်ဟောလိုက်တာ (နေယျတ္ထ)လို့
သိထားရပါမယ်။ ကိုယ်ပြုတဲ့ကံက ဘယ်တော့မှ မပျက်မစီးဘဲ အမြဲတည်နေတယ်ဆိုရင်
တည်မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိအယူဖြစ်သွားတယ်။ အားလုံးဟာ အနိစ္စပဲ၊ ဒါပေမယ့် ကံကတော့
နိစ္စ၊ မြဲတယ်ဆိုတဲ့သဘော။ အားလုံးဟာ အနတ္တပဲ၊ ဒါပေမယ့် ကံကတော့ အတ္တ ဆိုတဲ့သဘော
သက်ရောက်သွားပါတယ်။ ဒါကို မိုးကုတ်ဆရာတော်ဘုရားကြီးက ကမ္မ၀ါဒီသဿတဒိဋ္ဌိလို့
အမည်ပေးထားပါတယ်။ လောကမှာ အားလုံးအနတ္ထဆိုတော့ ဘာမှအားကိုးစရာမရှိတော့ဘူး၊ ကံကိုပဲ
အားကိုးရတော့မှာပဲ၊ မြဲတာဆိုလို့ ကံပဲ ရှိတော့တယ်ဆိုတဲ့ သဘောသက်ရောက်သွားတယ်။
ကံကို မြဲနေတယ် မပျက်မစီးဘူးလို့ယူဆလိုက်တဲ့ သဿတဒိဋ္ဌိဖြစ်သွားတယ်။
ကံသည် စေတနာနဲ့ယှဉ်တဲ့
စိတ်ဆိုတဲ့ နာမ်တရားကို အခြေခံပြီး ဖြစ်ရတာပါ။ နာမ်တရားကို အခြေခံပြီးတော့
လှုပ်ရှားမှုရုပ်တရားတွေ၊ ကြံစည်မှုနာမ်တရားတွေ ဖြစ်လာရတာပါ။ နာမ်တရား၊
ရုပ်တရားတို့မည်သည် ဒီနေရာမှာပေါ် ဒီနေရာမှာပဲပျက်သွားတယ်။ ဒီနေရာမှာ ကာယကံ
လှုပ်ရှားမှု ရုပ်တွေဖြစ်မယ်။ ဒီနေရာမှာပဲ ပျက်သွားတယ်။ ဒီနေရာမှာ စိတ္တဇ
ဝါယောဓာတ်တွေကြောင့် စကားတွေ ပြောမယ်၊ ဒီနေရာမှာပဲ ပျက်သွားတယ်။ ဒီနေရာမှာပဲ
စိတ်အကြံ ကံတွေဖြစ်မယ်၊ ဒီနေရာမှာပဲ ပျက်သွားတယ်။ သေသေချာချာကြည့်လိုက်တော့
မပျက်ဘဲ တည်မြဲနေတာရယ်လို့ ဘာတစ်ခုမှမရှိဘူး။ လုပ်တာ ကိုင်တာ လှုပ်တာ ငြိမ်တာ
သွားတာ လာတာ ထိုင်တာ ရပ်တာ ပြောတာ ဆိုတာ စဉ်းစားတာ တွေးခေါ်တာ မှန်သမျှ အကုန်
စောင့်ကြည့်ပါ။ ပေါ်လာပြီးပျက်သွားရတာတွေချည်းပါပဲ။ မပျက်ဘဲနဲ့
တည်မြဲနေတဲ့သဘောတရားဆိုတာ ဘာတစ်ခုမှမရှိဘူး။ ကုသိုလ်ကံလုပ်တယ်၊ ဒီနေရာပေါ်
ဒီနေရာပျက်၊ အကုသိုလ်ကံလုပ်တယ်၊ ဒီနေရာပေါ် ဒီနေရာပျက်။ မြဲသလိုလိုထင်ရပေမယ့်
