စိတ်ရဲ့မှီရာ
ဝတ္ထုရုပ် ၆-မျိုး
ဒီနေရာမှာ ဝတ္ထု ဆိုတာ စိတ်ရဲ့တည်ရာမှီရာ
ရုပ်သဘာဝတရားတွေကို ခေါ်ပါတယ်၊ ခုနတုန်းက စောင်းသံလေးဟာ ဘယ်က လာတုန်းဆို စောင်းကြိုး,
စောင်းအိုးက လာတာဆိုတော့ စောင်းအိုးစောင်းကြိုးသည် စောင်းသံရဲ့ တည်ရာဖြစ်တယ်၊ စည်သည်
စည်သံရဲ့ တည်ရာဖြစ်တယ်။
ဒီလိုပဲ စိတ်ရဲ့တည်ရာ ဝတ္ထုရုပ်ဟာ
၆-မျိုး ရှိတယ်၊ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်လိုက်ရင် မှတ်ဖိုပလွယ်ပါတယ်၊ အရပ်ခေါ်နဲ့ပဲ
ပြောလိုက်ပေါ့၊ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်နဲ့ ဟဒယဝတ္ထု, ဃနဝတ္ထု, ဇိဝှါဝတ္ထု,
ကာယဝတ္ထု, ဟဒယဝတ္ထု - ဒါ စိတ်ရဲ့ မှီရာတည်ရာ ဝတ္ထုရုပ် ၆-ပါးလို့ ခေါ်တယ်၊ ရုပ်ကိုမှီပြီး
စိတ်ဖြစ်တယ် ဆိုတဲ့သဘောကို ပြောတာ။
စိတ်နဲ့ရုပ်ဟာ အပြန်အလှန်အကျိုးပြုလျက်ရှိတယ်၊
သို့သော် ရုပ်ကိုမမှီဘဲနဲ့ ဖြစ်နိုင်တဲ့စိတ်တွေလည်း ရှိသေးတယ်၊ လူ့ပြည်မှာတော့ မရှိဘူး၊ ရုပ်မဲ့ဘုံ စိတ်ချည်းသက်သက်ဖြစ်တဲ့ဘုံ၊ အရူပ ၄-ဘုံမှာ
ဆိုရင် မှီရာဝတ္ထုရုပ်မရှိဘဲ ဖြစ်တယ်။
ဒါကြောင့် စေတသိက်ပိုင်း အစနားမှာ
“သမ္ပယုတ္တ” - ယှဉ်တယ် ဆိုတာ ရှုထောင့် ၄-ခုကနေ ပြောထားတာ၊ ယှဉ်တယ်
ဆိုတဲ့ ရှုထောင့် ၄-ခုက (၁) ဖြစ်ရာဋ္ဌာနဆိုတဲ့ မှီရာဝတ္ထုရုပ်လည်း တူရမယ်၊ (၂) အာရုံလည်း
တူရမယ်၊ (၃) တစ်ပြိုင်နက် ဖြစ်ရမယ်၊ (၄) တစ်ပြိုက်နက် ချုပ်ရမယ်၊ ဟောဒီ ၄-ခုတူမှ တစ်ခုတည်းလို့
ပြောရမယ်၊ တစ်ခုက တစ်နေရာကပေါ်တယ်, အာရုံကလည်း တစ်နေရာဆီကို သွားနေတယ်ဆိုရင် မဟုတ်ဘူး၊
တစ်ခုတည်းလို့ ပြောလို့မရဘူး။
ဆိုပါစို့ - စက္ခုဝိညာဏ်စိတ်ဖြစ်လာရင်
သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု ဆိုတာ အတူဖြစ်တယ်၊ စက္ခုဝိညာဏ်နဲ့ သဗ္ဗစိတ္တသာဓရဏစေတသိက် ၇-ခုတို့ဟာ
မှီရာဝတ္ထုရုပ်လည်းတူတယ်၊ အာရုံလည်းတူတယ်၊ ဖြစ်တဲ့အချိန်ပိုင်းလည်းတူတယ်၊ ပျက်တဲ့အချိန်ပိုင်းလည်း
တူတယ် ဆိုတော့ as one တစ်ခုတည်းလို ဖြစ်နေတာ၊ ကွဲပြားခြားနားမှုမရှိဘူး၊ လူတွေရဲ့ စိတ်ထဲမှာ
