အပိုင်း (က)
မနေ့က အကျိုးပေးပုံ အစီအစဉ်ကို သတ်မှတ်ပြတဲ့
ကံ(၄)မျိုးအကြောင်း ဆွေးနွေးခဲ့တယ်။ အဓိကအားဖြင့် သေပြီး နောက်ဘ၀မှာ ဘယ်ကံမျိုးက
အရင် အကျိုးပေးသလဲဆိုတာ သတ်မှတ်ပြတဲ့ ကံတွေပါပဲ။ ဒီနေ့တော့ ဆောင်ရွက်ပုံ
ကိစ္စအလိုက် ကံ(၄)မျိုးကို ခွဲခြားနားလည်အောင် ရှင်းပြပေးမယ်။ ဇနကကံ၊ ဥပတ္ထမ္ဘကကံ၊
ဥပပီဠကကံ၊ ဥပဃာတကကံဆိုပြီး (၄)မျိုးရှိတယ်။
(၁) ဇနကကံ - ပဋိသန္ဓေအခိုက်ဖြစ်စေ၊
ပ၀တ္တိအခါ၌ဖြစ်စေ အကျိုးကို ဖြစ်စေတဲ့ကံ။ ပဋိသန္ဓေအခိုက်ဆိုတာကတော့ တစ်ဘ၀ရဲ့အစဆုံး
ဖြစ်ပေါ်လာတဲ့ စိတ်ကလေးပါပဲ။ အဲဒီစိတ်ရဲ့ နောက်မှာပေါ်တဲ့စိတ်ကစပြီး သေဆုံးတဲ့
စုတိစိတ်အထိကို ပ၀တ္တိအခါလို့ ခေါ်ပါတယ်။
ပဋိသန္ဓေအခိုက်အတန့်မှာ အကျိုးပေးတယ်ဆိုတာက
ရှေးရှေးဘ၀တွေက ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေကြောင့် အပါယ်ဘုံသားဘ၀၊
လူ့ဘ၀၊ နတ်ဘ၀၊ ဗြဟ္မာဘ၀တွေမှာ အစဆုံး ပဋိသန္ဓေစိတ်ကလေး ဖြစ်ပေါ်လာတာကိုပြောပါတယ်။
စိတ်သာမက ရုပ်ရှိတဲ့ဘုံတွေမှာ ရုပ်တွေပါ အတူပူးတွဲဖြစ်ပေါ်လာတယ်။ ဒါကိုပဲ
ပဋိသန္ဓေကျိုးပေးတယ်လို့ ဆိုပါတယ်။ လူဖြစ်တယ်၊ နတ်ဖြစ်တယ်၊ ဗြဟ္မာဖြစ်တယ်၊ ခွေး၊
နွား၊ တစ္ဆေ၊ သရဲ စတဲ့ အပါယ်ဘုံသားတွေဖြစ်တယ် ဆိုတာ သူပြုခဲ့တဲ့ ကံအတိုင်းပဲ
ဖြစ်နေကြရတာပဲ။ အဲလိုမျိုးဖြစ်ရတာဟာ ပထမအမျိုးအစား ဇနကကံကြောင့်လို့မှတ်လိုက်ပါ။
အဲဒီကံဟာ အရင်ဘ၀က ပြုခဲ့တဲ့ ဂရုကံလဲ ဖြစ်ချင်ဖြစ်မယ်။ အာသန္နကံလဲ ဖြစ်ချင်ဖြစ်မယ်။
အာစိဏ္ဏကံလဲ ဖြစ်ချင်ဖြစ်မယ်။ ကဋတ္တာကံလဲ ဖြစ်ချင်ဖြစ်မယ်ပေါ့။ မနေ့ကပြောခဲ့တဲ့
ဒီကံ(၄)မျိုးအနက် တစ်မျိုးမျိုးက ဒီဘက်ဘ၀ကို လှမ်းအကျိုးပေးလိုက်ပြီဆိုရင် အဲဒီ
လှမ်းအကျိုးပေးလိုက်တဲ့ကံကိုပဲ ကိစ္စပိုင်းဆိုင်ရာကံအနေနဲ့
ပိုင်းခြားကြည့်လိုက်တော့ ဇနကကံအဖြစ် တွေ့ရတယ်။ ပဋိသန္ဓေကျိုးကို ပေးတဲ့ ဇနကကံပေါ့။
ပ၀တ္တိအခါဆိုတာက တစ်ဘ၀တာလို့ ခြုံငုံပြောလို့လဲ
ရပါတယ်။ ပဋိသန္ဓေအခိုက်အတန့်ဆိုတာ စက္ကန့်ပိုင်းတောင် ကြာလိုက်တာမဟုတ်ပါဘူး။
ဒီအတိုင်းပဲ သေဆုံးတဲ့ စုတိစိတ်ဆိုတာလဲ စက္ကန့်ပိုင်းအတွင်းမှာပဲ ရှိတယ်။ ကျန်တဲ့
အချိန်ကာလတွေအားလုံးကို ပ၀တ္တိအခါလို့ခေါ်လိုက်တာပါ။ ပ၀တ္တိအခါမှာ အကျိုးပေးတယ်ဆိုတာက
ကိုယ်အင်္ဂါ စုံလင်ခြင်း၊ မစုံလင်ခြင်း၊ ဉာဏ်ကောင်းခြင်း၊ မကောင်းခြင်း၊
ရုပ်ဆိုးခြင်း၊ ရုပ်လှခြင်း၊ ချမ်းသာတဲ့ အသိုင်းအ၀ိုင်းမှာ ဖြစ်ရခြင်း၊ ဆင်းရဲတဲ့
အသိုင်းအ၀ိုင်းမှာ ဖြစ်ရခြင်း၊ ကျန်းမာရေးကောင်းခြင်း၊ မကောင်းခြင်း၊ ဆင်းရဲခြင်း၊
ချမ်းသာခြင်း၊ အစားအသောက် ပေါခြင်း၊ အစားအသောက်ရှားပါးခြင်း စသည်ဖြင့် ကောင်းကျိုး
မကောင်းကျိုးတွေကို ဖြစ်ပေါ်စေတာဟာ ပ၀တ္တိကျိုးကို ဖြစ်စေတာပါပဲ။ ပ၀တ္တိအခါမှာ
အကျိုးပေးတဲ့ ဒုတိယအမျိုးအစား ဇနကကံလို့ မှတ်လိုက်။
ယခုဘ၀မှာ မြင်ရ၊ ကြားရ၊ နံရ၊ စားရ၊ တွေ့ထိရတဲ့
ကိစ္စတွေမှာ တိုက်ဆိုင်မှုတွေဟာ အတိတ်ဇနကကံရဲ့ အကျိုးပေးတွေပါ။ ကိုယ်မြင်ချင်တာ
မြင်ရ၊ တွေ့ချင်တာတွေ့ရ၊ ကိုယ်သဘောကျတဲ့သူနဲ့ တွေ့ရတာဟာလဲ အတိတ်အကြောင်း မကင်းသလို
ကိုယ် မကြည့်ချင်တာကြည့်ရ၊ မမြင်ချင်တာမြင်ရ၊ မတွေ့ချင်တာတွေ့ရ၊ မတွေ့ချင်တဲ့သူတွေနဲ့
တွေ့ဆုံပေါင်းသင်းနေရတာဟာလဲ အတိတ်အကြောင်း မကင်းခဲ့ပါဘူး။ ကိုယ်က ဒီလူကို
မတွေ့ချင်ဘူး။ ဒါပေမယ့် ကိုယ်နဲ့က အိမ်နီးချင်းဖြစ်နေတယ်၊ သို့မဟုတ်
တစ်ရုံးတည်းဖြစ်နေတယ်၊ သို့မဟုတ် သူသွားတဲ့လမ်းနဲ့ ကိုယ်သွားတဲ့လမ်းက တူနေတယ်၊
သို့မဟုတ် ဇနီးမောင်နှံဖြစ်နေတယ်။ ဒါမျိုးတွေဟာ ကိုယ်ရှောင်လွှဲလို့ မရဘူး။
မတွေ့ချင်လဲ တွေ့နေရမှာပဲ၊ မမြင်ချင်လဲ မြင်နေရမှာပဲ။ တစ်ချို့ဆို
မပေါင်းချင်ပဲနဲ့ တစ်သက်လုံး ပေါင်းဖော်သွားရတဲ့ ဇနီးမောင်နှံတွေတောင် ရှိတယ်။
အကြောင်းပါတော့ ခေါင်းမှာ ချာချာလည်ဆိုတာလိုပေါ့။ ရှေ့တိုး ထမ်းပိုး နောက်ဆုတ်တော့လဲ
လှည်းထုတ် ဆိုသလို ရှေ့မတိုးသာ နောက်မဆုတ်သာတော့ မချစ်သော်လဲ အောင့်ကာနမ်းနေကြရတဲ့
စုံတွဲတွေ၊ ဒီလိုနဲ့ ဘ၀မှာ မနှစ်မြို့မှုတွေ ရင်ဝယ်ပိုက်ပြီး ခါးစည်း
ခံစားနေရတဲ့သူတွေလဲ လောကမှာ ဒုနဲ့ဒေးပါပဲ။ တစ်ဖက်တစ်လမ်းကလည်း
ကိုယ်နှစ်သက်တဲ့သူနဲ့ တစ်သက်တာ ပေါင်းသင်းနေရတာ၊ ကိုယ်မြတ်နိုးတဲ့သူနဲ့
တွေ့ခွင့်ရနေတာ၊ ကိုယ်မြင်ချင်တဲ့သူကို မြင်နေရတာ၊ ကိုယ်ကြည့်ချင်တာလေးတွေ
ကြည့်နေရတာတွေဟာ အတိတ်အကြောင်း မကင်းပါဘူး။
အပိုင်း (ခ)
လမ်းမကြီးဘေးက အိမ်တွေမှာ နေရသူတွေဆိုရင်
ကားသံတွေ တစ်ဝီ၀ီနဲ့ပဲ၊ ဒီဆူညံသံတွေကို နားမခံသာဘူး။ သို့သော်လဲ ကိုယ့်အလုပ်က
ဒီလို လမ်းမကြီးမျက်နှာစာမှာ လုပ်မှ အဆင်ပြေမှာမို့ မပြောင်းနိုင်မရွှေ့နိုင်ဘဲ
အောင့်အည်းနေရတာတွေရှိတာပေါ့။ ဣန္ဒိယပြည်က နမူနာပြရမယ်ဆိုရင် မင်္ဂလာဆောင်တဲ့ကွင်းနားမှာ
