ရုပ်နဲ့ နာမ်က
အဖြစ်တရား
ကောင်းပြီ
- နိဗ္ဗာန်ဟာ အရှိတရား၊ အခုပြောတဲ့ စိတ်, စေတသိတ်, ရုပ် ဆိုတဲ့ နာမ်က အဖြစ်တရားလို့
ဒီလိုပြောတယ်၊ ဘာဖြစ်လို့ အဖြစ်တရားလို့ ပြောသလဲဆို၊ ကြည့် - ခုနက ဖယောင်းတိုင်မီးလေးကို
ဘယ်သူက မွေးဖွားပေးလိုက်လဲ ဆိုရင် အကြမ်းဖျဉ်းပြောမယ်ဆိုရင် မီးခြစ်ဘူးကနေ မွေးဖွားပေးလိုက်တာ၊
မီးခြစ်ဘူးလေး သို့မဟုတ် ဂက်စ်မီးခြစ်ကို ခြစ်လိုက်ရင် မီးတောက်လေး မဖြစ်ဘူးလား၊ အဲဒီ
မီးတောက်လေးကို ဖယောင်းတိုင်မှာ ရှိတဲ့ မီးစာလေးကို ကူးပေးလိုက်တာ၊
ဂက်စ်မီးခြစ်မှာ
ရှိနေတုန်းက မီးတောက်လေးဟာ ဂက်စ် ဆိုတာရယ်,ဘီးလုံးလေးရဲ့ သံရယ်, အဲဒီ ဘီးလုံးကို ဖိပွတ်မှုကြောင့်
အပူဓာတ် ဖြစ်တာရယ်, လူတစ်ယောက်ရဲ့ ဖိအားရယ် အဲဒီ အကြောင်းသုံးခု ပေါင်းစုံမှုကြောင့်
မီးတောက်လေး ပေးလာတယ်၊ အဲဒီ မီးတောက်လေးကို ဘယ်ဟာတွေက ဆက်ပြီးတော့ ထောက်ပံ့ကူညီနေသလဲ
ဆိုရင် ဖယာင်းတိုင်မှာရှိတဲ့မီးစာနဲ့ ဖယောင်းဆီက ဆက်ပြီးတော့ ကူညီနေတယ်၊ အကြောင်းတွေက
ထောက်ပံ့နေတာ မဟုတ်လား။
အဲဒီလိုပဲ
- လူ့ရဲ့ခန္ဓာကိုယ် ရုပ်နာမ်တရားမှာလည်း ဆိုင်ရာ ဆိုင်ရာ ဖြစ်စေတက်တဲ့ အကြောင်းရှိသလို
ထောက်ပံ့ပေးတက်တဲ့ အကြောင်းလည်း ရှိတယ်၊ အကြောင်းဆိုတာ အမျိုးမျိုးရှိတယ်၊ ‘ဇနက’ ဆိုတာ ဖြစ်စေတဲအကြောင်း၊ အဲဒါကို
producing cause လို့ခေါ်တယ်၊ ဖြစ်စေတက်တဲ့အကြောင်း ထုတ်လုပ်တဲ့အကြောင်း။
အဲလေက
supporting cause၊ ထုတ်လုပ်ထားတဲ့ အရာကို supporting cause က ထိန်းပေးထားတာ၊ အဲဒီ
cause တွေ မရှိတော့ဘူးဆိုတာနဲ့ တစ်ပြိုင်နက် ဒီမီးတောက်လေးရဲ့ ရှင်သန်မှုဟာ ရပ်ဆိုင်းသွားတယ်၊
လူ့ဘဝ လူ့ခန္ဓာလည်း ဒီအတိုင်းပဲ၊ producing cause ရှိတယ်, supporting cause ရှိတယ်၊
အဲဒီ cause နှစ်ခုရှိတဲ့ အချိန်လေးမှာပဲ ရှိနေတာ။
မြတ်စွာဘုရားက
‘သဗ္ဗေ
သင်္ခါရာ’