တစ်ခုတည်းလို့ပဲ မြင်တော့တာ၊ တကယ်တော့ တစ်ခုတည်းမဟုတ်ဘူး၊ ၈-ခု၊ စိတ်ကလေးက ၁-, စေတသိက်က-၇၊
ပေါင်း ၈-ခု၊ unity of eight ရှစ်ခုကို တစ်ခုဖွဲ့စည်းထားတာ၊
ခုနက
ပြောသလို ဖြစ်လာတဲ့နေရာမှာ ရှစ်ခုကိုတစ်ခုဖွဲ့စည်းထားတာ၊ ခုနက ပြောသလို ဖြစ်လာတဲ့နေရာကလည်း အတူတူပဲ၊ ပျော်မွေ့တဲ့နေရာကလည်း အတူတူပဲ၊ ဖြစ်တဲ့အချန်ပိုင်းကလည်း
အတူတူပဲ၊ ပျက်တဲ့အချန်ပိုင်းကလည်း အတူတူပဲ။ တစ်ခုကဲ့သို့ ဖြစ်သွားတာ၊ အဲဒါကို
association ခေါ်တယ်၊ သမ္ပယုတ္တပစ္စယော ဆိုတာ
အဲဒီပုံစံနဲ့နေတာကိုပြောတာ။
စိတ်အကြောင်းကို လေ့လာတော့မယ်ဆိုရင်
ဝတ္ထုရုပ် ၆-ပါး ကို သိရမယ်၊ အဲဒီ ဝတ္ထုရုပ်ကို ခန္ဓာကိုယ်ထဲမှာ ရှာကြည့်လိုက်မယ်ဆိုရင်
စက္ခုပသာဒရုပ်လို့ ခေါ်တဲ့ စက္ခုဝတ္ထု၊ သောတပသာဒ ရုပ်လို့ခေါ်တဲ့ သောတဝတ္ထု၊ ဃနပသာဒရုပ်လို့ခေါ်တဲ့
ဃနဝတ္ထု၊ ဇိဝှါပသာဒရုပ်လို့ ခေါ်တဲ့ ဇိဝှါဝတ္ထု၊ ကာယပသာဒရုပ်လို့ ခေါ်တဲ့ ကာယဝတ္ထု၊ ကျန်တဲ့စိတ်တွေရဲ့
မှီရာ ဟဒယဝတ္ထုလို့ ဝတ္ထုရုပ် ၆-ပါးရှိတယ်၊ အဲဒီ
ဝတ္ထုရုပ် ၆-ပါးမှာ အာရုံတွေ လာပြီးပေါ်လာတာဟာ စိတ်ဖြစ်ခြင်းရဲ့ အကြောင်းပဲ။
အဲဒါကို ဗုံ ၆-လုံးလို သဘောထားကြည့်မယ်ဆိုရင်
ဗုံ ၆-လုံးကို တုတ်လေး ၆-ချောင်းနဲ့ တီးရင် အသံထွက်လာတယ် သူ့ဟာသူ ဒီအတိုင်းထားလို့ရှိရင်
အသံထွက်ပါ့မလား၊ မထွက်ဘူး၊ အခု သာသာတီးရင် အသံတိုးတိုးထွက်မယ်, ပြင်းပြင်းတီးရင် အသံကျယ်ကျယ်
ထွက်မယ်၊ ဗုံနဲ့တုတ်နဲ့ ထိမှပဲ အသံထွက်တယ်၊ စိတ်ဆိုတာ ဒီလိုပဲ၊ အာရုံနဲ့ဝတ္ထုဆုံဆည်းသည့်အတွက်ကြောင့်
စိတ်ကလေး ဖြစ်လာရတယ်။
ဥပမာ - လျှပ်စစ်မီးစလင်းဖို့
generator တစ်ခု မောင်းထားမယ် ဆိုရင် generator က လည်ပတ်နေတဲ့ နှုန်းတွေနဲ့ ထိနေလို့
မီးလေးလင်းနေတာ မဟုတ်လား၊ အဲဒီ ထိမှု ရပ်တာနဲ့တစ်ပြိုင်နက် အမှောင်ဖြစ်သွားမှာ၊ အဲဒီလို
အဆက်မပြတ် ထုတ်လုပ်နေလို့ လူတွေရဲ့ စိတ်ဟာမှာ တစ်ခုတည်းလို တည်မြဲနေတဲ့ အရာကြီးကို
အမြဲရှိနေတဲ့တရားလို့ ထင်ရတာ၊ စိတ်ကို လည်ပတ်နေတဲ့ နှုန်းနဲ့ ထုတ်နေရတာ မဟုတ်လား၊ ရပ်နေတာ