နေတဲ့ အိမ်တွေဟာ နားမချမ်းသာပါဘူး။ အသံချဲ့စက်တွေ ဆူညံနေအောင်ဖွင့်၊
မင်္ဂလာဆောင်ပြီးတာနဲ့ ဗျောက်အိုးတွေ အမြောက်သံလိုမြည်အောင် ဖောက်၊ တီးကြမှုတ်ကြ
ဆိုကြနဲ့ တော်တော်ဆူညံတဲ့အသံတွေပါပဲ။ သို့သော်လဲ ကိုယ့်အိမ်က အဲဒီနားမှာပဲ
ဝယ်ထားလျက်သား ဖြစ်နေတော့၊ တစ်နေရာပြောင်းရွှေ့ဖို့ကလဲ အဆင်မပြေသေးတော့
မကြားလိုပေမယ့် မတတ်နိုင်တော့ဘူး။ နေသာသလို ကြည့်နေနေရတာပေါ့။
ကိုယ်နှစ်သက်တဲ့အသံလေးတွေ ကြားနေရတာတွေလဲ အတိတ်အကြောင်း မကင်းခဲ့ဘူး လို့
နားလည်လိုက်ပါ။
သုဿာန်က အညှော်နံ့က နှာခေါင်းလာမိတ်ဆက်နေတဲ့
ဝန်းကျင်မှာ နေထိုင်ရသူတွေလဲ ရှိတာပဲ။ ရေပုပ်မြောင်းက အနံ့အသက်ဆိုးတွေ
မလွှဲသာမရှောင်သာ ရှူရှိုက်နေရတဲ့သူတွေလဲ ရှိတာပဲ။ ဘယ်သူမှ မတတ်နိုင်ဘူး။
ခံစားရသူကိုယ်တိုင်လဲ မတတ်နိုင်ဘူး။ ဒီနားကနေ ဝေးရာ ပြောင်းရွှေ့ဖို့မှာလဲ
တစ်ခုမဟုတ် တစ်ခုဆိုသလို မဖြစ်နိုင်တဲ့ အကြောင်းတွေ ထောက်ဆရမယ့်အကြောင်းတွေ
ရှိနေတော့ ဒီလိုနဲ့ပဲ ရှူရင်းနဲ့ ရှိုက်၊ ရှိုက်ရင်းနဲ့ ရှူနေကြရတဲ့သူတွေ ရှိပါတယ်။
သူတို့နဲ့ စာရင် အနံ့အညှော်ကင်းတဲ့နေရာ နေရတဲ့သူတွေကတော့ ကံတွေ ကောင်းကြတာပေါ့။
ဒါပေမယ့် ဒီကံသာ ကောင်းမှာပါ၊ ကျန်တဲ့ ကံတွေကတော့ မတူကြဘူး။ ကံဆိုတာ
တစ်ခုကောင်းပေမယ့် အခြားကံတစ်ခုက ဆိုးနေတတ်တဲ့ သဘောပဲ။ မိန်းမရတော့ ကံကောင်းတယ်၊
သားသမီး ကံမကောင်းဘူး ဆိုတာမျိုးလိုပေါ့။ ဘက်စုံက ကံတွေကောင်းနေဖို့အတွက်တော့
ကုသိုလ်တွေကို ဘက်စုံကနေ ပြုထားမိဖို့လိုပါလိမ့်မယ်။ ကုသိုလ်တစ်ခုတည်းကတော့
ဘက်စုံပြည့်ဝတဲ့ ကောင်းကျိုးတွေ ပေးနိုင်မှာ မဟုတ်ပါဘူး။
အစားအသောက်နဲ့ ပတ်သက်လို့လဲ ရှောင်လွှဲမရတော့လို့
ဆန်ကြမ်းကို ဆန်ကောင်းလုပ် စားနေရတဲ့သူတွေ၊ ပေါင်မုန့်နဲ့ တစ်နေ့တာ
အသက်ဆက်နေရတဲ့သူတွေ တွေ့ဖူးကြမှာပါ။ ဒီလိုမှ မစားရင် မဖြစ်တော့လို့ ဒီလိုပဲ
စားနေကြရတာလေ။ ဟိုလူ့ကြောင့် ဒီလူ့ကြောင့် ဟိုအစိုးရကြောင့် ဘာညာဆိုတာတွေက အပဟိက
အကြောင်းတွေပါ။ တကယ်တမ်းဆန်းစစ်ကြည့်တော့ ကိုယ့်အကြောင်းကသာ အဓိက ကျနေတယ်။ အဲဒါ
ကံပဲ။ စားကောင်းသောက်ဖွယ်တွေ စားနေခွင့်ရသူတွေကတော့ ဒါ ကံကောင်းသူတွေလို့
ကိုယ့်ကိုယ်ကို ယုံကြည်ထားလိုက်ပါ။ ကိုယ်လို မစားနိုင်တဲ့၊ စားချင်ပေမယ့် မစားရတဲ့
သူတွေ အများအပြားရှိနေပါတယ်။
မကြိုက်တဲ့ အတွေ့အထိဆိုးတွေ
ခံစားနေကြရတဲ့သူတွေလဲ ရှိတယ်။ လူတိုင်း အကောင်းပဲ တွေ့ထိချင်တာပေါ့။ ဒါပေမယ့်
အခြေအနေရ မကောင်းတဲ့ အတွေ့ဆိုတာလဲ တွေ့လိုက်ရတာပဲ။ ဘယ်သူ ခြေထောက်ကျိုးချင်မလဲ။
ဒါပေမယ့် ကံမသင့်လို့ ချော်လဲတော့ ခြေထောက်ကျိုး စစ်တီးရိုးထည့်ထားရတာတွေ တစ်ပုံကြီး။
ဘယ်သူ အရိုက်ခံချင်ပါ့မလဲ။ သို့သော် မတတ်သာလို့ အနှိပ်စက်ခံနေကြရတဲ့သူတွေ၊ ဘယ်သူ
အလုပ်ကြမ်းတွေ လုပ်ချင်ပါ့မလဲ၊ သို့သော် မလုပ်ရင် မနေရလို့၊ မလုပ်ရင် မစားရမှာမို့
ကူလီထမ်းနေရတာတွေ၊ ဆိုက္ကားနင်းနေရတာတွေ၊ သူများအနှိမ်ခံနေရတာတွေ၊ မြေတူးနေရတာတွေ
စသည်ဖြင့် ပြောရင်လဲ ပြောလို့ကုန်နိုင်မှာမဟုတ်ပါဘူး။ ခြုံပြောလိုက်ရင်တော့
ကာမဂုဏ်ငါးပါး အာရုံတရားတွေ အကောင်းနဲ့ ပိုင်ဆိုင်ခံစားခွင့်ရတာ၊ အဆိုးနဲ့
ပက်ပင်းတိုးနေရတာတွေဟာ အတိတ်အကြောင်းဖြစ်တဲ့ ဇနကကံရဲ့ လွှမ်းမိုးမှုတွေ
တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်နေတယ်လို့သာ ကောက်ချက်ချလိုက်ပါ။
အပိုင်း (ဂ)
ဇနကကံကနေ ပ၀တ္တိကာလမှာ အကျိုးပေးလေ့ရှိတဲ့
သဘောတရားတွေကို အကြမ်းဖျင်းအားဖြင့် မှန်းဆနိုင်အောင် တင်ပြခဲ့ပြီးပါပြီ။ မြင်
ကြား နံ စား တွေ့ ဆိုတဲ့ ငါးမျိုး၊ တစ်နည်းအားဖြင့် ကာမဂုဏ်အာရုံတွေဟာ ဇနကကံရဲ့
လွှမ်းမိုးမှုတွေ တစ်စိတ်တစ်ပိုင်းအားဖြင့် ပါဝင်နေတယ်လို့ ဗုဒ္ဓအဘိဓမ္မာက ယူဆပါတယ်။
(မရှင်းရင် အဟိတ် ကုသလ၀ိပါက် စက္ခုဝိညာဏ်နဲ့ အကုသလ၀ိပါက် စက္ခုဝိညာဏ်ကို
သဘောပေါက်အောင် ဆင်ခြင်ကြည့်ပါ။)
ဒီလိုဆိုတော့ ဖြစ်သမျှ ကံကြောင့်ချည်းပဲလို့
ကံကိုပဲ ပုံချရတော့မလားလို့ မေးစရာရှိတယ်။ `မကောင်းလည်းကံ ကောင်းလည်းကံဟု
ကံကိုချည်းသာ မရိုးရာဘူး´ တဲ့။ မဃဒေ၀လင်္ကာ ရှိတယ်။ အကောင်း အဆိုးအကျိုးပေးတွေဟာ
သမ္ပတ္တိ၊ ၀ိပ္ပတ္တိတရားတွေနဲ့လဲ ဆိုင်နေတယ်။ ကာလသမ္ပတ္တိ (ကာလကောင်း၊ ခေတ်ကောင်း)၊
ဂတိသမ္ပတ္တိ (ဘ၀ကောင်း)၊ ဥပဓိသမ္ပတ္တိ (ဥပဓိရုပ်ရည်ကောင်း)၊ ပယောဂသမ္ပတ္တိ (အလုပ်အကိုင်
ကောင်း) ဆိုတဲ့ သမ္ပတ္တိတရား(၄)ပါး ရှိသလို ကာလ၀ိပ္ပတ္တိ (ကာလ၊ ခေတ်ဆိုးကြုံ)၊
ဂတိဝိပ္ပတ္တိ (ဘ၀ဆိုး)၊ ဥပဓိဝိပ္ပတ္တိ (ဥပဓိရုပ်ရည်ညံ့)၊ ပယောဂ၀ိပ္ပတ္တိ (အလုပ်အကိုင်
ဖျင်း) ဆိုတဲ့ ၀ိပ္ပတ္တိတရားကလဲ (၄)ပါးရှိနေတယ်။
ကာလ၀ိပ္ပတ္တိ - ခေတ် ကာလ မကောင်းရင်လဲ
ကောင်းကျိုးပေးမယ့် ကံတွေက ပေးခွင့်မရဘူး။ ဂျပန်ခေတ်လိုမျိုး ကြုံတွေ့ရစဉ်မှာ