ဆိုတာ ဒါကို ရည်ညွှန်းတာ၊ ‘သံ’
ဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီးတော့ ‘ခါရ’
က လုပ်ဆောင်ဖန်တီးထားတာလို့ ပြောတာ၊ ကြည့်လေ - တစ်ခုတည်း မဟုတ်ဘူး၊ အကြောင်းတွေက စုပေါင်းပြီး
လုပ်ဆောင်ထားတာ၊ United conditions(united cause) သူတို့ရဲ့စွမ်းအားတွေကို တစ်ညီတည်း
အသုံးပြုပြီး ဖန်တီးထားလိုက်လို့ ရပ်တည်နိုင်တာ၊ အဲဒါကြောင့် ပဋ္ဌာန်းမှာ ၂၄-ပစ္စည်းဆိုတာကို
ဘုရားဟောထားတာ။ တစ်ခုနဲ့ တစ်ခု ဆက်သွယ်ပြီး ဒီလို ရပ်တည်နေတာ၊ ဒါ သင်္ခါရပဲ။
အဲဒီတော့
သေချာစဉ်းစားကြည်မယ်ဆိုရင် ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ သိနိုင်တယ်၊ အကြောင်းပေါ်မှာ
မှီတည်နေတဲ့ အရာတစ်ခုဟာ ပျက်စီးဖို့ဟာ သိပ်သေချာနေတယ်၊ အကြောင်းကို အားကိုးနေရတယ်၊
အကြောင်းပျက်သွားတာနဲ့တစ်ပြိုင်နက် ပါသွးပြီ၊ မီးစာကုန်သွားမယ်, ဆီကုန်သွားမယ်ဆိုရင် မီးတောက်လေး ရပ်တည်နိုင်ပါ့မလား၊ မရပ်တည်နိုင်တော့ဘူး၊
အကြောင်းတွေကုန်သွားတာနဲ့ ပျက်စီးသွားတာပဲ။
အဲဒီသဘောကို
ဆင်ခြင်စဉ်းစားကြည်ရင်း ကိုယ့်ရဲ့ ဘဝကို ဆင်ခြင်လို့ ရတာပေါ့၊ ကြည့်လေ - လူတွေဟာ နေ့စဉ်နဲ့အမျှ
ရုပ်ခန္ဓာကိုယ်ကြီးအတွက် ဘာတွေ လုပ်နေကြတုန်း၊ မျှတတဲ့ ဥတုမှာ နေကြရတယ်၊ အာဟာရနဲ့ ဖြည့်တင်းပေးနေကြရတယ်၊
အခြေခံ အကြောင်းတရားကတော့ ကံပေါ့၊ ကံကနေ ထုတ်လုပ်ပေးလိုက်တဲ့ ဘဝတစ်ခုဟာ ဥတုတွေ, အာဟာရတွေ,
စိတ်တွေ- ဒါတွေက ထောက်ပံ့ကူညီပေးတာလို့ ခုလို ရပ်တည်နေကြရတာ၊ အဲဒီ အကြောင်းတရားတွေကို
ကြည့်လိုက်ရင် သူတို့ကလည်း မြဲသလားဆိုရင် မမြဲဘူး၊ သူတို့မှ မမြဲဘဲနဲ့ သူတို့ ထောက်ပံ့ပေးထားတဲ့အရာက
ဘယ်လိုလုပ် မြဲလို့ရမလဲ။
မြတ်စွာဘုရားက
သံယုတ်ပါဠိတော်မှာ ရှင်းရှင်းလေးဟောထားတယ် - “အနိစ္စသမ္ဘူတံ”
“မမြဲတဲ့ အကြောင်းတရားက ထုတ်လုပ်လိုက်တဲ့