မဟုတ်ဘူး၊ ပြေးနေတာ၊ ထုတ်နေတဲ့ အကြောင်းတရားက ပြေးနေသလို၊ အကျိုးတရား ကလည်း ပြေးလိုက်နေတာ၊
ပေါ်နေတာ။
အဲဒီမှာ ဝတ္ထုရုပ် ၆-ပါးမှာ - စက္ခုဝတ္ထုဆိုတာ
စက္ခုပသာဒရုပ်၊ သောတဝတ္ထုဆိုတာ သောတပသာဒရုပ်၊ ဃာတဝတ္ထုဆိုတာ ဃာနပသာဒရုပ်၊ ဇိဝှါဝတ္ထုဆိုတာ
ဇိဝှါပသာဒရုပ်၊ ခန္ဓာကိုယ်မှာ ဘယ်အရာထိထိ သိတဲ့နေရာမှာ ကာယပသာဒရုပ်၊ ကျန်တဲ့စိတ်ရဲ့
တည်ရာဟာ ဟဒယဝတ္ထုရုပ်။
ဟဒယဝတ္ထုရုပ် အကြောင်းကို ဘုန်းကြီးတို့ အဘိဓမ္မာမြတ်ဒေသနာ အပိုင်း -၁ ရုပ်အကြောင်းကို
လေ့လာသုံးသပ်ခြင်း အပိုင်မှာ ပြောပြီးဖြစ်တယ်၊ ဟဒယဝတ္ထုဆိုတာ အခြားစိတ်တွေက မှီပြီး
ဖြစ်နေတဲ့နေရာ၊ ဝမ်းသာ ဝမ်းနည်းတယ်ဆိုတာ နှလုံးသားမှာ ထင်ရှားတယ်၊ စဉ်းစားတွေးခေါ်တယ်ဆိုရင်
ဦးနှောက်မှာ ထင်ရှားတယ်၊ အကြောင်းအကျိုးအနေနဲ့ တစ်နေရာ ဆက်စပ်ပြီး ဖြစ်တယ် လို့ မှတ်ရမယ်။
မြတ်စွာဘုရားကိုယ်တိုင်ကလည်း နှလုံးသားကို
ရည်ညွှန်းပြီး ပြောခဲ့တာ မဟုတ်ဘူး၊ တချို့အဘိဓမ္မာတရာတွေကလည်း ဟဒယဝတ္ထုဆိုတာ heart
organ ကိုပြောတာ မဟုတ်ဘူး၊ စိတ်ရဲ့ မှီရာဝတ္ထုလို့ ဆိုလိုတာလို့ ရေးကြတယ်၊ သို့သော်
အဘိဓမ္မာကျမ်းဂန် တော်တော်များများဟာ ဟဒယဝတ္ထုသည် နှလုံးသားထဲမှာရှိတယ်၊ နှလုံးသားထဲမှာရှိတဲ့
လည်ပတ်နေတဲ့ သွေးထဲမှာ ရှိတယ်လို ပြောတဲ့သဘောပဲ၊ နှလုံးသားထဲ သွေးရောက်တဲ့အချိန်မျာ
စိတ်ရဲ့ တည်ရာမှီရာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်။
အဲဒီတော့ ထား၊ အဲဒီဝတ္ထုရုပ် ၆-ပါးကို
မှီပြီး၊ စိတ်လေးတွေပေါ်တယ်၊ စည်ကို အမှီပြုပြီး စည်သံပေါ်တယ်။ စောင်းအိုးနဲ့ စောင်းကြိုးကိုအမှီပြုပြီး
စောင်းသံပေါ်တယ်၊ မီးခြစ်ဘူးကို အမှီပြုပြီး
မီးတောက်ပေါ်လာတယ်၊ အဲဒီသဘောပဲ။
သို့သော် ဟောဒီဝတ္ထုရုပ် ၆-ပါးရှိရုံနဲ့
စိတ်ဟာ ပေါ်ပြီလားဆိုတော့ မပေါ်သေးဘူး၊ စည်ရှိနေရုံနဲ့ အသံထွက်ပြီလား၊ မထွက်သေးဘူး၊ စည်တီးတဲ့
တုတ်ကလေး လာရဦးမယ်၊ စည်တီးတဲ့ တုန်ဆိုတာ အခု ဒီမှာကျတော့ အာရုံ ၆-ပါးလို့ ပြောမယ်။
အာရုံ ၆-ပါး
အာရုံဆိုတဲ့ စကားက ပါဠိသက်ဝေါဟာရပေါ့၊