ခေတ်ဆိုးနေတော့ ကံအင်မတန် ကောင်းပါတယ်ဆိုသူတွေလဲ ဗုံးကြဲလေယျာဉ်လာရင်
ဗုံးခိုကျင်းထဲ ပြေးဝင်ကြရတာပဲ။ ကံကောင်းနေပေမယ့် ခေတ်ကာလ မကောင်းရင်
ဘာမှလုပ်လို့မရပါဘူး။ ခေတ်ဆိုးနဲ့ ကြုံတွေ့ဘူးသူတွေ သဘောပေါက်မှာပါ။ ကိုယ့်ကံကတော့
ကောင်းနေတယ်၊ လုပ်သလောက် မဖြစ်မြောက်ဘူးဆိုရင်လဲ ကာလ၀ိပ္ပတ္တိသဘောပဲ။
ကိုယ်ကောင်းနေရုံနဲ့ မပြီးဘဲ ကာလက ကောင်းလာမှ အားလုံးကောင်းသွားတဲ့
အခြေအနေမျိုးတွေလဲ ရှိပါတယ်။ ကားကောင်းကောင်းတော့ ၀ယ်နိုင်တယ်၊ လမ်းက မကောင်းဘူး။
ကံကောင်းလို့ ကားကောင်းကောင်းစီးနိုင်တာပဲ။ လမ်းမကောင်းတာကို ကိုယ်တစ်ယောက်ထဲ
သွားလို့ရအောင် ပြုပြင်ဖို့ကိစ္စက မလွယ်ဘူးလေ။ ကွန်ပျူတာတွေ၊ ရေခဲသေတ္တာတွေ၊
တီဗွီတွေ၊ အဲယားကွန်းတွေ သူများဝယ်သလို ၀ယ်နိုင်ပါတယ်။ ကံကောင်းတာပေါ့။ ဒါပေမယ့်
လျှပ်စစ်မီးမရှိရင်တော့ သူများအသုံးချသလို အကျိုးရှိရှိ အသုံးချလို့ မရပါဘူး။
ခေတ်ကာလ မကောင်းသေးလို့ပါ။ ဒီတော့ ခေတ်ကောင်းလာအောင် ကာယအား ဉာဏအားနဲ့
ကိုယ်စွမ်းနိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးရတယ်။ ဒီအတိုင်း လျစ်လျူရှုထားရမှာ
မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ဘက်ကနေ မကောင်းသေးတာတွေ ကောင်းလာအောင်၊
ကောင်းပြီးတဲ့အရာတွေ ပိုမို အဆင့်အတန်းမြင့်လာအောင်၊ ပိုမို ပြည့်စုံလာအောင်
တဖြည်းဖြည်းချင်း အပြုသဘောနဲ့ ပံ့ပိုးကူညီသွားရင် မကောင်းသေးတဲ့ ကာလဟာ
ကောင်းတဲ့ဘက်ကို ပြောင်းလာမှာပါ။ ဒီအတိုင်း အလိုလို ကောင်းလာဖို့ မျှော်လင့်နေခြင်းဟာ
သဘာဝမကျပါဘူး။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စုပေါင်း အဖြေရှာပြီး
အကြံဉာဏ်တတ်နိုင်သူက အကြံဉာဏ်နဲ့၊ နည်းပညာတတ်နိုင်သူက နည်းပညာနဲ့ ကူညီ၊ ဒီလို
လက်တွဲသွားကြမယ်ဆိုရင် ခေတ်တွေ ကာလတွေကလဲ ကောင်းသထက်ကောင်းလာမှာဖြစ်ပြီး လူတိုင်း
အကောင်းတွေမြင်ရသလို အမြင်တွေလဲ ကောင်းလာမှာပါ။
ဂတိဝိပ္ပတ္တိ - ဘ၀က နုံချာနေရင်လဲ အကျိုးပေးရမယ့်
ကံတွေက အပြည့်အ၀ အကျိုးမပေးနိုင်ဘူး။ သတ္တ၀ါတိုင်းမှာ အကောင်း အဆိုး ကံတွေကတော့
ရှိတာပဲ။ ငရဲသားမှာ အကောင်းကံတွေ အကျိုးပေးခွင့်မရဘူး။ ဘ၀ဆိုးနေတာကြောင့်ပါ။
တိရစ္ဆာန် စတဲ့ အပါယ်ဘုံသားတွေမှာ ဘုရားပွင့်တဲ့ ကာလကောင်းနဲ့ပင် ကြုံတွေ့ရစေကာမူ
သူတို့ တရားမရနိုင်ဘူး။ တရားရဖို့ အထောက်အပံ့ ကုသိုလ်တွေတော့ တစ်ခါမဟုတ် တစ်ခါ
ဘ၀တစ်ခုခုက ပြုခဲ့မိကြမှာပဲ။ ဒါပေမယ့် ဘ၀က ကျွတ်တမ်းဝင်ဖို့
အဆင့်မရှိတဲ့ဘ၀ဖြစ်နေတော့ အကျိုးပေးခွင့် မသာဘဲဖြစ်နေတယ်။ ဒီအတိုင်းပဲ ဘုရားပွင့်တဲ့ကာလမှာ
လူတော့ ဖြစ်ပါရဲ့၊ နားမကြားဘူးဆိုရင်လဲ တရားနာခွင့်မရလို့ တရားမရနိုင်ပါဘူး။
ရပ်ပြစ်ရှစ်ပါးကို ဆင်ခြင်ကြည့်လိုက်ပေါ့။ ဒီနေ့ခေတ် ဥပမာအနေနဲ့ ဆင်းရဲပြီး
ဉာဏ်ကောင်းနေမယ်ဆိုရင် ဆရာဝန်ဖြစ်ခွင့် အလားအလာမရှိသလောက်ပဲ။ ဘ၀က နုံချာနေတာလေ။
ဒါကြောင့် အကောင်းကံတွေ အကျိုးပေးခွင့် ရဖို့ဆိုတာဟာ ရရှိတဲ့ဘ၀က အကောင်းကံတွေနဲ့
ထိုက်တန်တဲ့ဘ၀ ဖြစ်နေဖို့လဲ လိုပါတယ်။ နမူနာပြရရင် အိန္ဒိယအစိုးရက လမ်းဘေး
ကြူးကျော်အိမ်တွေ ပပျောက်ဖို့အတွက် ကွန်ဒိုတွေ သီးသန့်ဆောက်ပြီး အခမဲ့
တိုက်ခန်းတွေပေးခဲ့ဘူးတယ်။ ဒါပေမယ့် ဒီလူတွေက သူတို့ကိုပေးထားတဲ့ တိုက်ခန်းတွေ
ပြန်ရောင်းစားပြီး လမ်းဘေးမှာပဲ ဖြစ်သလို ပြန်ဆောက်နေကြပြန်တယ်။ မထိုက်တန်တော့
တန်ရာ တန်ရာပဲ ပြန်ကျလာတဲ့သဘောပါ။
ဥပဓိဝိပ္ပတ္တိ - ရုပ်ဆိုးအကျည်းတန်နေတယ်ဆိုပါတော့၊
ဇာတ်လိုက်နေရာတော့ မရနိုင်ဘူး။ ဥပဓိက ချို့ယွင်းနေတာကိုး။ ပညာတော့ တတ်တယ်၊ ရုပ်က အလွန်ဆိုးနေတယ်ဆိုရင်
အလုပ်လျှောက်တဲ့နေရာမှာ သိသာပါတယ်။ အလုပ်မရနိုင်ဘူးလို့ မဆိုနိုင်ပေမယ့်
အလုပ်ကောင်းရဖို့ အင်မတန်ခက်ခဲပါလိမ့်မယ်။ အလုပ်ကောင်းရဖို့ ကံတော့ ပါမှာပေါ့။
ဒါပေမယ့် ဥပဓိက ညံ့နေလို့ အကျိုးပေးခွင့်မရနိုင်တာတွေ ရှိတတ်ပါတယ်။
ပယောဂ၀ိပ္ပတ္တိ - အားထုတ်မှု လုပ်ပုံကိုင်ပုံ
ညံ့ဖျင်းရင်လဲ ကောင်းတဲ့ ကံတွေ အကျိုးပေးခွင့်မရပါဘူး။ ကြိုးစားပြီး စီးပွားရှာရင်
ဖြစ်နိုင်တဲ့ မျိုးရိုးမှာ အသိုင်းအ၀ိုင်းမှာ ရောက်နေပါလျက် ကြိုးစားမှုမရှိလို့
စီးပွားမဖြစ်တာတွေ အများကြီးရှိပါတယ်။ အချို့ကျတော့လဲ ရေလိုက်လွဲလို့၊ ဆိုပါတော့ လုပ်သင့်တာ
မလုပ်သင့်တာ မချိန်ဆတတ်လို့ စီးပွားပျက်သွားတာတွေလဲ ရှိပါတယ်။ မောင်ငယ်ရင်သွေး
နာဘိသေးလော့ ဆိုတဲ့ကဗျာကို လူတိုင်း သင်ခဲ့ဖူးမှာပါ။ ကုဋေ ရှစ်ဆယ်ကြွယ်ဝတဲ့
သူဋ္ဌေးသားပုံပြင်ပေါ့။ ကံကောင်းလို့ သူဋ္ဌေးသားဖြစ်လာတယ်။ အချိုးမကျတော့
တောင်းစားရတဲ့ ဘ၀နဲ့ နိဂုံးချုပ်ရရှာတယ်။ ဒါဟာ ပယောဂ ညံ့ဖျင်းတာပဲ။ ဒီပုံစံမျိုး
အလုပ်အကိုင် ညံ့ဖျင်းလို့ လုပ်ပုံကိုင်ပုံ အချိုးမကျလို့ ဒုက္ခ သုက္ခတွေနဲ့ ဘဝ