သေသေချာချာ ကြည့်လိုက်တော့ မမြဲဘူးဆိုတာ ကိုယ်တိုင် ကြည့်ရင် ကိုယ်တိုင်သိပါလိမ့်မယ်။
ကိုယ်လုပ်သမျှ ကိုင်သမျှ ပြောသမျှ ဆိုသမျှ တွေးသမျှ ခေါ်သမျှ အားလုံးဟာ မဖြစ်ဘဲနဲ့
ကျောက်ရုပ်လို ခိုင်မြဲနေတာ တည်မြဲနေတာ တည်တံ့နေတာ ဘာတစ်ခုမှ မရှိဘူး။ အခု
စကားပြောလိုက်တယ်။ ကြည့်လိုက်တော့ အတိတ်ကျန်နေခဲ့ပြီ။ အခု
လှုပ်ရှားမှုတစ်ခုလုပ်လိုက်တယ်။ ကြည့်လိုက်တော့ အတိတ်ကျန်နေခဲ့ပြီ။ အခု
အတွေးတစ်ခုပေါ်လာတယ်။ ကြည့်လိုက်တော့ အတိတ်ကျန်နေခဲ့ပြီ။ ပျက်သွားလို့
မတည်မြဲနိုင်လို့ အတိတ်ကျန်ကျန်နေခဲ့ကြတာချည်းပဲလို့နားလည်ပါ။ ပစ္စုပ္ပန်မှာ
ဖြစ်သမျှတွေဟာ ပျက်သွားတော့ အတိတ်ကျန်နေခဲ့ကြတာပေါ့။ မကျန်ပါနဲ့လို့ တားလို့မရဘူး။
ဖြစ်ပြီး မပျက်ပါနဲ့လို့ တားလို့မရဘူး။ ဘုရားလဲ မတားနိုင်ဘူး။ သိကြားလဲ
မတားနိုင်ဘူး။ ဒါကြောင့် သဗ္ဗေ သင်္ခါရာ အနိစ္စာ- ဖြစ်သမျှ ပျက်ရမှာချည်းသာလို့
ဘုရားဟောခဲ့တာပဲ။ အားလုံးဟာ မမြဲဘူးလို့ဟောထားပါလျက်နဲ့ ကံကိုမှ
မြဲနေစေချင်တယ်ဆိုရင် အဲဒါ သဿတဒိဋ္ဌိအယူလို့သာမှတ်လိုက်။ သူကိုယ်တိုင်ကမှ အခုဖြစ်
အခုပဲ ပျက်ရတဲ့ကံတရား၊ အခုပေါ် အခုပျောက်သွားရရှာတဲ့ ကံတရား၊ အဲဒီကံတရားက
ကိုယ့်နောက်တကောက်ကောက် လိုက်ကော လိုက်နိုင်ပါ့မလား။ လိုက်တယ်ဆိုရင် ကံတွေက
မြဲနေလို့ပဲ။ ကံတွေက မလိုက်ဘူး၊ ဘာအကျိုးမှမပေးဘူးဆိုရင်လဲ ပြတ်သွားလို့ပဲ။
ကိုယ်ပြုသမျှ အလဟဿဖြစ်သွားပြီပေါ့။ ဒါကြောင့် မြဲနေတယ်ဆိုရင်လဲ သဿတဒိဋ္ဌိ၊
ပြတ်သွားတယ်ဆိုပြန်ရင်လဲ ဥစ္ဆေဒဒိဋ္ဌိ။ ကဲ ဘယ်ဘက်နေမလဲ။
အပိုင်း (ခ)
ကိုယ်ပြုတဲ့ကံက
ကိုယ့်နောက်လိုက်နေတယ်ဆိုရင်လဲ သဿတဒိဋ္ဌိ၊ မလိုက်ဘူးဆိုရင်လဲ ဥစ္ဆေဒဒိဋ္ဌိ၊
ဒီအစွန်းနှစ်ဘက်လွတ်အောင် ယူဆမှ ကံအယူအဆ မှန်ကန်ပါမယ်။ မှန်မှန်ကန်ကန်ယူဆတတ်ဖို့
ဆက်လက်ပြောပြဖို့လိုလိမ့်မယ်။
ကိုယ်ပြုတဲ့ကံက
အကျိုးမပေးဘူးလားဆိုတော့လဲ အကျိုးပေးတယ်။ လိုက်သလားဆိုတော့ မလိုက်ဘူး။