ပါဠိက ‘အာရမ္မဏ’၊
‘အာ’
ဆိုတာ လာရောက်ပြီး, ‘ရမ္မဏ’ ပျော်မွေ့တယ် ဆိုတဲ့ အဓိပ္ပါယ်၊ ပျော်မွေ့နေကြတယ်၊
အာရုံရှိရာကို သွားပြီး ပျော်မွေ့နေတယ် သို့သော်လည်း ဒါက တင်စားပြီးပြောတဲ့ စကားလုံးမျိုးတွေ
metaphorical term လို့ခေါ်တယ်၊ အရပ်ထဲမှာလည်း ဒီလိုပဲ ပြောတာပဲ၊ တကယ်တော့ စိတ်က အာရုံဘက်ကို
ထွက်သွားပြီး ပျော်မွေ့နေတာ မဟုတ်ဘူး၊ စိတ်က အာရုံကို တွေးနေတာာ ပျော်နေတာပဲ၊ ကောင်းတဲ့
အာရုံပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့အာရုံပဲ ဖြစ်ဖြစ် အာရုံဆီ စိတ်ရောက်နေတာကို ပြောတာ။
ဆိုပါစို့ - လူတစ်ယောက်ဟာ တစ်ခုခုကို
မြင်ပြီးရင် စိတ်က အဲဒီမြင်ထားတဲ့အာရုံဆီ ရောက်မနေဘူးလား၊ အသံလေးတစ်သံကြားလိုက်လို့ရှိရင်
ကြားလိုက်တဲ့အသံပေါ် အတွေးတွေ ရောက်မနေဘူးလား၊ အဲဒါကို “အာဂန္တာ
ရမတိ ဇတ္ထာတိ အာရမ္မဏံ”
စိတ်ကလေးလာရောက်ပြီး ပျော်မွေ့စရာ၊ လာရောက်ပြီး ကျက်စားစရာ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖွင့်ဆိုတာ။
တကယ် စိတ်က ထွက်သွားပြီး အာရုံဆီ
သွားနေတာတော့ မဟုတ်ဘူးပေါ့၊ သို့သော် စိတ်နဲ့ အာရုံက တွေ့မနေဘူးလား၊ မျက်စိနဲ့ အဆင်းအာရုံလေး
ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ကလေးက ပေါ်လာတယ်၊ အဲဒီစိတ်ကလေး ဘယ်သူနဲ့ အလုပ်လုပ်နေလဲဆို
မျက်စိနဲ့ အလုပ်လုပ်နေတာ မဟုတ်ဘူး၊ မျက်စိပေါ်မှာ ထင်လာတဲ့ အာရုံနဲ့အလုပ်လုပ်တာ၊ အဲဒါကြောင့်
သူ့ကို “အာဂန္တာ ရမတိ ဇတ”္တ လို့ပြောတာ၊ အာရုံပေါ်မှာ သွားပျော်တာ၊
မျက်စိပေါ်မှာ ပျော်တာ မဟုတ်ဘူး။
နားက အသံလေးကြားလို့ရှိရင်လည်း
အသံပေါ်မှာ သွားပျော်တာလား? နားပေါ်မှာ သွားပျော်တာလား? အသံပေါ်မှာ သွားပျော်တာ၊ နှာခေါင်းက
အနံ့လေး ရလို့ရှိရင်လည်း နှာခေါင်းပေါ်မှာ သွားပျော်တာလား? အနံ့ပေါ်မှာ သွားပျော်တာ၊
အာရုံပေါ်မှာ သွားပျော်နေတယ်ဆိုတာ မထင်ရှားဘူးလား၊ လျှာက အရသာနဲ့ တွေ့ထိလို့ရှိရင် အရသာပေါ်မှာ
စိတ်ကလေးက သွားတယ်-ခါးရင် ခါးတယ်, ချိုရင် ချိုတယ် စသည်ဖြင့် အရသာပေါ်မှာ သွားပျော်တာ၊