အကျိုးတရားဟာ” “ကုတော နိစ္စံ ဘဝိဿတိ”
“ဘယ်လိုလုပ် မြဲနိုင်မှာတုန်း”
တဲ့၊ အရပ်ပြောနည်း ပြောထားတာနော်၊ “အနိစ္စသမ္ဘူတံ
ကုတော နိစ္စံ ဘဝိဿတိ” “မမြဲတဲ့
အရာက ထုတ်လုပ်ထားတဲ့ အရာလေးတစ်ခုဟာ ဘယ်လိုလုပ် မြဲမှာလဲ”
တဲ့ - မမြဲတဲ့ သဘောကို ဆင်ခြင်စဉ်းစာလို့ ရတယ်။
အဲဒီတော့
မမြဲတဲ့အရာက ထုတ်လုပ်ထားတယ်ဆိုတော့ ဘုန်းကြီးတို့ စိတ်အကြောင်းကို ကြည့်ရအောင်- အများအားဖြင့်
ထင်နေကြတယ် - စိတ် ဘယ်မှာရှိလဲဆိုရင် ဗိုက်ထဲမှာရှိတယ်၊ နှလုံးသားထဲမှာ ရှိတယ်၊ ဦးနှောက်ထဲမှာရှိတယ်၊
ဒီလို ပြောနေကြတယ်၊ စိတ်က ပြတ်သွားတာလည်း မဟုတ်တော့ အိပ်နေတဲ့ အချိန်မှာ “ဘဝင်စိတ်”
ရှိတယ်၊ နိုးတဲ့အခါ မျက်စိကမြင်ရင် မြင်သိစိတ်တွေ ဖြစ်တယ်၊ “ဝီထိစိတ်”
တွေ ဖြစ်တယ်၊ နားက ကြားရင် ကြားသိစိတ်တွေ ဖြစ်တယ်၊ ဒီလို လူတွေရဲ့ စိတ်ဟာ အမြဲတမ်း
ဖြစ်နေတာဆိုတော့ စိတ်ဟာ အမြဲတမ်း ရှိနေတယ်လို့ ဒီလို ထင်ယောင်ထင်မှား ဖြစ်လာတယ်၊
illusion လို့ ခေါ်တယ်။
တကယ်တော့
စိတ်ဟာ ထာဝရရှိနေတဲ့ အရှိတရား မဟုတ်ဘူးတဲ့၊ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အဖြစ်တရားမျှသာ
ဖြစ်တယ်၊ ဒါကြောင့်မို့ စိတ်ကို ‘ဇာတ’
ဖြစ်ပေါ်လာတဲ့ တရား၊ ဖြစ်လာတဲ့ တရားဆိုကတည်းက ဆိုင်ရာ အကြောင်းတရားက ထုတ်လုပ်လိုက်လို့
ဖြစ်ပေါ်လာတာ၊ ဖြစ်လာပြီးတော့လည်း ပျက်စီးသွားရတယ်၊ နောက်အကြောင်းတရားတစ်ခုက ထပ်ပြီး
တော့ ထုတ်လုပ်တယ်၊ မပြတ်ထုတ်လုပ်နေတဲ့အတွက် ရပ်တန့်ပြီး မနေဘူး၊ ဆက်ဆက်ပြီး ဖြစ်နေတယ်၊
တစ်ခါထုတ် တစ်ခါ ဖြစ်တယ်၊ နောက်တစ်ခါထုတ် နောက်တစ်ခါဖြစ်တယ်။
ယခုလို စိတ်ဟာ
သူ့ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်တာ၊ စိတ်ဟာ ဘယ်မှာရှိသလဲဆို ဦးနှောက်ထဲမှာရှိတယ်လို့
ပြောလို့ရမလား၊ condition တစ်ခုအနေနဲ့တော့ ပြောလို့ရတာပေါ့၊ နှလုံးသားထဲမှာ ရှိတယ်လို့