ပြတ်သွားသလားဆိုတော့လဲ ပြတ်မသွားဘူး။ ဒီလိုဖြစ်နေတော့ ဘယ်လိုနည်းနဲ့ အကျိုးတွေ
လာပေးနေတာလဲဆိုတာ ပြဿနာပါ။ ရွာသားသုံးဆယ့်သုံးယောက်ဇာတ်လမ်း (သုံးကျိတ်သုံးယောက်)
ကိုကြားဖူးကြမှာပါ။ တာဝတိံသဖြစ်ပေါ်ခြင်းအကြောင်းဇာတ်လမ်းပေါ့။ လုလင်တစ်ယောက်က
ခေါင်းဆောင်ပြီးတော့ လမ်းသစ်တွေဖောက်၊ လမ်းဟောင်းတွေပြင်နဲ့ ကုသိုလ်တွေပြုတော့
နောက်လိုက်တွေပေါ်လာတာ၊ စုစုပေါင်း သုံးဆယ့်သုံးယောက်ပြည့်သွားတယ်။
လမ်းဖောက်ရုံတင်မကဘူး၊ ဇရပ်တွေဆောက်၊ ဥယျာဉ်တွေစိုက်၊ ခရီးသွားတွေ နားခိုရန်
ပင်လယ်ကသစ်ပင်ကြီးစိုက်၊ အောက်မှာကျောက်ဖြာကြီးခင်းလို့ ကောင်းတဲ့ကံတွေလုပ်ကြတာပဲ။
သူတို့အားလုံး သေကြတဲ့အခါမှာ တာဝတိံသာနတ်ပြည်မှာ နတ်သားတွေဖြစ်သွားကြတယ်။
ခေါင်းဆောင်က သိကြားမင်းဖြစ်သွားတယ်။ ဒါကို သုံးသပ်ကြည့်လိုက်တော့ ကုသိုလ်ပြုတာက
အကြောင်း၊ သိကြားမင်းဖြစ်တာ နတ်သားဖြစ်တာက အကျိုး၊ အကြောင့်ကြောင့် ပေါ်တဲ့
အကျိုးတရားတွေအနေနဲ့ ဆက်စပ်နေတယ်။ ကမ္မံ ၀ိပါကဿ- ကမ္မံ ဆိုတာက အကြောင်းကံ၊ ၀ိပါကဿ
ဆိုတာက အကျိုး။ ကံဆိုတာက ပြုပြီး ဖြစ်ပျက်သွားတာပဲ။ နောက်က မလိုက်ပါဘူး။
အဲဒီပြုထားခဲ့တဲ့ကံက အကြောင်းခံလိုက်တော့ အကျိုးတရားတွေ ပေါ်လာရတာ။ အကြောင်းကတခြား၊
အကျိုးကတခြားပဲ။ အကြောင်းက ကံ၊ အကျိုးက ၀ိပါက်။ ကံက လိုက်သလားဆိုတော့ မလိုက်ဘူး။
ပြတ်သလားဆိုတော့လဲ မပြတ်ဘူး။ ဘယ်လိုဆက်စပ်နေတာလဲဆိုရင်
အကြောင်းအကျိုးဆက်စပ်နေတာလို့ နားလည်ရမယ်။
လူငယ်တွေကို
ခေါင်းဆောင်ပြီးတော့ ကုသိုလ်ကံတွေလုပ်တယ်။ လူ့ပြည်မှာ
ဇရပ်ကြီးဆောက်ခဲ့တဲ့ကုသိုလ်ကြောင့် နတ်ပြည်မှာ ဝေဇယန္တာပြသာဒ်ကြီးပေါက်တယ်။
လူ့ပြည်က ဇရပ်ကြီးက ကောင်းကင်ပျံတက်ပြီးတော့ လိုက်သွားတာလားဆိုရင် မလိုက်ပါဘူး။