လူကို
လာထိုလို့ရှိရင် အေးရင် အေးတယ်, ပူရင် ပူတယ်, အတွေ့အထိကောင်းရင် ကောင်းတယ်, မကောင်းရင်
မကောင်းဘူး, နုရင် နုတယ်၊ အာရုံပေါ်မှာ သွားပျော်တာ၊ စိတ်ကူးလိုက်ပြီ ဆိုရင်လည်း အဲဒါတွေကို
အခြေခံပြီးတော့ ကူးထားတဲ့ စိတ်ကူးတွေပဲ၊ စိတ်ဟာ စိတ်ထဲမှာပေါ်လာတဲ့ အာရုံတွေမှာပဲ သွားပျော်နေတာ
မဟုတ်လား။
ဒါကြောင့် အာရမ္မဏဆိုတဲ့ စကားလုံးဟာ
‘အာ’ လာရောက်ပြီး, ‘ရမ္မဏ’ ပျော်မွေ့စရာ၊ ဘယ်သူတွေလာပြီး ပျော်နေတာတုန်းဆို စိတ်တွေလာပြီး
ပျော်နေတာ၊ ‘အာရမ္မဏ’
‘အာရုံ’ ဆိုတာ စိတ်ရဲ့ပျော်မွေ့ရာလို့ အဓိပ္ပါယ်ရတယ်။
နောက်တစ်ခုက ‘အာလမ္ဗဏ’ ဆိုတဲ့ စကားလုံးနဲ့ ရေးတာလည်း ရှိသေးတယ်၊ အဲဒါကျတော့ ‘ရ’
မဟုတ်ဘူး ‘လ’ နဲ့၊ အသုံးတော့ နည်းပါတယ်၊ ‘အာလမ္ဗဏ’ - ဆိုတာ ဆွဲကိုင်စရာ၊ အာရမ္မဏ ပစ္စယော
ကိုဖွင့်တဲ့အခါကျတော့ စိတ်ကလေးက သူ့ဟာသူ မဖြစ်နိုင်ဘူး၊
အာရုံလေးတစ်ခုနဲ့ တွေ့တဲ့အခါ အာရုံလေးကို မှီပြီးတော့ စိတ်အတွေးတွေပေါ်တာ ဖြစ်သောကြောင့်
အားမရှိတဲ့လူသည် ကြိုးတန်းလေးကိုင်ပြီး လမ်းလျှောက်ရသလို စိတ်ကလေးဟာလည်းပဲ အဲဒီအာရုံပေါ်မှာ
မှီပြီးတော့ လမ်းလျှောက်တယ်လို့ဆိုတဲ့ အဓိပ္ပါယ်နဲ့ “အာလမ္ဗဏ” လို့ သုံးတယ်၊ ဘာပဲဖြစ်ဖြစ် စိတ်ကလေးရဲ့ ဆွဲကိုင်မှီတွယ်ရာလို့
အဓိပ္ပါယ်ပြောလို့ရတယ်။
ကိုယ့်စိတ်ကလေးကို ဆင်ခြင်သုံးသပ်ကြည့်ပေါ့၊
စိတ်ကလေးက ပေါ်လာလို့ရှိရင် မျက်စိကမြင်ရင် အဆင်းအာရုံပေါ်မှာသွားပြီး ပျော်နေတာလား?
အဲဒီအပေါ်မှာ စိတ်ကလေးက မှီနေတာလား? နားက အသံကြားရင် ကြားတဲ့အသံပေါ်မှာ ပျော်နေတာလား?၊
သေချာစဉ်းစားကြည်လိုက်လို့ရှိရင် သဘာဝတရားဟာ မြင်သာ ထင်သာရှိတယ်။ အဲဒီလို စဉ်းစားတာကို
contemplation အနုပဿနာလို့ ခေါ်တယ်၊ အသိဉာဉ်နဲ့ ဆင်ခြင်စဉ်းစားတာ။ လက်တွေ့နဲ့ ဆင်ခြင်စဉ်းစားလိုက်လို့ရှိရင်
ထင်ထင်ရှားရှား သိလာမယ်နော်၊ ဒါကို applied လုပ်တယ် ခေါ်တာပေါ့။
** ဆက်လက်၍ ဝတ္ထုနဲ့အာရုံဆုံခြင်းကို တင်ပြပါမည်။
No comments:
Post a Comment