ပြောလို့ရမလား၊ အဘိဓမ္မသင်ထားတဲ့ ပုဂ္ဂိုလ်တွေက ဟဒယဝတ္ထုကိုမှိပြီး ဖြစ်တယ်ဆိုတော့ ဟဒယဝတ္ထုထဲမှာ
စိတ်ရှိနေသယောင်ယောင် ဒီလိုထင်ကြတယ်။
တချို့ကတော့
စိတ်ဟာ ရုပ်ရဲ့ အကျိုးဆက်လို့ ဒီလို ယူဆတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။ အနောက်တိုင်းက ပုဂ္ဂိုလ်တွေက
စိတ်ဆိုတာ ဦးနှောက်ကို ခေါ်တာလို့ ယူဆကြတယ်၊ ဦးနှောက်နဲ့ စိတ်က တခြားစီ၊ ဆိုပါစို့
- ဂက်စ်မီးခြစ်လေးထဲမှာ အမာအမာချင်း ပွတ်လို့ရအောင် ဘီးလေးပါတယ်၊
ဂက်စ်ပါတယ်၊
လူတစ်ဦး တစ်ယောက်ရဲ့ အားစိုက်မှု ဖိခြစ်မှုလေးပါတယ်၊ အဲဒီအကြောင်းတွေ ဆုံလိုက်တဲ့အခါမှ
မီးတောက်ကလေးဆိုတာ ပေါ်လာတာ၊ အဲဒီလိုပဲ လူ့ရဲ့သန္တာန်မှာ ကံတရားက ဖန်တီးပေးထားတဲ့
possibility ဖြစ်နိုင်ခြေလေးတွေတော့ ရှိတယ်၊ သေချာတွေးကြည့် ဂက်စ်မီးခြစ်ထဲမှာ မီးရှိသလားဆိုရင်
ဘယ်လိုဖြေမလဲ။
ဘုန်းကြီးတို့
မနှစ်တုန်းက မေလမှာ ဂျာမနီနားက သြစတြီးယားနိုင်ငံ၊ မြို့တော် ဗီယင်နာ ရောက်ခဲ့တယ်၊
ဗီယင်နာတက္ကသိုလ်ကြီးက အကြီးကြီး၊ ဗီယင်နာတက္ကသိုလ် ပါမောက္ခ တစ်ယောက်က ဖိတ်ပြီး စိတ်အကြောင်း
ဟောပေးပါ ဆိုလို့ နှစ်ရက်သွားဟောတယ်၊ ပြီးတော့ မေးခွန်းတွေမေးတယ်၊
အဲဒီမှာ
Psychology ပါမောက္ခ တစ်ယောက်ကို စိတ်နဲ့ ပတ်သက်ပြီး ဘုန်းကြီးက မေးလိုက်တယ် - “စိတ်ဟာ
လူရဲ့သန္တာန်မှာ ရှိနေသလား ဘယ်မှာရှိသလဲ” – “ဦးနှောက်မှာရှိတယ်”
လို့ ဖြေတယ်၊ သူတို့က ဦးနှောက်ကိုပဲ စိတ်လို့ယူတာရှိတယ်၊ အဲဒီလိုဖြေတော့ ဘုန်းကြီးမေးလိုက်တယ်၊
“အဲလိုဆိုရင် ဂီတာထဲမှာ အသံရှိနေသလား၊
paino ထဲမှာ အသံရှိနေသလား” ဆို “မရှိဘူး”
“ဒါဖြင့် အဲဒီအသံဟာ ဘယ်ကရောက်လာသလဲ”
ဆိုရင် တီးခတ်တဲ့ ပုဂ္ဂိုလ်နဲ့ ခုနက ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေ ဆုံလို့ပေါ့၊
ဂက်စ်မီးခြစ်ထဲမှာ