လူ့ပြည်ကဇရပ်က လူ့ပြည်မှာပဲ။ ဥယျာဉ်ကြီးစိုက်ခဲ့လို့ တာဝတိံသာနတ်ပြည်မှာ
နန္ဒ၀န်ဥယျာဉ်ကြီးပေါ်လာတယ်။ ဒါလဲ လူ့ပြည်ကဥယျာဉ်ကြီးလိုက်လာတာ မဟုတ်ပါဘူး။
လူ့ပြည်မှာ ခရီးသွားတွေ နားခိုဖို့ ပင်လယ်ကသစ်ပင်ကြီးစိုက်ခဲ့လို့ နတ်ပြည်မှာ
ပင်လယ်ကသစ်ပင်ကြီး ပေါက်လာတယ်။ ကျောက်ဖျာကြီးခင်းခဲ့လို့ ပဏ္ဍုကမ္ဗလာ
မြကျောက်ဖျာကြီးပေါက်လာတယ်။ ဒါတွေဟာ လူ့ပြည်ကနေ လိုက်လာတာ တစ်ခုမှမပါဘူး။ ဒါဖြင့်
ဘာလို့ ဒီလိုပေါ်လာတာလဲဆိုရင် အကြောင်းကြောင့် အကျိုးပေါ်တာ။ ဒါကို
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလွန်မှတ်သားစရာကောင်းတဲ့ စကားနဲ့ပြောရမယ်ဆိုရင်
`အလားတူပေါ်တယ်´လို့ ခေါ်တယ်။ ဒါကြောင့် ကံတွေဟာ ကိုယ့်နောက်ကို လိုက်နေသလား၊
ဒါမှမဟုတ် မလိုက်ဘဲနဲ့ ပြတ်သွားသလားဆိုရင် လိုက်လဲမလိုက်ဘူး၊ ပြတ်လဲမသွားဘူး။
အကြောင်းကြောင့် အကျိုးပေါ်တယ်၊ အလားတူပေါ်တယ်လို့သာ နားလည်ထားလိုက်ရင် ကံအယူအဆ
မှန်ကန်သွားပါပြီ။
နန္ဒိယဥပါသကာကြီးဟာ
ဘုရားတည် ကျောင်းဆောက် ကုသိုလ်တွေ အများကြီးပြုထားတဲ့ ဥပါသကာကြီးတစ်ယောက်ပဲ။
အရှင်မဟာမောဂ္ဂလာန်မထေရ် နတ်ပြည်ကြွသွားတော့ နတ်ပြည်မှာ နတ်သားမရှိဘဲ နတ်သမီးတွေသာ
ရှိတဲ့ ဗိမာန်ကြီးတွေ့လို့ နတ်သားက ဘယ်သွားနေတာလဲ ဆိုပြီး ၀င်ရောက်မေးမြန်းတဲ့အခါ
နတ်သားမရောက်သေးဘူး၊ နတ်သားက လူ့ပြည်မှာပဲ ရှိသေးတယ်တဲ့။ ဘယ်သူတုန်းဆိုတော့
နန္ဒိယဥပါသကာကြီးတဲ့။ နန္ဒိယဥပါသကာကြီးက မသေသေးဘူး။ ဟိုမှာ နတ်ဘုံပေါက်နေနှင့်ပြီ။
ကံတွေကလိုက်တယ်ဆိုရင် နန္ဒိယက နတ်ပြည်မှမရောက်သေးဘဲ။ ဘယ်လိုလုပ်
နတ်ဘုံပေါက်နှင့်ရမလဲ။ ဒါကြောင့် ကံတွေက မလိုက်ပါဘူး။ ပြုလုပ်ထားတဲ့ အကြောင်းကို
အခြေခံပြီးတော့ အကျိုးတွေ ပေါ်နေတာပါ။ အကျိုးက ဘယ်လိုပေါ်သလဲဆိုတော့ အလားတူ ပေါ်တယ်။
ကျောင်းဆောက်တော့ ကျောင်းနဲ့တူတဲ့ အဆောက်အဦပေါ်တယ်။ သစ်ပင်စိုက်လှူတော့