လမ်းဆုံးသွားရတဲ့သူတွေ အများကြီးရှိပါတယ်။
အရာရာဟာ ကံသာအခြေခံဖြစ်တယ်။ သို့သော်
ကံကြောင့်ပဲလို့ စွဲချက်တင်ပြီး ပစ္စုပ္ပန် အားထုတ်မှုတွေ မရှိဘူး၊ ပယောဂသမ္ပတ္တိ
ချို့ယွင်းနေမယ်ဆိုရင် အဆိုးဘက်က ရုံးထွက်နိုင်မှာ မဟုတ်တော့ပါဘူး။ ဥပမာ
ကိုယ်မမြင်ချင်တဲ့သူကို မြင်နေရတာ စိတ်ဆင်းရဲတယ်၊ ဒီပြဿနာ ဘယ်လိုဖြေရှင်းမလဲ။
သူ့ကို မြင်ခဲ့ရတာကိုတော့ ပြန်ပြင်လို့ မရတော့ဘူး။ မြင်ပြီးနေပြီ။ မမြင်နဲ့ကွာလို့
ပြန်ပြောလို့မရတော့ဘူး။ ကံကြောင့် တွေ့မြင်နေရတာပဲ၊ ဒီအတိုင်းပဲ စိတ်ဆင်းရဲသာ
ခံလိုက်တော့မယ်လို့ ဆုံးဖြတ်မလား။ ပြေလည်အောင် ဖြေရှင်းမလား။ ဒီလူကို
မတွေ့နိုင်တဲ့လမ်းကိုရွေးချယ်လိုက်ပေါ့။ ဒါက ပစ္စုပ္ပန်ကံကို ပြင်ပေးတဲ့နည်းပဲ
(လုံ့လပယောဂ)။ နောက်တစ်နည်းက ၀ိပဿနာရှုထောင့်က ကြည့်တဲ့နည်းပါ။ မြင်နေရတဲ့သူကို
မြင်စရာလို့သာ သဘောထားလိုက်။ လူတွေ အကောင်တွေ ခွဲမနေနဲ့တော့။ မြင်စရာတွေ့လို့
မြင်လိုက်တယ်။ ပြီးတော့ ပျောက်သွားတယ်။ ဒါဆိုရင် အမြင်မှန်ဖြစ်သွားတယ်။
ကိုယ်သဘောကျတဲ့သူ၊ သဘောမကျတဲ့သူဆိုတဲ့ ပုဂ္ဂိုလ်စွဲတွေ ဖယ်ထုတ်ပစ်လိုက်တာပါ။
ဒါဆိုရင်လဲ စိတ် ကသိကအောက် မဖြစ်တော့ဘူး။ စိတ်ထဲမှာ ရှင်းသွားမယ်။ သူက ကိုယ့်ကို
မြင်ချင်သည်ဖြစ်စေ မမြင်ချင်သည်ဖြစ်စေ အကြောင်းမဟုတ်ဘူး။ ကိုယ့်စိတ်ကိုသာ
အမြင်မှန် သမ္မာဒိဋ္ဌိပေါ်တင်ထားလိုက်။ အဆိုးတွေ တွေ့ကြုံရပေမယ့် အကောင်းတွေဘက်
ပြောင်းယူနိုင်အောင် ကြိုးစားလို့ရပါတယ်။ အတိတ်ကံကြောင့် တွေ့ရတဲ့ ဆိုးကျိုးကို
လက်မခံချင်လို့မရပေမယ့် အဆိုးထဲက အကောင်း၊ အကောင်းထဲက ကောင်းသထက်ကောင်းအောင်
ကိုယ့်ကိုယ်ကို ပြုပြင်နေထိုင်သွားမယ်ဆိုရင် အတိတ်က ကံတွေ ဘယ်လိုပင် ဆိုးခဲ့စေကာမူ
အခုဘ၀ကံတွေကတော့ အကောင်းဘက်မှာရှိနေမှာပါ။ ဒါပေမယ့် ဘ၀မှာ ဖြေရှင်းလို့မရတဲ့
ပြဿနာတွေ အခက်အခဲတွေ အကြပ်အတည်းတွေ ဆိုတာ လူတိုင်းမှာ ရှိတတ်တယ်။ အဲလိုမျိုး
ကြုံတွေ့ရတဲ့အခါမှာတော့ စိတ်သက်သာရာ ရအောင် ကံကိုပဲ ဆင်ခြင်လိုက်ပါ။ ကံဆိုတာ
အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရားတွေပါပဲ။
အပိုင်း (ဃ)
(၂) ဥပထမ္ဘကကံ - ရှေ့မှာဆွေးနွေးခဲ့တဲ့ ဇနကကံ
အကျိုးပေးခွင့်ရအောင်၊ အကျိုးပေးထက်သန်လာအောင်၊ အကျိုးပေး တာရှည်လာအောင်
ထောက်ပံ့ပေးတဲ့ကံဟာ ဥပထမ္ဘကကံပါပဲ။ အကျိုးပေးထက်သန်အောင် ဖွံ့ဖြိုးလာအောင်
အကူအညီပေးတဲ့နေရာမှာ ကုသိုလ်ဥပထမ္ဘကကံက ကုသလိုလ်ဇနကကံကို ကူညီပြီး အကုသိုလ်ဥပထမ္ဘကကံက
အကုသိုလ်ဇနကကံကို ကူညီပါတယ်။
ဥပထမ္ဘကကံရဲ့ သဘောက အရင်ဘ၀ မသေမီအချိန်လေးမှာ
ကုသိုလ်ကို အာရုံပြုမိနေရင် အဲဒီကုသိုလ်ဇနကကံ အကျိုးပေးခွင့်ရလာအောင်၊ နောက်ဘဝ
သုဂတိဘုံရောက်အောင် ပံ့ပိုးကူညီပေးပါတယ်။ အကုသိုလ်တွေ များစွာပြုထားသူပင်
ဖြစ်လင့်ကစား တစ်ခါက ကိုယ်ပြုမိတဲ့ ရှားရှားပါးပါး ကုသိုလ်လေး တစ်ခုခုကိုဖြစ်စေ၊
သေခါနီးမှ ကပ်ပြီးပြုလုပ်လိုက်မိတဲ့ ကုသိုလ်လေးကိုဖြစ်စေ သတိရတဲ့စိတ်နဲ့
သေသွားမယ်ဆိုရင် အဲဒီကံဟာ ဟိုဘက်ဘ၀အပိုင်းကကြည့်ရင် အာသန္နကံပေါ့။ ဒီဘက်ဘ၀ကို
အကျိုးပေးမယ့်ကံအနေနဲ့ ပြောရင်တော့ ကုသိုလ်ဇနကကံပေါ့။ အဲဒီ ကုသိုလ်ဇနကကံကို
ဒီဘက်ဘ၀ သုဂတိအကျိုးပေး သေချာအောင် ထောက်ပံ့ပေးတဲ့ကံ၊ ကူညီအားဖြည့်ပေးတဲ့ကံကိုတော့
ကုသိုလ်ဆိုင်ရာ ဥပထမ္ဘကကံလို့ မှတ်လိုက်။ အကုသိုလ်ကို အာရုံပြုမိနေရင်လဲ
အဲဒီအကုသိုလ်ဇနကကံ အကျိုးပေးခွင့်ရလာအောင်၊ အပါယ်ရောက်အောင် ပံ့ပိုးကူညီပေးပါတယ်။
အဆင်း ဘီးတပ်ပေးလိုက်သလိုပေါ့။ သူဟာ ကုသိုလ်တွေများစွာပြုထားသူပင် ဖြစ်လင့်ကစား
သေခါနီးမှာ အကုသိုလ်တွေကိုပဲ ပြန်မြင်ယောင်နေမယ်၊ သတိရနေမယ်ဆိုရင်တော့
အရင်ဘ၀ကံအနေနဲ့ ပြောတော့ အာသန္နကံ၊ ဒီဘက်ဘ၀လှမ်းအကျိုးပေးတဲ့ကံအနေနဲ့ ပြောတော့
အကုသိုလ်ဇနကကံပါပဲ။ အဲဒီအကုသိုလ် ဇနကကံကို ကူညီအားဖြည့်ပေးတဲ့ကံကိုတော့
အကုသိုလ်ဆိုင်ရာ ဥပထမ္ဘကကံပေါ့။ ဒါက ပဋိသန္ဓေအခါမှာ အကျိုးပေးပုံပါ။
ပဋိသန္ဓေစိတ်ကလေးရဲ့ဒီဘက် မသေမီကာလအတွင်းကိုတော့
ပ၀တ္တိအခါလို့ခေါ်တယ်ဆိုတာ အရင်ကလဲ ပြောခဲ့ပါပြီ။ ဘ၀လို့ပဲ ယေဘုယျအားဖြင့်
ဆိုကြပါစို့။ ဘ၀မှာ ရှေးကုသိုလ်ဇနကကံက ထောက်ပံ့ပေးလိုက်လို့ လူ့ဘ၀ရနေတယ်ဆိုကြပါစို့။
(သုဂတိဘ၀တွေအားလုံး ပါဝင်ပါတယ်။) လူ့ဘ၀တောင်မှ ဘ၀ချင်းက မတူကြပါဘူး။
အချို့ချမ်းသာ၊ အချို့ဆင်းရဲ၊ အချို့ ရုပ်လှ၊ အချို့ ရုပ်ဆိုး၊ အချို့ ဉာဏ်ကောင်း၊
အချို့ ဉာဏ်ထိုင်း၊ အချို့ ကျန်းမာ၊ အချို့ရောဂါများ စသည်ဖြင့် ဘ၀တွေလဲ မျိုးစုံ
ကကြိုးလဲ အဖုံဖုံဖြစ်နေကြတာတွေ ကြည့်လိုက်ရင် အမြင်သာကြီးပါပဲ။ ကံကောင်းလို့
ဘ၀ကောင်းတယ်၊ ဘ၀ကောင်းမှာပဲ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့