မီးရှိနေသလား? မရှိဘူး၊ အဲဒီလို မရှိတာမျိုး၊ လူရဲ့ ဦးနှောက်ထဲမှာ စိတ်ရှိနေတာ မဟုတ်ဘူး,
နှလုံးသားထဲမှာ စိတ်ရှိနေတာ မဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကြောင့်သာ ဖြစ်ပေါ်လာတယ်လို့
ဗုဒ္ဓဘာသာ တရားတွေအရ ဒီလိုနည်လည် ရပါတယ်လို့ ထပ်ပြီးတော့ ရှင်းပြရတယ်။
သူတို့ စဉ်းစားသွားတယ်၊
သူတို့ တစ်သက်လုံး ဦးနှောက်ကိုပဲ စိတ်လို့ ခေါ်လာတာ၊ အမြင်အာရုံက မျက်စိကနေ ဝင်လာတယ်၊
အဆင့်ဆင့် သတင်းပို့ပြီး လှုပ်ရှားသွားတာ စိတ် ဖြစ်ပေါ်လာတယ်ပဲလို့ ယူဆကြတယ်။ အတွေးအခေါ်
ပြောင်းဖို့ဟာ ရုတ်တရက် အင်မတန်မှ ခက်ခဲတယ်။
ဗုဒ္ဓတရားတော်အရ
ဒီ အာရုံကြောတွေ ဘာတွေ ဆိုတာ possibility စိတ်ဖြစ်ပေါ်စေနိုင်တဲ့ နရာဋ္ဌာနမျိုးသာ ဖြစ်တယ်၊
စိတ်မဟုတ်ဘူး၊ ရုပ်တရားမျှသာ ဖြစ်တယ်၊ စိတ်ဆိုတာဟာ ရုပ်တရားကို အမှီပြုပြီးဖြစ်တဲ့
သဘာဝတရားတစ်ခုပဲ၊ ရုပ်ကိုလည်း စိတ်ခေါ်တာမဟုတ်လား၊ တချို့က ရုပ်ကို စိတ်လို့ယူဆကြတယ်၊
စိတ်ဆိုတာ မရှိဘူး။ ရုပ်ရဲ့ လှုပ်ရှားမှုသာ ဖြစ်တယ်လို့ ဒီလိုဆိုတဲ့ ပုဂ္ဂိုလ်က ဆိုတယ်။
အေး - ထားတော့၊ ဘုန်းကြီးတို့ အဘိဓမ္မာကျမ်းအရ စိတ်ဆိုတာဟာ
အရှိတရားမဟုတ်ဘူး၊ အဖြစ်တရားလို့ ပြောလို့ရတယ်၊ အရှိတရားဆိုတာ နိဗ္ဗာန်၊ အဖြစ်တရားဆိုတာ
အကြောင်းကို ငဲ့နေရတယ်၊ အကြောင်းဆုံစည်းမှ ဖြစ်တယ်။ ဒါကြောင့်မို့ စိတ်ဟာ အဖြစ်တရား၊
အဖြစ်တရားဖြစ်လို့ မြတ်စွာဘုရားက ဓမ္မသင်္ဂဏီပါဠိတော်မျာ “ဥပ္ပန္နံ ဟောတိ”
ဆိုပြီး အကြောင်းတရားတွေနဲ အကျိုးတရားတွေ ဒီလိုဟောတာ၊ “ဥပ္ပဇ္ဇတိ”
နဲ့ ဟောတာ၊ “ဖြစ်တယ်”
လို့ပဲ ဟောထားတာ၊ “ရှိတယ်”
လို့ မဟောဘူး။
စာ ၁-၁၄
စိတ်ဖြစ်ပုံ
အကျဉ်း
စိတ်ဟာ ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာကို
လေ့လာကြည့်ဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်ကလေးတွေကို ပထမ ကြည့်ရမယ်၊ ရုပ်ကိုအမှီပြုပြီး
