@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday, 20 July 2014

"စင်ကြယ်မှုအဆင့်ဆင့် "


စိတ်ကလေးအေးအေး၊ နှလုံးအေးအေးထားနိုင်မှ
တစ်စတစ်စ ပူပန်မှုတွေ ငြိမ်းပြီးတော့ စင်ကြယ် မြင့်မြတ်တဲ့ဆီ ရောက်သွားရမယ်။
စင်ကြယ်ရမှာက ဘာတွေလဲ။
♦ ကိုယ်လည်းစင်ကြယ်ရမယ်။
♦ နှုတ်လည်းစင်ကြယ်ရမယ်။
♦ စိတ်လည်း စင်ကြယ်ရမယ်။
♦ အသိအမြင်လည်း စင်ကြယ်ရမယ်။
ကိုယ်နှုတ် စင်ကြယ်တာ သီလပဲ။
သီလ၀ိသုဒ္ဓိ။
သီလ၀ိသုဒ္ဓိဖြစ်မှ စိတ်မှာ နီဝရဏတွေ ကင်းစင်လို့ စိတ်စင်ကြယ်မှု စိတ္တ၀ိသုဒ္ဓိဖြစ်မယ်။
စိတ္တ၀ိသုဒ္ဓိဖြစ်မှ အသိအမြင် စင်ကြယ်မှု ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သွားမယ်။
အသိအမြင်စင်ကြယ်ချင်ရင် စိတ်စင်ကြယ်ရမယ်။
စိတ်စင်ကြယ်ချင်ရင်လည်း ကာယကံ၊ ၀စီကံ စင်ကြယ်ရတယ်။
♦ သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်၊ စိတ္တ၀ိသုဒ္ဓိဖြစ်မှ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်မယ်။
စိတ်ပိုင်းဆိုင်ရာ၊ ပညာပိုင်းဆိုင်ရာ ၀ိသုဒ္ဓိတွေ အယူအဆတွေ စင်ကြယ်သွားမယ်။
အသိအမြင်တွေ စင်ကြယ်သွားမယ်။

ဘုရားဖူးရင်း ငိုရသည်


သို့သော် ကြည်နူးရသည့်အခါထက် စိတ်ထိခိုက်ရသည့်အခါက ပိုများပါသည်။ တစ်ခုသော တစ်ထောင်ဘုရားများကို ဖူးမျှော်ကြည့်ရာ ဘုရားရုပ်ပွားဟူ၍ပင် မသိနိုင်တော့။ ဘာရုပ်တွေပါလိမ့်ဟု တွေးတောယူရသည်အထိ ပုံတွေကပျက်စီးနေသည်။ အမိုးအကာ မပါသဖြင့် မိုးရွာတော့စို၊ နေပူတော့ခြောက်နှင့် ရုပ်ပွားများမှာ မဲခြောက်ပြီး ပျက်စီးနေသည်။


ဘုရားတည်ဖို့အတွက် အလှူရှင်ရှာရန် လွယ်ကူသော်လည်း ပြုစုစောင့်ရှောက်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ အလှူရှင်ရှာရန်ကား မလွယ်ကူပေ။ ထို့ကြောင့် တစ်ထောင်ရုပ်ပွါးများကို တောထဲတွင် ဒီအတိုင်း ပစ်ထားရာ မြက်ပင်များ၊ ချုံပုတ်များက ရုပ်ပွားများကို ဖုံးလွှမ်းနေပေသည်။ တစ်ထောင်ရုပ်ပွားများ ခန္တီပါရမီကို ဖြည့်ဆည်းရင်း ချုံပုတ်တွေအောက်တွင် စံနေကြရရှာသည်။ နောက်ငါးနှစ်ခန့်ကြာလျှင် ထိုရုပ်ပွားများ အားလုံးပျက်စီးပြီး မြေကြီးဖြစ်ရပေတော့မည်။ ရဟန်းမို့ မျက်ရည်မကျသော်လည်း နှလုံးသားထဲမှာကား ငိုမိနေပါပြီ။

တစ်ဆူကိုငါးသိန်း၊ အဆူတစ်ရာဆိုလျှင် သိန်းငါးရာ၊ အဆူတစ်ထောင်ဆိုလျှင် သိန်းငါးထောင် ဗုဒ္ဓဘာသာတို့၏ ချွေးနည်းစာ သိန်းငါးထောင်သည် ချုံပုတ်များ၊ မြက်ပင်များအောက်မှာပင် ကုန်ဆုံးခဲ့ရပြီ။ ရွှေဘိုမြို့သို့ တရားဟောကြွစဉ်က မိဘမဲ့ပရဟိတကျောင်း တစ်ကျောင်းသို့ သွားရောက်လှူဒါန်းခဲ့သည်။ ထိုကျောင်းကို တည်ထောင်ဖွင့်လှစ်သူမှာ စာရေးဆရာကြီး ဦးသန်းထွန်း(ရွှေဘို)ပင်ဖြစ်သည်။ ဆရာကြီး၏ ပရဟိတကျောင်းကြီးမှာ ကျယ်ဝန်းသော်လည်း ကလေးငယ်(၃၀)သာ ရှိသည်။ သုံးရာခန့် လက်ခံနိုင်အောင် ကျယ်ဝန်းလျက် အဘယ်ကြောင့် သုံးဆယ်သာ လက်ခံရသနည်းဟု မေးမြန်းကြည့်ရာ ဆရာကြီးက -