သစ်ပင်နဲ့အလားတူပေါ်တယ်၊ ဥယျာဉ်လှူတော့ ဥယျာဉ်နဲ့အလားတူ ပေါ်တယ်။ ကျောက်ဖျာလှူတော့
ကျောက်ဖျာနဲ့ အလားတူပေါ်တယ်။ ဒီလို အလားတူပေါ်တယ်လို့ သဘောကျရင် ကံအယူအဆ
မှန်ကန်ပါပြီ။
ကောင်းတဲ့ကံတွေက
အလားတူပေါ်သလို မကောင်းတဲ့ကံတွေကလဲ အလားတူပေါတယ်။ မတ္တာပေတိဝတ္ထုကို
နမူနာထုတ်ပြပါမယ်။ အခါတစ်ပါး ဥပါသကတစ်ယောက်မှာ မတ္တာအမည်ရှိတဲ့ ဇနီးရှိတယ်။ သူက
ကလေးမရလို့ တိဿာဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုပြန်တယ်။
နှစ်ယောက်လုံးပေါင်းတယ်။ တိဿာက ရတနာသုံးပါးကြည်ညိုတယ်၊ မတ္တာက မကြည်ညိုဘူး။
တိဿာကိုဝန်ရတော့ ယောက်ျားက တိဿာကို ပိုဦးစားပေးတယ်။ တိဿာကို သွားလေရာ ခေါ်တယ်။
ဒါကို မတ္တာက မနာလို ဣဿာပွားပြီး တိဿာရဲ့ အ၀တ်အစားတွေ ၀ှက်ထား၊ တိဿာအလှပြင်ဖို့
ထားတဲ့ မိတ်ကပ်တွေ လွှင့်ပစ်၊ တိဿာကိုယ်ပေါ်မှာ အမှိုက်တွေ ပစ်ချ၊ တိဿာရဲ့
အ၀တ်အစားတွေကို ခွေးလျားသီးမှုံ့တွေ သုတ်လိမ်းနဲ့ မကောင်းတဲ့ အလုပ်တွေချည်း
လုပ်ခဲ့တယ်။ ဒီလိုနဲ့ မတ္တာဟာ ကုသိုလ်မလုပ်ဘဲ အကုသိုလ်တွေသာ လုပ်ပြီး သေတဲ့အခါမှာ
ပြိတ္တာဖြစ်သွားတယ်။ အ၀တ်အစားတွေဝှက်ထားတဲ့ အကုသိုလ်ကြောင့် အ၀တ်မ၀တ်ရဘူး၊
အလှပြင်ပစ္စည်းတွေ လွှင့်ပစ်ခဲ့တဲ့အကုသိုလ်ကြောင့် အရုပ်ဆိုး အကျည်းတန်၊ အမှိုက်တွေ
သွန်ချတဲ့အကုသိုလ်ကြောင့် တစ်ကိုယ်လုံး အမှုံတွေ အညစ်အကြေးတွေ ပေကျံနေ၊
ခွေးလျားသီးနဲ့ ပက်ခဲ့တဲ့ အကုသိုလ်ကြောင့် တစ်ကိုယ်လုံး မနေသာအောင် ယားယံနေတယ်။
ဒါဟာ အကုသိုလ်ကံတွေရဲ့ အကြောင်းကြောင့် ပေါ်တဲ့အကျိုး၊ အလားတူပေါ်တဲ့သဘောတရားတွေပဲ။
မတ္တာပြိတ္တာမဟာ တိဿာကို ကိုယ်ထင်ပြပြီး ကုသိုလ်ပြု အမျှပေးဝေရန် တောင်းပန်လို့
တိဿာက သံဃာတွေပင့်၊ ဆွမ်းကပ်၊ သင်္ကန်းလှူပြီး အမျှပေးဝေလိုက်မှ မတ္တာပြိတ္တာမဟာ
ဆင်းရဲတွင်းကလွတ်ပြီး နတ်ပြည်ရောက်သွားခဲ့ရပါတယ်။