စိတ်ကဖြစ်ပေါ်လာတယ်၊ နေရာတိုင်းမှာတော့ စိတ်ကို မဖြစ်စေနိုင်ဘူးပေါ့၊ ဖြစ်ပေါ်စေနိုင်တဲ့
ရုပ်တွေကို ကြည့်ရမယ်ဆိုရင် - စိတ်ဆိုတာ ဝတ္ထုနဲ့အာရုံ ဆုံလို့ဖြစ်တာ။
ရှင်းအောင် ပြောရမယ်ဆိုလို့ရှိရင်
လက်နဲ့စည်နဲ့ ထိမိသွားလို့ရှိရင် အသံမထွက်လာဘူးလား၊ ဆုံစည်းမှုဆိုတာ တီးခတ်တာကို ပြောတာ၊
ဆုံစည်းမှုသည် အသံထွက်ပေါ်လာခြင်းရဲ့ အကြောင်းဖြစ်သလိုပဲ လူ့ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်တရားတွေနဲ့
သို့မဟုတ် နာမ်တရားနဲ့ ပြင်ပဗဟိဒ္ဓိက အာရုံတွေနဲ့ ဆုံစည်းမှုဟာ စိတ်ဖြစ်ပေါ်ဖို့ အကြောင်းတစ်ခုဖြစ်တယ်၊
စာလိုပြောရရင် ဝတ္ထုနဲ့, အာရုံ၊ ဝတ္ထုဆိုတာ စိတ်ရဲ့ ဖြစ်ရာတည်ရာ၊ စိတ်ရဲ့ တည်ရာမှီရာလို့
ဒီလိုပြောရမယ်။
ဥပမာ- စောင်းသံဆိုပါတော့ စောင်းသံက
ဘာကိုမှီနေလဲ ဆိုရင် စောင်းကြိုးနဲ့စောင်းအိုးကို မှီနေတာ၊ စောင်းကြိုးနဲ့ စောင်းအိုးသည်
စောင်းသံရဲ့မှီရာဖြစ်တယ်၊ လူရဲ့ လက်က စောင်းသံရဲ့ မှီရာဟုတ်ရဲ့လား၊ လက်ကထွက်တဲ့အသံ
မဟုတ်ဘူးနော်၊ စောင်းကြိုးနဲ့ စောင်းအိုးကနေ ထွက်လာတဲ့အသံ၊ ဒါကြောင့်မို့ ဒီအသံလေးဟာ
စောင်းကြိုး, စောင်းအိုးကို မှီတယ်၊ လက်ကို မှီတာမဟုတ်ဘူး၊
ထို့အတူပဲ
မျက်စိနှစ်လုံးဖွင့်ပြီး ကြည့်လိုက်ရင် အမြင်အာရုံလေးသည် မျက်စိလာပြီးတော့ ထိလိုက်တယ်။
အာရုံနဲ့ဝတ္ထု ထိခိုက်တာ၊ ဒီထိုက်ခိုက်မှုလေးဟာ သာမန်ပုဂ္ဂိုလ်တွေ ကြားနိုင်လောက်တဲ့ အနေအထားမရှိဘူး၊
သို့သော် သူ့ရဲ့ စွမ်းအားက စိတ်တစ်ခုကို ဖြစ်ပေါ်စေနိုင်လောက်အောင် ပြင်းထန်တယ်၊ မျက်စိနဲ့
အဆင်းအာရုံနဲ့ ဆုံလိုက်တာဟာ ထိလိုက်တာပဲ။
လူတွေကတော့ ထိုလိုက်တယ်လို့ မသိလိုက်ဘူးပေါ့၊
ဥပမာ- အသံက နားကိုထိလိုက်တယ်၊ အနံ့က နှာခေါင်းကို ထိလိုက်တယ်၊ အရသာက လျှာကိုထိလိုက်တယ်၊