“လက်ခံချင်တာပေါ့ဘုရား၊ ကျွေးစရာမရှိလို့ ဒီလောက်ပဲ လက်ခံရတာပါ။ ဆရာတော်သိတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာအများစုဟာ အခုလို လူမူရေးကိစ္စတွေမှာ လှူဒါန်းရကောင်းမှန်း သိပ်ပြီး မသိကြသေးဘူးဘုရား။ တောင်ပေါ်ဒေသက မိဘမဲ့တိုင်းရင်းသားကလေးတွေ အများကြီးလာအပ်ကြတယ်။ တပည့်တော်တို့ကျောင်းက ကျွေးစရာမရှိတော့ လက်မခံနိုင်ဘူး”

“ဘာသာခြား ပရိဟတကျောင်းတေဓွကတော့ ဘယ်နှစ်ယောက်လာလာ ကျွေးနိုင်တယ်။ ဒီတော့ တပည့်တော်တို့ဗုဒ္ဒဘာသာ တိုင်းရင်းသား ကလေးတွေဟာ တခြားဘာသာခြားတွေပဲ ဖြစ်ကုန်တော့တာပေါ့။ ဘာသာခြားသူဋ္ဌေးတွေက သူတို့ဘာသာအတွက် တကယ်ကျေးဇူးများမယ့်နေရာကို ရွေးလှူတတ်ကြတယ်ဘုရား။ တပည့်တော်တို့ ဗုဒ္ဓဘာသာသူဌေးအများစုကတော့ ကျေးဇူးများမယ့်နေရာကို ရွေးလှူတတ်တဲ့အလေ့အထ သိပ်မရှိကြသေးဘူးဘုရား”

ချုံပုတ်ထဲ၊ မြက်ထဲတွင် အလကားဖြစ်သွားမည့် သိန်းပေါင်း ငါးထောင်ထဲမှ သိန်းပေါင်းငါးရာလောက်ကို ထုကဲ့သို့သော ဓဗုဒ္ဓဘာသာ ပရဟိတကျောင်းများသို့ လှူဒါန်းကြမည်ဆိုလျှင် တိုင်းရင်းသား ရင်သွေးငယ်များ ဘာသာခြားဘ၀သို့ ရောက်လိမ့်မည်မဟုတ်ပေ။ ဒါန၊ သီလ၊ ဘာဝနာသုံးပါးလုံးသည် ဗုဒ္ဓချမှတ်ခဲ့သော ၀ိမုတ္တိလမ်းစဉ်များဖြစ်သည်။ ၀ိမုတ္တိ - လွတ်မြောက်ခြင်းဟူသည် ခန္ဓာမှ လွတ်မြောက်ခြင်းပင်ဖြစ်၏။

ခန္ဓာဟူသည် အကျိုးတရားဖြစ်၏။ လောဘ၊ ဒေါသ၊ မောဟ စသော အကြောင်းတရားများကြောင့် ဤခန္ဓာသည် ဖြစ်ပေါ်လာရခြင်းဖြစ်၏။ အကျိုးတရားကို မလိုချင်လျှင် အကြောင်းတရားကို အရင်သတ်ရ၏။ ထိုတွင် ဒါနကုသိုလ်သည် လောဘဦးစီးသော ကိလေသာများကို ပါးအောင်၊ နည်းအောင် ပြုလုပ်နိုင်စွမ်းရှိ၏။

သီလကုသိုလ်သည် ဒေါသဦးစီးသော ကိလေသာများကိုပါးအောင် နည်းအောင် ပြုလုပ်နိုင်စွမ်းရှိ၏။ ဘာဝနာသည် မောဟ ဦးဆောင်သော ကိလေသာများကို ပါးအောင်နည်းအောင် ပြုလုပ်နိုင်စွမ်းရှိ၏။ ထိုကဲ့သို့သော အသိတရားများကို ဓမ္မများက ပေးနိုင်စွမ်းရှိ၏။ ရာဇဂြိုလ်မှ မဟာဓနသူဌေးကြီးသည် သူ့သားအား ထိုဓမ္မအမွေပေးရန် သတိမရခဲ့ပေ။ ဘုရားရှင်ထံတွင် တစ်ကြိမ်ခန့်တရားနာရုံနှင့် ထိုအသိများကို အပြည့်အ၀ရနိုင်၏။ သူတို့မြို့တွင် ဘုရားရှင်သည် ညစဉ်တရားဟောနေ၏။ သို့သော် သူ့သားအားတစ်ကြိမ်မျှ တရားနာရန်မတိုက်တွန်းခဲ့။