ဒါကြောင့် ကံတရားတွေဟာ
နောက်က လိုက်နေတာလဲမဟုတ်ဘူး၊ အကျိုးမပေးဘဲ ပြတ်သွားတာလဲမဟုတ်ဘူး။ အကြောင်းကြောင့်
အကျိုးတရားတွေပေါ်နေတာသာ ဖြစ်တယ်။ ကောင်းတဲ့ကံတွေလုပ်ရင် ကောင်းတဲ့အကြောင်းတွေ
ဖြစ်သွားလို့ ကောင်းတဲ့အကျိုးတွေပဲ ပြန်ပေါ်ပြီး မကောင်းတဲ့ကံတွေလုပ်ရင်
မကောင်းတဲ့အကြောင်းတွေ ဖြစ်သွားလို့ မကောင်းတဲ့ အကျိုးတွေပဲ ပြန်လည်ပေါ်မယ်။
ပေါ်တဲ့အခါမှာလဲ ကိုယ်ပြုတဲ့ကံနဲ့ အလားတူပေါ်တယ်လို့ မှတ်ရမယ်။ ကောင်းတဲ့ကံပြုထားရင်
ကောင်းတဲ့ကံနဲ့ အလားတူတဲ့ ကောင်းကျိုးတွေပြန်လည် ပေါ်ပြီး မကောင်းတဲ့ကံပြုထားရင်
မကောင်းတဲ့ကံနဲ့ အလားတူတဲ့ မကောင်းကျိုးတွေ ပြန်လည် ပေါ်လာမယ်။ သဗ္ဗေ သတ္တာ ကမ္မဿကာ-
ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်၊ အားကိုးရာရှိတယ်လို့ ဘုရားဟောတာက အကြောင်း
ကောင်းမှ အကျိုးကောင်းမယ်၊ အလားတူ အကျိုးတရားတွေ ပေါ်မယ်။ ဒါကြောင့်
ကောင်းတဲ့အကြောင်းကံတွေကိုသာ ကိုယ့်အတွက် အားကိုးအားထားရမှာ ဖြစ်တယ်။ အကြောင်းကံ
မကောင်းရင် အကျိုးမကောင်းဘူး။ ဒါဆိုရင် အားမကိုးရဘူးပေါ့။ ကံသာလျှင်
ကိုယ်ပိုင်ဥစ္စာရှိတယ်ဆိုတာ ကိုယ်ပြုထားတဲ့ အကြောင်းကံတွေက ကိုယ့်အတွက်ပဲ အကျိုးတွေ
ပြန်ပေါ်မယ်။ ကောင်းတဲ့ကံတွေ ပြုထားရင် ကိုယ့်အတွက် ကောင်းကျိုးတွေ
ပြန်ပေါ်မှာဖြစ်ပြီး မကောင်းတဲ့ကံတွေ ပြုထားရင် ကိုယ့်အတွက် မကောင်းကျိုးတွေ
ပြန်ပေါ်မှာဖြစ်တယ်။ ဒါကို ကိုယ်ပိုင်ဥစ္စာလို့ ဘုရားက တင်စားပြီးဟောလိုက်တာ။
တကယ်တော့ ကိုယ်ပြုတဲ့ကံတွေက လိုက်နေတာမဟုတ်ဘူး။ အကျိုးမပေးဘဲလဲ မနေဘူး။
အကျိုးပေးတဲ့အခါမှာ အလားတူပေါ်တယ်လို့သာ နားလည်လိုက်ရင် ကံနဲ့ပတ်သက်လို့ သဿတဒိဋ္ဌိကလဲ
လွတ်၊ ဥစ္ဆေဒဒိဋ္ဌိကလဲလွတ်တဲ့ မှန်မှန်ကန်ကန် ယူဆတတ်တဲ့သူတစ်ယောက် ဖြစ်ပါပြီ။
No comments:
Post a Comment