နေနိုင်ထိုင်နိုင်တယ်။ ဒီလို ကျန်းမာရေးလေး ဆက်လက်ကောင်းမွန်နေအာင်၊ ချမ်းသာမှုလေး
ဆက်လက်ခံစားနေရအောင် ဆက်လက်ကြိုးစားအားထုတ် လုပ်ကိုင်နေမယ်ဆိုရင် ဒီအဆင့်က
နိမ့်ကျသွားဖို့ရာ ဆိုတာ ဖြစ်တောင့် ဖြစ်ခဲပါ။ ကံတွေ ကောင်းနေတာကို
ကောင်းသထက်ကောင်းအောင် ထိန်းထားနိုင်ဖို့ အသိဉာဏ်နဲ့ ယှဉ်တွဲနေထိုင်တတ်ဖို့
အင်မတန်အရေးကြီးပါတယ်။ ရှေးကံနဲ့ ယခုလက်ရှိကံတွေ ပေါင်းစပ်လိုက်တော့ အကျိုးပေးက
ပိုမိုပြည့်စုံ ဖွံ့ဖြိုးလာတာပေါ့။ ဒါက အားထုတ်မှု ပယောဂလိုအပ်တယ်ဆိုတာ
ပြောချင်တာပါ။ ဒါဟာလဲ ပစ္စုပ္ပန်ကံလို့ ခေါ်ရပါတယ်။
အချို့မှာ သည်လောက် ကြိုးစားနေတဲ့ကြားကပင်
အခြေယိုင်သွားတာမျိုးတွေလဲ ရှိတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင်
စိတ်ကောင်းလေးတွေမွေးမြူ၊ ကောင်းမှုကုသိုလ်တွေ တတ်နိုင်သလောက် ပြုလုပ်၊
ဒါနအားနဲနေရင် ဒါနအားဖြည့်ပေး၊ သီလအားနဲနေရင် သီလအားဖြည့်ပေး၊ ဘာဝနာအားနဲနေရင်
ဘာဝနာအားဖြည့်ပေးပေါ့။ ဒါန သီလစကားတွေနဲ့ပြောတော့ နားဝေးနေမယ်။ ကိုယ့်စိတ်ကို
ဘယ်လောက်ကောင်းသလဲဆိုတာ စစ်ဆေးလို့ စိတ်ကောင်းထားတာ နဲပြီး စိတ်ဓာတ်ရေးရာ
နိမ့်ကျနေသေးတယ်ဆိုရင် ကိုယ့်စိတ်ကို အဆင့်မီလာအောင်၊ မြင့်မြတ်လာအောင်၊
ဖြောင့်မတ်လာအောင်၊ သဘောထားကြီးလာအောင်၊ အမြင်ကျယ်လာအောင်၊ နောက်ဆုံးအဆင့်
ဖြူစင်လာအောင် ကိုယ့်အသိနဲ့ကိုယ် ပြန်လည်စိစစ်ပြီး ပြုပြင်နေထိုင်လိုက်ပါ။ ဒါဟာ
ကိုယ့်ကုသိုလ်ကံ ကောင်းသထက် ကောင်းအောင် ဖန်တီးနေတာပါပဲ။ ယခုဘ၀မှာ ဖြစ်ပေါ်နေတဲ့
အဲဒီ ကုသိုလ်ကံတွေကနေပြီး တက်လက်စ စီးပွားရေးကို ပြန်နိမ့်ကျမသွားအောင်၊
တည်မြဲနေအောင်၊ ဒီထက်ပိုမိုတိုးတက်လာအောင် ပံ့ပိုးကူညီတာဟာ ကုသိုလ်ဥပထမ္ဘကကံပါ။
ဒီဘ၀ ကောင်းတဲ့ကံတွေက ဒီဘ၀မှာ အကျိုးမပေးဘူးလို့
မယူဆလိုက်ပါနဲ့။ ကောင်းတဲ့ကံတွေ ဆက်လက်ထိန်းထားနိုင်အောင်၊ ပိုမိုကောင်းမွန်အောင်၊
အကောင်းကံတွေ တာရှည်အကျိုးပေးနိုင်အောင် ကုသိုလ်ဥပထမ္ဘကကံက
ကူညီပံ့ပိုးနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ဒီဘ၀ကံက အကျိုးပေးတာပါပဲ။ ကုသိုလ်ကံကို
ကုသိုလ်ကံတွေနဲ့ ပြန်ဆက်ရပါတယ်။ ဒီလို မဆက်နိုင်ရင် အကျိုးပေးတော့ ကောင်းတယ်။
ခွေးရူးကောင်းစား တစ်မွန်းတဲ့ ဆိုသလို ခဏတာ အကျိုးပေးလို့ ခဏတစ်ဖြုတ်တော့
ချမ်းသာလိုက်ပြီး နောက်မကြာခင်မှာပဲ ဒုံရင်းပြန်ရောက်သွားတာမျိုးတွေ
အများကြီးတွေ့ဖူးပါတယ်။ ဒါကြောင့် ကိုယ့်စီးပွားလေး တာရှည်တည်မြဲအောင်၊
ပိုမိုတိုးတက်လာအောင် အတိတ်ကံကုသိုလ်ကို လက်ရှိဘ၀ ကုသိုလ်နဲ့ ဆက်ပေးဖို့ဟာ အင်မတန်မှ
အရေးကြီးပါတယ်။ ကုသိုလ်ဆက်ပွဲဆိုပြီး နတ်ကတော်တွေနဲ့
လုပ်ရတဲ့အလုပ်မျိုးမဟုတ်ပါဘူး၊ ငှက်ပျောပွဲအုန်းပွဲတွေနဲ့ အမွှေးတိုင်တွေ
မိုးမွှန်နေအောင် ထွန်းပြီး လုပ်ရတာမျိုးမဟုတ်ပါဘူး။ ကိုယ့်စိတ်ကို စစ်ဆေးပြီးတော့
ကောင်းတဲ့စိတ်တွေ များများဖြစ်အောင် မွေးမြူ၊ ကောင်းတဲ့ကုသိုလ်လုပ်ငန်းတွေ
များများလုပ်သွားရင် ဒါဟာ ကုသိုလ်ဆက်နေတာ၊ ကံဆက်နေတာပါပဲ။ အတိတ်ကုသိုလ်ကံကို
ပစ္စုပ္ပန် ကုသိုလ်ဥပထမ္ဘကကံနဲ့ ဆက်ပေးနေရမှာပါ။
အပိုင်း (င)
အကုသိုလ်ကံ အကျိုးပေးနေလို့ ဒီဘ၀မှာ
ဆင်းရဲနေမယ်၊ ဒုက္ခမျိုးစုံ ကြုံတွေ့ ရင်ဆိုင်နေရမယ်ဆိုရင်လဲ ဒီဆိုးကျိုးသံသရာမှ
ရုန်းမထွက်နိုင်အောင်၊ ဆိုးကျိုးသက်တမ်း ဆက်လက်ရှည်ကြာနေအောင် အကုသိုလ် ဥပထမ္ဘကကံက
ပံ့ပိုးကူညီပါတယ်။ အကုသိုလ်ဆိုတာ အပေါင်းအဖော်နဲ့လာလေ့ရှိတယ်လို့ ပြောတတ်ကြတယ်။
အဆင်မပြေပြီဆိုမှတော့ မုဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတာလိုပါပဲ။ ဒီဟာ
အဆင်မပြေလို့ ဟိုဟာပြောင်းလုပ်လိုက်၊ အဲဒါက ပိုဆိုး၊ ဒီလိုဖြစ်နေတတ်တာ။ အဆင်မပြေလေ
စိတ်ဓာတ်တွေက အားနဲလာလေ၊ အရင်က ကောင်းတဲ့စိတ်ဓာတ်လေးတောင်မှ အဆင်မပြေတဲ့အခါမှာ
ကောင်းအောင် ဆက်လက်ထိန်းမထားနိုင်တော့ဘူးဆိုရင်၊ အတိတ်ကံဆိုးတွေ
ဝင်ရောက်မွှေနှောက်ခံနေရလို့ ပျာပျာသလဲဖြစ်နေရတဲ့ကြားက အခုလဲ စိတ်ဓာတ်တွေ
ကြံ့ခိုင်မှုနဲပြီး အဆိုးဘက်ယိုင်သွားမယ်ဆိုရင် အဆိုးပေါ်မှာ အဆိုးတွေဆင့်နေတာပါ။
အကုသိုလ်ဇနကကံရဲ့ အကျိုးပေးသက်တမ်းကို ရှည်ကြာအောင်၊ ဆိုးကျိုးတွေ ပိုပြီး
ပေးခွင့်သာအောင် လုပ်နေတဲ့သဘောပါ။
အချို့က သေမထူး နေမထူးဆိုပြီး မိုက်ရူးရဲ
ဆန်တတ်တယ်။ တကယ်တော့ အနေမှာ ထူးအောင်လုပ်ယူလို့ရပါတယ်။ အနေထူးရင် အသေလဲ
ထူးသွားတာပါပဲ။ အကောင်းဆုံးစိတ်ဓာတ်နဲ့ စံပြအဖြစ် ရဲရဲရင့်ရင့် ရပ်တည်နိုင်ရင်
ကျောက်ကောင်းတစ်ပွင့်မက ဘ၀ဟာ တန်ဖိုးရှိပါတယ်။ ကိုယ့်အတိတ်ကံ ဘယ်လိုရှိခဲ့တယ်ဆိုတာ
ကိုယ်မသိနိုင်ဘူး။ အတိတ်က မကောင်းတဲ့ကံက လာထောက်လို့ အဆင်မပြေတာတွေ
တွေ့နေရတယ်ဆိုရင် ဒုက္ခများချင်သလောက်များပါစေ၊ ဆင်းရဲချင်သလောက် ဆင်းရဲပါစေ၊