ဇောဋ္ဌဗ္ဗာရုံက ခန္ဓာကိုယ်ကို ထိလိုက်တယ်၊ ဒါကတော့ ထိမှန်းသိသာတယ်၊ အဆင်း ရူပါရုံလေးက မျက်စိကို
လာထိတာကျတော့ သိပ်မသိသာဘူး၊ သို့သော် ထိလိုက်မှုစွမ်းအားဟာ ဘယ်လောက်ပြင်းလဲဆိုရင် ထိခိုက်မှုလေးက
စိတ်တစ်ခုကို မွေးဖွားစေနိုင်တယ်။
ဒါကြောင့် မြတ်စွာဘုရားက သုတ္တန်ပါဠိတော်တွေမှာ
“စကံ္ခုစ
ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” စက္ခုပသာဒရုပ်နဲ့ အဆင်းအာရုံ ဒီနှစ်ခုကိုမှီပြီး
စက္ခုဝိညာဏ်စိတ် ဖြစ်ရတယ် လို့ ဒီလိုဟောတာ၊ ဒီတော့ စက္ခုဝိညာဏ်စိတ် ဖြစ်ရတယ် လို့ ဒီလိုဟောတာ၊ ဒီတော့ စက္ခုဝိညာဏ်လို့ခေါ်တဲ့ မြင်သိစိတ်လေးသည်
မျက်စိထဲမှာလည်း ရှိနေတာမဟုတ်ဘူး၊ ထို စက္ခုပသာဒရုပ် မျက်စိကိုလာထိတဲ့ ရူပါရုံထဲမှာလည်း
ရှိနေတာမဟုတ်ဘူး၊ သူတို့နှစ်ခုကြားမှာ ရှိနေတာလည်း မဟုတ်ဘူး၊ ဘယ်မှာမှ ရှိနေတာ မဟုတ်ဘူး၊
ဒါကြောင့်မို့ အရှိတရား မဟုတ်ဘူးလို့ပြောတာ။
ဒီထက်ပိုရှင်းအောင် စဉ်းစားကြည့်ပေါ့၊
စောင်းကြိုးလေးကို လက်နဲ့တီးခတ်လို့ စောင်းသံလေး ထွက်လာတယ်၊ အဲဒီ စောင်းသံလေးဟာ စောင်းကြိုးထဲမှာရှိနေသလားလို့
စဉ်းစားကြည့်ပေါ့၊ ထူးမခြားနား သီချင်းနဲ့ ကိုက်အောင်တီးရင် ထူးမခြားနားသီးချင်းသံ
ထွက်တယ်၊ ဒိပြင် သီချင်းတီးရင် ဒိပြင် သီချင်းသံ ထွက်တယ်၊ ဟုတ်ရဲ့ကလား၊ ရှိနေတာမဟုတ်ဘူး၊
ဒီတော့ စောင်းကြိုးလေးနဲ့
လက်လေး ထိခိုက်မှုသည် အကြောင်းတစ်ခု ဖြစ်လာတယ်၊ စောင်းအိုးထဲ၊ စောင်းကြိုးထဲမှာလည်း
ဒီအသံရှိနေတာ မဟုတ်ဘူး၊ တီခတ်နေတဲ့ လက်ထဲမှာလည်း ဒီအသံ ရှိနေတာမဟုတ်ဘူး၊ လက်နဲ့ကြိုး
ကြားထဲမှာလည်း ရှိနေတာမဟုတ်ဘူး၊ ဘယ်မှာမှ မရှိဘူးဆိုတာ သေချာတယ်၊ သို့သော် ဘယ်ကရောက်လာတုန်းလို့
မေးရင် အကြောင်းကြောင့် ဖြစ်လာတာ။
အဲဒါကို ဝိသုဒ္ဓိမဂ်မှာ
ရှင်းရှင်းလေး ရေးထားတာရှိတယ်။ “န
စက္ခုတော ဇာယရေ ဖဿ ပဉ္စမာ” “ဖဿလျှင်