ကိုယ့်စိတ်ဓာတ်ကလေး အဆိုးဘက် ယိုင်မသွားဖို့သာ အဓိကထား ထိန်းနိုင်အောင်
ကြိုးစားပါ။ ရံခါမှာ ကိုယ်လဲမတတ်နိုင်၊ ဘယ်သူမှမတတ်နိုင်တဲ့ အဖြစ်ဆိုးတွေနဲ့
ပက်ပင်းတိုးတဲ့အခါမျိုးတွေ ရှိတတ်တယ်။ မတတ်နိုင်တဲ့အဆုံးမှာတော့ `သြော်-
ကံကြောင့်ဖြစ်ရတာပါလား´လို့သာ ဖြေဆည်ရာရှာလိုက်။ ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ ကြားထဲက
စိတ်ဓာတ်လေးသာ ကောင်းနေလိုက်ပါ။ ကိုယ်ဆင်းရဲမှုတွေကြားထဲက စိတ်ကလေး
ကောင်းမွန်မြင့်မြတ်နေအောင်သာ ထိန်းထားလိုက်ပါ။ စိတ်ကောင်းလေး တစ်ချက်
လက်မလွတ်သရွေ့ အတိတ်ကံဆိုးတွေလဲ မိုးမှောင်ကျချင်သလောက်ကျ၊ အားရရင်
ပြန်ထွက်သွားပါလိမ့်မယ်။ ကံကလဲ ဆိုး၊ စိတ်ဓာတ်ကလဲ နိမ့်ဆိုရင် စောစောကပြောခဲ့တဲ့
အဆင်းဘီးတပ်ပြီးလှိမ့်လိုက်သလိုသာ ဖြစ်ရလိမ့်မယ်။ ဒါဟာ အတိတ်အကုသိုလ်ဇနကကံကို
ယခုဘ၀ပြုတဲ့ အကုသိုလ်ဥပထမ္ဘကကံက အကျိုးပေးသန်လာအောင်၊ သက်တမ်းရှည်အောင်
ကူညီအားဖြည့်ပေးတဲ့သဘောပါပဲ။ ဒါကြောင့် ကံဆိုးလို့ အခက်အခဲတွေကြုံ၊ ပြဿနာတွေတက်၊
စီးပွားရေးအဆင်မပြေ စတဲ့အခြေအနေမျိုးမှာလဲ စိတ်ကောင်း (စေတနာကောင်း)လေးတစ်ချက်
လက်မလွတ်ပါစေနဲ့။ အဲဒါဟာ ကံကောင်းခြင်းရဲ့ သော့ချက်လေးပဲ။ အခုကံညံ့နေတာ အတိတ်ကံ
အကျိုးပေးညံ့လို့ဆိုတာ လက်ခံလိုက်ပါ။ ဒါပေမယ့် အခုလက်ရှိကံကိုတော့ ကောင်းအောင်
ရနိုင်တဲ့ဘက်က ကုသိုလ်ယူလိုက်ပါ။ ဆရာတော်ဦးဗုဒ်ရဲ့ မယ်တော်ကြီးဟာ အိမ်မီးလောင်လို့
အူယားဖားယားနဲ့ သားရဟန်းဆီပြေးလာတော့ ဆရာတော်က သူ့မယ်တော်ကြီးမှာ ပါလာတဲ့တံဘက်ကို
အလှူခံတယ်။ အိမ်တစ်အိမ်လုံး ပြာကျသွားတာ မကူညီတဲ့အပြင် အလှူတောင်ခံရမလားလို့
ဆရာတော်ကို အပြစ်တင်တော့ ဆရာတော်က `အလှူခံတာ ကူညီနေတာပဲ၊ အတိတ်ကံမကောင်းလို့
အိမ်မီးလောင်တာ၊ အခုကံကောင်းအောင် ပါလာတဲ့ တံဘက်သာ လှူလိုက်ပါ´တဲ့။
ဒီဥပထမ္ဘကကံကို
ထောက်ဆပြီး ကံဆိုတာ ရေများရေနိုင် မီးများမီးနိုင်လို့ ပြောလေ့ရှိကြတယ်။ ဒီတော့
အတိတ်ကံအားလျော်စွာ ဆိုးကျိုးလဲ ခံစားချင် ခံစားနေရမယ်၊ ကောင်းကျိုးလဲ
ခံစားချင်ခံစားနေရမယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ယခုလက်ရှိအနေအထားမှာ
ကိုယ်လုပ်သမျှကံတွေက အကောင်းတွေဖြစ်နေဖို့ အရေးကြီးပါတယ်။ လက်ရှိလုပ်နေတဲ့
အကောင်းကံတွေ အားကောင်းနေချိန်မှာ အတိတ်က အဆိုးကံတွေဟာ လောလောဆယ် အကျိုးပင်
ပေးနေဦးတော့ တဖြည်းဖြည်းချင်း အားနဲသွားပါလိမ့်မယ်။ ကုသိုလ်အင်အားသာ
ကောင်းနေမယ်ဆိုရင် ကောင်းကျိုးတွေ မလာပါနဲ့ဆိုပြီး တားမြစ်လို့တောင် မရနိုင်ပါဘူး။
ဒါကြောင့် တားဆီးလို့မရတဲ့ကုသိုလ်ကံတွေ များများလုပ်ထားဖို့လိုအပ်ကြောင်း
ပြောခဲ့တာပါ။ ဒါပေမယ့် ခြွင်းချက်လေးနဲ့တော့ နားလည်ထားရမယ်။ ကုသိုလ်လုပ်လျက်
ဆိုးကျိုးတွေ ရင်ဆိုင်နေရတာမျိုးလဲ ကြုံတောင့်ကြုံခဲ တွေ့ရတတ်တယ်။ ယေဘုယျပြောရရင်
အင်အားကောင်းတဲ့ ကုသိုလ်ကံတွေရဲ့နောက်ကွယ်မှာ အင်အားကောင်းတဲ့ ကောင်းကျိုးတွေ
အစဉ်အမြဲ ရှိနေတယ်ဆိုတာသာ ယုံကြည်ထားလိုက်ပါ။
အပိုင်း (စ)
(၃) ဥပပီဠကကံ - အခြားကံ အကျိုးပေးခွင့်မရအောင်၊
အကျိုးပေးမထက်သန်အောင်၊ ကြာရှည်အကျိုးမပေးနိုင်အောင် (နှိပ်စက်)
ဖိနှိပ်တတ်သောကံကို ဥပပီဠကကံလို့ ခေါ်တယ်။ အကုသိုလ်ကံတွေကို ကုသိုလ်ကံတွေနဲ့
ဖိနှိပ်ထားတာမျိုး၊ ကုသိုလ်ကံတွေကို အကုသိုလ်ကံတွေနဲ့ ဖိနှိပ်ထားတာမျိုးပါ။
ယခုဘ၀မှာ ဘုရား တရား သံဃာကြည်ညိုသူ၊
သဒ္ဓါတရားကောင်းမွန်သူ၊ စိတ်ကောင်းနှလုံးကောင်းရှိသူ၊ ကုသိုလ်တရားတွေကို
များစွာဆည်းပူးအားထုတ်သူမှာ လက်ရှိကုသိုလ်ကံအားတွေက ကောင်းနေတဲ့အတွက်ကြောင့်
အတိတ်က ပြုခဲ့ဖူးတဲ့ အကုသိုလ်ကံတွေ ခေါင်းမထောင်နိုင်တော့ဘူး။ ယခုဘ၀ပြုတဲ့ကုသိုလ် ဥပပီဠကကံက
အတိတ်အကုသိုလ်ကံတွေကို တားဆီးကာကွယ်ထားတာပါ။ သူတော်ကောင်းတွေကြားမှာ သူယုတ်မာဟာ
မနေရဲသလိုပါပဲ။ အကောင်းကံတွေများနေချိန်မှာ မကောင်းတဲ့ကံတွေ အလိုလို
ငုတ်လျှိုးနေတတ်တယ်။ သူတော်ကောင်းတရားနဲ့ နေထိုင်တဲ့သူမှာ
အကုသိုလ်ကင်းနေတဲ့အတွက်ကြောင့် စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းနေပြီး
ငြိမ်းချမ်းတဲ့ဘ၀ပိုင်ရှင်ဖြစ်လာတယ်။ အပြန်အားဖြင့် အကုသိုလ်တရားတွေနဲ့သာ ဘ၀မှာ
အချိန်ကုန်နေမယ်ဆိုရင် စိတ်ကောင်းတွေ ကွယ်ပျောက်နေပြီး မကောင်းတဲ့စိတ်တွေသာ
အဖြစ်များနေတာကြောင့် ကုသိုလ်စိတ်ဖြစ်ခွင့် တစ်ကြိမ်တစ်ခါမျှပင် ပေါ်ဖို့ခက်ပါတယ်။
မကောင်းတဲ့စိတ်တွေနဲ့သာ ရှင်သန်နေရတဲ့ဘ၀မှာ မကောင်းကံတွေသာ ကြီးစိုးနေပြီး
အကောင်းကံတွေက ဘေးရှောင်နေလေ့ရှိတယ်။ အကုသိုလ် ဥပပီဠကကံက ကုသိုလ်ကံတွေကို
ဖိနှိပ်ထားလိုက်တဲ့သဘောပဲ။ စိတ်ထား မစင်ကြယ်တဲ့သူမှာ ကံတွေလဲ မစင်ကြယ်ပါဘူး။
ဒီတော့ မစင်ကြယ်တဲ့ မဖြူစင်တဲ့စိတ်တွေနဲ့ နေရတဲ့ဘ၀မှာ ငြိမ်းအေးမှုတွေလဲ
ပျောက်ဆုံးနေမှာပါ။
ကုသိုလ်ကံတွေ အကျိုးပေးခွင့်မရအောင်၊ အကျိုးပေး
မဖွံ့ဖြိုးအောင်၊ ရေရှည်မတည်မြဲအောင် ဖိနှိပ်ထားတတ်တဲ့ ကံကိုတော့ အကုသိုလ်
ဥပပီဠကကံလို့ ခေါ်ပါတယ်။ ကုသိုလ်ဇနကကံက အကျိုးပေးလိုက်လို့ လုပ်သမျှ အဆင်ပြေ၊
ပြည့်စုံကြွယ်ဝချမ်းသာနေသော်လဲ အကုသိုလ်ကံဆိုး ၀င်ရောက်နှောက်ယှက်လာပြီဆိုရင်
ရုတ်ချည်း လေဖြတ်သွားရတာမျိုး၊ ကင်ဆာဖြစ်ရတာမျိုး၊ ဆီးချိုသွေးချိုဖြစ်ရတာမျိုး
စတဲ့ နာတာရှည်ရောဂါဆိုးတွေ ဖြစ်လာပြီး ချမ်းသာပေမယ့်
စည်းစိမ်ခံစားခွင့်နဲသွားပါတယ်။ စည်းစိမ်ချမ်းသာပါလျက် သားသမီးမလိမ်မာလို့ စိတ်ဆင်းရဲနေရတာတွေ၊
နိုင်ထက်စီးနင်းပြု ကိုယ့်ပစ္စည်း မတရားသောနည်းဖြင့် ရအောင် ယူဖို့
ကြံစည်သူတွေနဲ့တွေ့လို့ စိတ်ဆင်းရဲရတာတွေ စသည်ဖြင့် ချမ်းသာပါလျက်
အနေခက်ရတဲ့အခြေအနေမျိုးနဲ့ ရင်ဆိုင်ရတာတွေဟာ အကုသိုလ်ဥပပီဠကကံက
ကုသိုလ်အကျိုးပေးကို ကောင်းမွန်စွာ ခံစားခွင့်မရအောင် ကပျက်ယပျက်
လုပ်လိုက်တဲ့သဘောပါ။
ဥပမာပြရရင် ဓမ္မပဒမှာလာတဲ့ စက္ခုပါလမထေရ်ကြီးဆိုတာ
ကြားဖူးမှာပါ။ သူဟာ ကံကောင်းလို့ လူဖြစ်လာတာ၊ တကယ့်ကို ရဖို့မလွယ်ကူတဲ့
ရဟန်းဘ၀ကိုလဲ ရှိထားတာပါပဲ။ ဒါပေမယ့် အတိတ်ဘ၀တစ်ခုမှာ ဆေးဆရာဖြစ်စဉ်က
မျက်စိရောဂါသည် အမျိုးသမီးတစ်ယောက်ကို ဆေးဖိုးမပေးလို့ သူကုလို့ ကောင်းနေတဲ့
မျက်စိနှစ်လုံးကို တမင်သက်သက် စေတနာနဲ့ ပြန်ကွယ်သွားအောင် လုပ်ခဲ့ဖူးတဲ့
အတိတ်အကုသိုလ်ကံက သူရရှိထားတဲ့ ကုသိုလ်ကံအကျိုးပေးတွေကို လာရောက်ဖျက်ဆီးလိုက်လို့
မျက်စိနှစ်ကွင်း အလင်းမရဘဲ တစ်သက်တာနေထိုင်သွားရရှာတယ်။ ပူတိဂတ္တတိဿမထေရ်ဆိုတာလဲ
အတိတ်ကုသိုလ်ကံ တစ်ခုခုကြောင့် လူ့ဘ၀၊ ရဟန်းဘ၀ကိုရရှိခဲ့ပေမယ့် အတိတ်ဘ၀တစ်ခုမှာ
ငှက်မုဆိုးဖြစ်ခဲ့စဉ် ငှက်အရှင်တွေကို ဒီအတိုင်းထားရင် ပျံသွားမှာစိုးလို့၊
မလိုအပ်ဘဲ သတ်ထားရင်လဲ ပုပ်သွားမှာစိုးတာကြောင့် ခြေထောက်တွေချိုး၊
အတောင်တွေချိုးပြီး ထားခဲ့ဘူးတယ်။ သတ်လဲသတ်ခဲ့တာပေါ့။ အဲဒီအကုသိုလ်ကံတွေက ဒီဘဝ
ရရှိထားတဲ့ ကုသိုလ်ကံရဲ့အကျိုးတွေကို လာရောက်ဖျက်ဆီးလိုက်လို့ တစ်ကိုယ်လုံး
ပုပ်ရိပြီး ဘယ်သူမှမကပ်ချင်လောက်အောင်အထိ ရောဂါဝေဒနာတွေကို ခံစားရရှာတယ်။
အခုခေတ်ဥပမာနဲ့ ပြောရရင် ထီပေါက်ပြီး ထီလက်မှတ်ပျောက်သူလိုပေါ့။ ကံကောင်းလို့
ထီပေါက်တယ်၊ လက်မှတ်ပျောက်တော့ ထုတ်မရဘူး။ ဒါဟာ ကုသိုလ်ကံ အကျိုးပေးတွေကို
အကုသိုလ်ဥပပီဠကကံက နှောက်ယှက်ဖျက်ဆီးလိုက်တဲ့ သဘောပါ။
အကုသိုလ်ကံအကျိုးပေးတွေကိုလဲ အတိတ်ဘ၀တစ်ခုခုက
ပြုခဲ့တဲ့ကုသိုလ်ကံက ဖျက်ဆီးလိုက်တော့ ခါးသီးစက်ဆုပ်စရာကောင်းတဲ့ ဆိုးကျိုးတွေက
လွတ်မြောက်ပြီး ကောင်းမွန်တဲ့ အကျိုးပေးတွေနဲ့ ပြန်လည်ဆုံဆည်းခွင့်ရလာပါတယ်။ ဥပမာ
ဆင်းရဲလို့ ကုန်းကောက်စရာမရှိလောက်အောင် ဖြစ်နေတဲ့အခြေအနေမျိုးမှာ ထီပေါက်တာမျိုး၊
ကူညီစောင့်ရှောက် ဖေးမပေးမယ့်သူ ပေါ်လာတာမျိုး၊ ချမ်းသာဖို့ လမ်းကြောင်း
ပွင့်လာတာမျိုး စသည်ဖြင့် တွေးဆကြည့်နိုင်ပါတယ်။ ဒါဟာ အကုသိုလ်ကံ အကျိုးပေး
သက်တမ်းမရှည်အောင် အတိတ်ကုသိုလ်ဥပပီဠကကံက ၀င်ရောက် ကယ်ဆယ်ပေးတဲ့သဘောတရားတွေပါ။
ဒါပေမယ့် ဒီလို အတိတ်ကုသိုလ်ကံ အကျိုးပေးတွေ
အလာကို စောင့်မျှော်နေလို့ မရပါဘူး။ ကိုယ့်မှာ ဒီလို ကုသိုလ်ကံမျိုးတွေ ရှိမရှိ
ကိုယ်မှ မသိနိုင်တဲ့ကိစ္စပဲ။ မမျှော်လင့်ဘဲ ရွှေထုပ်ကြီးကောက်ရတာမျိုး၊ မြေတူးရင်း
ရွှေအိုးကြီးတွေ့တာမျိုးက ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတွေပါ။ ဒါမျိုးတွေ ထိုင်ပြီး
မျှော်လင့်နေလို့ရှိရင်တော့ ဖိုးလမင်းထံ ထမင်းဆီဆမ်း၊ ရွှေလင်ပန်းနဲ့ ပေးပါလို့
တောင်းဆိုနေတဲ့ ကလေးသူငယ်လိုသာ ဖြစ်ပါလိမ့်မယ်။ ကံဆိုးတဲ့သူတိုင်း
ကံကောင်းချင်ကြသလို ကံကောင်းနေတဲ့သူတိုင်းလဲ ကံတွေ ကောင်းသထက်
ပိုကောင်းချင်ကြတာကတော့ လူ့သဘာဝပါပဲ။ ဒီတော့ သဘာဝကို သဘာဝကျကျ တွေးတတ်ခေါ်တတ်မှ
အဆင်ပြေပါတယ်။ ကိုယ့်ကံကိုယ် ညံ့တယ်ထင်ရင် ကောင်းတဲ့ကံတွေ များများလုပ်၊
ကောင်းနေတယ်ထင်ရင်လဲ လက်ရှိကံကို ကောင်းသထက် ကောင်းမွန်အောင် ဆက်လက်ကြိုစား။
ဒါဆိုရင် ကုသိုလ်ဥပပီဠကကံကို မျှော်လင့်နေစရာမလိုဘဲ ကိုယ်လက်ရှိဘ၀မှာ
ပြုလုပ်ထားတဲ့ ကုသိုလ်ဥပထမ္ဘကကံတွေက ထောက်ပံ့ကူညီသွားပါလိမ့်မယ်။ မဟာဂန္ဓရုံဆရာတော်
အရှင်ဇနကာဘိဝံသ မိန့်တော်မူတဲ့အတိုင်းပဲ `မလွဲတဲ့လမ်းကိုလိုက်´လို့သာ
ပြောရပါလိမ့်မယ်။ အတိတ်ကံ ကောင်းတာ ဆိုးတာ ကိုယ်မမြင်နိုင်ဘူး။ သေချာတာက အခု
ကောင်းတဲ့ကံတွေ ငါဘယ်လောက်လုပ်နေလဲ ဆိုတာကိုတော့ ကိုယ့်ကိုယ်ကို
စစ်တမ်းထုတ်ကြည့်လို့ရတယ်။ ဗေဒင်ဆရာသွားမေးနေစရာမလိုပါဘူး။ ဒါဟာ
အသေချာဆုံးနည်းလမ်းပါပဲ။
အပိုင်း (ဆ)
(၄) ဥပဃာတကကံ - အခြားကံ အကျိုးပေးခွင့်မရအောင်၊