ငါးခုမြောက်ရှိတဲ့ နာမ်တရားတွေဟာ မျက်လုံးထဲက ထွက်လာတည်လည်း မဟုတ်ဘူး”၊ “န
ရူပတော” “မြင်စရာရူပါရုံက
ထွက်လာတာလည်း မဟုတ်ဘူး”၊ နော စ ဥဘိန္န မန္တရာ” “အဲဒီနှစ်ခုကြားက
ထွက်လာတာလည်း မဟုတ်ဘူး”၊ “ဟေတုံ စ ပဋိစ္စ ပ္ပဘဝန္တိ သင်္ခတာ” “သင်္ခတ တရားတွေဆိုတာ အကြောင်းကနေ စလာတာ” တဲ့၊ အကြောင်းကြောင့် ဖြစ်တယ်လို့ ပြောတာ။
နားလည်အောင်လို့
ဥပမာလေးပါ ရေးထားတယ် - “ယထာပိ
သဒ္ဒေါ ပဟဋာယ ကာရိယာ” စည်တီးလိုက်လို့ ဖြစ်ပေါ်လာတဲ့ အသံလေးလိုပဲ
ကဲ နားမလည်စရာ အကြောင်းကို မရှိဘူး။ ဒါကြောင့်မို့ စိတ်ဆိုတာ အဖြစ်တရားလို့ပြောတာ၊
အကြောင်းတရားတွေ ပေါင်းဆုံလို့ ဖြစ်တဲ့တရား၊ အကြောင်းတရားတွေ ဆုံမှ ဖြစ်တယ်ဆိုတော့
အကြောင်းတရားတွေ မဆုံရင် မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ် မရဘူးလား။
ပဋိစ္စသမုပ္ပါဒ်ကို
မြတ်စွာဘုရားဟောတဲ့အခါ “ဣမဿ
ဥပ္ပါ ဣဒံ ဥပ္ပဇ္ဇတိ” ‘ဒါဖြစ်လို့
ဟိုဟာဖြစ်တာ’၊ “အကြောင်းဖြစ်လို့
အကျိုးဆိုတာဖြစ်တာ”၊ “ဣမသ္မိံ သတိ ဣဒံ ဟောတိ” “ဒါရှိနေရင် ဟိုဟာရှိမှာပဲ”၊ ရည်ညွှန်းချက်လေးနဲ့ ဟောတာ၊ ဘုရားက စကားလုံးတိုတိုလေးနဲ့
ရှင်းပြတာ၊ ဒါရှိလို့ ဟိုဟာရှိနေတာ ဒါဖြစ်လို့ ဟိုဟာ ဖြစ်နေတာ၊ ဟိုဟာ မရှိရင် ဒီဟာလည်း
မရှိတော့ဘူး၊ ဟိုဟာငြိမ်းရင် ဒီဟာလည်း ငြိမ်းသွားမှာပဲတဲ့၊
ပဋိစ္စသမုပ္ပါဒ်ကို ဟောဒီ စာပိုဒ် ၄-ကြောင်းနဲ့ မြတ်စွာဘုရားက ဟောထားတာ။
အဲဒီတော့
သဘာဝတရားတွေက အလန်ရှင်းရှင်းလင်းလင်း ရှိသော်လည်းပဲ လူတွေရဲ့ အသိဉာဏ်က သဘာဝတရားကို
ထိုးထွင်းပြီးမြင်ဖို့ တော်တော်ခက်တယ်၊ ‘ဒုဒ္ဒသတ္တာ’ မြင်နိုင်ခဲတယ်၊ မြင်နိုင်ခဲသည့်အတွက် ‘ဂမ္ဘီရ’ - နက်တယ်လို့ ပြောတာ၊ သာမန်အတွေး၊ သာမန်အသိဉာဏ်နဲ့ မသိနိုင်ဘူးတဲ့။
ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ဓမ္မဒါနပြုပါသည်။
No comments:
Post a Comment