ပေးပြီးသောအကျိုးများကိုလဲ ပြတ်သွားအောင် သတ်ဖြတ်ဖျက်ဆီးတတ်သောကံကို ဥပဃာတကကံလို့
ခေါ်ပါတယ်။ အကျိုးမပေးရသေးတဲ့ ကံကို သတ်တာရယ်၊ ပေးပြီးဖြစ်တဲ့ အကျိုးတရားတွေကို
သတ်တာရယ် နှစ်ပိုင်း ခွဲမှတ်ထားလိုက်ပေါ့။
ကိုယ်ပြုထားတဲ့ကုသိုလ်ကံတွေ
အကျိုးပေးခွင့်မရအောင် တားဆီးပစ်တာ၊ သတ်ဖြတ်ပစ်တာ၊ ပိတ်ပင်ပစ်လိုက်တာကို ကံကို
သတ်တယ်လို့ နားလည်လိုက်ပါ။ အကျိုးမပေးရသေးခင်မှာ သတ်လိုက်တာ။ ကုသိုလ် ဥပဃာတကကံက
အကုသိုလ်ကံတွေ အကျိုးပေးခွင့်မရအောင် သတ်ဖြတ်ပြီး အကုသိုလ် ဥပဃာတကကံက ကုသိုလ်ကံတွေ
အကျိုးပေးခွင့်မရအောင် သတ်ဖြတ်ပစ်မယ်။
ကုသိုလ် ဥပဃာတကကံက အကုသိုလ်ကံတွေကို
သတ်ဖြတ်ပစ်တဲ့နမူနာ ထုတ်ပြရရင်တော့ စောစောက တင်ပြခဲ့တဲ့ ရှေးခေတ် သီဟိုဠ်ကျွန်းက
ဓမ္မကထိက အရှင်သောဏမထေရ်ရဲ့ ဖခင်မုဆိုးကြီးပဲ ပြောရပါလိမ့်မယ်။ သူဟာ
တစ်သက်လုံးမုဆိုးလုပ်စားလာခဲ့တော့ အကုသိုလ်ကံတွေ အများကြီးလုပ်ခဲ့တာပေါ့။
အသက်ကြီးတော့ သူ့သားရဟန်းထံ ဦးဇင်းကြီးဝတ်နေတယ်။ သေခါနီးမှာ ငရဲနိမိတ်ဆိုးတွေ
မြင်လာရလို့ ကြောက်လန့်အော်ဟစ်နေတာ သူ့သားရဟန်းက သိလိုက်လို့ ဘုရားပန်း
အကပ်ခိုင်းပြီး ကံအာရုံတွေ ပြောင်းပေးလိုက်တာ၊ အဲဒီ ပန်းလှူတဲ့ကံနဲ့ပဲ
စုတိစိတ်ကျပြီး နတ်ပြည်ရောက်သွားတယ်။ သူပြုခဲ့တဲ့ အကုသိုလ်ကံတွေကို
အပါယ်ပဋိသန္ဓေကျိုးမပေးနိုင်အောင် ကုသိုလ်ကံက သတ်ဖြတ်ပစ်လိုက်တာ။
အပြီးအပိုင်သတ်ဖြတ်လိုက်တာတော့ မဟုတ်ဘူး။ နောင် အလျဉ်းသင့်ရင် မကောင်းကျိုးတော့
ပြန်ပေးဦးမှာပါ။ အပြီးအပိုင်သတ်ဖြတ်တဲ့ဥပမာအနေနဲ့ အင်္ဂုလိမာလမထေရ်အကြောင်း ယှဉ်ထိုးကြည့်နိုင်ပါတယ်။
သူပြုခဲ့တဲ့ လူသတ်မှုအားလုံးကို အရဟတ္တမဂ်ကုသိုလ်ကံက သတ်ဖြတ်လိုက်တော့ နောက်ဘဝ
ဆိုးကျိုးတွေ ပြန်လည်ခံစားစရာမလိုတော့ဘူး။ အကုသိုလ်ဥပဃာတကကံက ကုသိုလ်ကံတွေကို
သတ်ဖြတ်တဲ့အရာကို နမူနာထုတ်ပြရရင်တော့ မလ္လိကာဒေ၀ီနဲ့ ပြရမှာပါပဲ။ မလ္လိကာဒေ၀ီဟာ
ဘုရားအမှူးရှိတဲ့ သံဃာတွေကို အသဒိသအလှူကြီး ပေးလှူခဲ့သည့်အပြင် အခြားအခြားသော
ကုသိုလ်ကောင်းမှုပေါင်း များစွာကို ပြုခဲ့သူဖြစ်သော်လဲ သေခါနီးတွင် ထင်မြင်လာတဲ့
မကောင်းတဲ့အကုသိုလ်ကံလေးတစ်ခုက သူလုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ အားလုံးကို ကောင်းတဲ့
အကျိုးပေးခွင့် တားမြစ်ပိတ်ပင်လိုက်လို့ အ၀ီစိ (၇)ရက် ကျရောက်သွားခဲ့ရတယ် ဆိုတဲ့
သာဓကရှိခဲ့ပါတယ်။ သေခါနီး မှားယွင်းစွာ ထင်မြင်လာတဲ့ နိမိတ်ဆိုး အကုသိုလ်ဥပဃာတကကံက
သတ်ဖြတ်လိုက်လို့ အပါယ်ရောက်ရတာပါပဲ။ အကျိုးမပေးရသေးတဲ့ ကံကို သတ်ဖြတ်တတ်တဲ့
ဥပဃာတကကံအကြောင်း ဒီလောက်ဆို ရိပ်မိလောက်ပါပြီ။
နောက်တစ်မျိုးက ပေးပြီးသောအကျိုးတွေကို
သတ်ဖြတ်တဲ့ ဥပဃာတကကံအကြောင်းပါပဲ။ အကျိုးကို သတ်တဲ့ ဥပဃာတကကံဆိုတာကတော့
သောရေယျသူဌေးသား ဥပမာထိုးပြရပါလိမ့်မယ်။ သောရေယျသူဌေးသားဟာ အရှင်မဟာကစ္စည်းမထေရ်ကို
ပြစ်မှားမိလို့ ယောက်ျားဘ၀မှ မိန်းမဘ၀ပြောင်းသွားခဲ့ရတယ်။ ဒါဟာ ပြစ်မှားတဲ့အကုသိုလ်ကံက
အကျိုးပေးလိုက်တာပါပဲ။ နောက်ပိုင်းမှာတော့ မထေရ်မြတ်ကို ပြန်လည်တောင်းပန်လိုက်
ကန်တော့လိုက်လို့ ယောက်ျားဘ၀ ပြန်ရရှိခဲ့ရပါတယ်။ ကန်တော့တောင်းပန်ခြင်း
ကုသိုလ်ဥပဃာတကကံက မိန်းမဘ၀ဖြစ်နေရတဲ့ အကုသိုလ်ကံရဲ့အကျိုးတွေကို
သတ်ဖြတ်ပစ်လိုက်တာပါပဲ။ ကုသိုလ်ကံအကျိုးပေးကို အကုသိုလ်ဥပဃာတကကံက သတ်ဖြတ်လိုက်တဲ့
ဥပမာတစ်ခုအနေနဲ့ ဗိမ္ဗိသာရမင်းကြီးကို ပြရလိမ့်မယ်။ ကုသိုလ်ကံကြောင့် မင်းဖြစ်တယ်။
ရှေးဘ၀တစ်ခုက ဘုရားရင်ပြင်တော်မှာ ဖိနပ်စီးခြင်း၊ သံဃာများအတွက်ခင်းထားတဲ့
ကော်ဇောပေါ်မှာ ခြေမဆေးဘဲတက်မိခြင်းဆိုတဲ့ အကုသိုလ်ကံက သတ်ဖြတ်လိုက်လို့ ခြေဖ၀ါး
ဓားခွဲခံရခြင်း ဆားသိပ်ခံရခြင်းဆိုတဲ့ ဆိုးကျိုးတွေလဲဖြစ်၊ မင်းစည်းစိမ်ချမ်းသာလဲ
ပျက်စီးခဲ့ရရရှာပါတယ်။
ဒီမှာပဲ ကိစ္စဆိုင်ရာ ကံ(၄)မျိုးလုံးကို
ရှင်းလင်းတင်ပြလို့ ပြီးပါပြီ။ အကျိုးပေးပုံဆိုင်ရာ ကံလို့လဲ ခေါ်နိုင်ပါတယ်။
အကျိုးပေးပုံပေးနည်းအနေနဲ့ ဦးစားပေးပြီးတော့ ဒီကံလေးမျိုးက
ပိုင်းခြားပြတာဖြစ်ပါတယ်။ ဒါကြောင့် ကံတွေ အကျိုးပေးတယ်ဆိုတာ ဘယ်ပုံဘယ်နည်း
အကျိုးပေးတယ်လို့ ပုံသေမှတ်ထားလို့ မရပါဘူး။ ကံချင်းတူစေကာမူ တစ်ယောက်နဲ့ တစ်ယောက်
အကျိုးပေးပုံချင်း မတူနိုင်ပါ။ အချိန်မတူလို့ အကျိုးပေးပုံချင်းမတူတာရှိသလို
အကျိုးပေးပုံပေးနည်းမတူလို့ အကျိုးပေးကွဲနေတာလဲ ရှိပါတယ်။ ကံမကောင်းသေးရင်
ကောင်းအောင်၊ ကောင်းနေရင် ပြန်ဆိုးမသွားအောင်၊ တိုးတက်ကောင်းမွန်လာအောင်
ကြိုစားရင်းနဲ့ ဘ၀ကို ပဲ့ကိုင်ထိန်းကျောင်းသွားရင် သံသရာဝဲ သြဃထဲမှာ မျောလဲမမျော၊
နစ်လဲမနစ်မြုပ်နိုင်ဘူးလို့ ယုံကြည်လျက် သံသရာရေယျဉ်ကြောမှာ ဘ၀လှေကို
မောင်းနှင်ကြရပါမယ်။
No comments:
Post a Comment