ထို့ကြောင့်လည်း ယခုလိုဇရပ်ပေါ်တွင် သူတောင်းစားဘ၀နှင့် ရောက်လာရခြင်းဖြစ်သည်။ သာဝတ္ထိမြို့မှ အနာထပိဏ် သူဌေးကြီးကား သားသမီးအားလုံးကိုသာမက ကာမေသုကံကို လက်ရဲဇက်ရဲ ကျူးလွန်နေသော တူတစ်ယောက်ကိုပင် ဓမ္မအမွေရအောင်ပေးပြီး နိဗ္ဗာန်အရောက်ပို့ခဲ့သည်။

အနာထပိဏ်တွင် သားသမီးလေးယောက်ရှိ၏။ သမီးအကြီးနှစ်ယောက်သည် သောတာပန်။ အငယ်ဆုံးသမီးလေး သုမနကား သကဒါဂါမ်၊ သားဆိုးသားမိုက် အရက်သမားမောင်ကာဠကိုပင် ငွေတစ်ထောင်ပေးပြီး ဘုရားရှင်၏ တရားကိုနာယူစေခြင်းဖြင့် သောတာပန်တည်စေခဲ့သည်။ ယခုလည်း ခေမအမည်ရှိ သူ၏တူတစ်ယောက်သည် သူတပါး၏မယားများ၊ သမီးပျိုများနှင့် ဖောက်ပြားလျက် ရှိသည်။ ခေမ၏ရှေးဆုတောင်းကြောင့် အမျိုးသမီးများသည် သူ့ကိုမြင်ရလျှင် ဣနြေ္ဒပျက်လောက်အောင် ငမ်းငမ်းတက်ဖြစ်ကြ၏။

သူတစ်ပါးလင်မယားနှင့် ညအခါ သွားရောက်ပျော်ပါးလေ့ရှိသည်။ မင်းချင်းတို့က ဖမ်းမိသောအခါ မင်းကြီးထံပို့သကြ၏။ ကောသလမင်းကြီးသည် အနာထပိဏ်သူဌေးကြီး၏ မျက်နှာကိုထောက်ပြီး အပြစ်မဘေးဘဲ ပြန်လွှတ်လိုက်၏။ လွှတ်ပြီး မကြာမီမှာပင် သူတစ်ပါးမယားနှင့် ပျော်ပါးပြန်ရာ ထပ်မိသဖြင့် ဘုရင့်ထံထပ်ရောက်ပြန်၏။ မင်းကြီးကလည်း အနာထပိဏ်ကို အားနာသဖြင့် ပြန်လွှတ်ပေး၏။ နောက်ဆုံးတွင် သူဌေးကြီးသည် တူဖြစ်သူကို သူကိုယ်တိုင် ဘုရားရှင်ထံခေါ်သွားပြီး တရားနာစေသည်။ မြတ်စွာဘုရားသည် ဖော်ပြပါ အဓိပ္ပာယ်ရှိသော နှစ်ဂါထာကို ဟောကြားတော်မူသည်။

 မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
(ဘုရားဖူးရင်း ငိုရသည် ) by Mettashin (မေတ္တာရှင်(ရွှေပြည်သာ))

"နတ်တွေမှာသော စကားသုံးခွန်း"



သဒ္ဓါရဲ့ တန်ဖိုးကို လူတွေထက် နတ်တွေက ပိုသိတယ်။ ဘာဖြစ်လို့  ပိုသိသလဲဆိုတော့ လူတွေက စီးပွားဥစ္စာကို ကြိုးစားပြီးရှာကြတယ်၊ ကိုယ့်ရဲ့ လုံ.လ၀ီရိယကြောင့် စီးပွားဥစ္စာတွေ တိုးတက်ကြတယ်ဆိုတော့ ကံ ကံရဲ့ အကျိုးကို သိပ်ပြီးမယုံကြည်ဘူး၊ သဒ္ဓါရဲ့ စွမ်းအားကို သိပ်ပြီးမသိကြဘူး၊ နတ်တွေကျတော့ ကံ ကံရဲ့ အကျိုးကို သိပ်ပြီးယုံကြည်တယ်။ ဘာဖြစ်လို.လဲဆိုတော့ သူတို့ မှာက လုပ်ကိုင်ပြီး စားရတဲ့ဘ၀မှ မဟုတ်တာ၊ ကံ ကံရဲ့ အကျိုးကြောင့် ရလာတဲ့ဘ၀သာဖြစ်တယ်။ အရာရာဟာ ကံပေါ်မှာ မူတည်နေတယ်၊ ကံမရှိရင် ဘာမှ မရပါဘူး။ လူ.ပြည်မှာလို အရောင်းအ၀ယ်လုပ်လို့ မရဘူး၊ နတ်ပြည်မှာ ရွှေဆိုင်တွေ ဖွင့်လို့ ရတာ မဟုတ်ဘူး။ အဲဒီတော့ ကံပေးတာလေးပဲ သူတို့ တတွေ ရကြတာနော်။

နတ်တွေက လူတွေနဲ့ မတူဘူး၊ ဖြစ်ပေါ်လာတဲ့ဘ၀တစ်ခုမှာ သူတို့  နတ်သက်တမ်းတစ်လျှောက်လုံး ၀တ်ထားတဲ့အ၀တ်လည်း ဘယ်တော့မှ ဖွတ်ရတယ်မရှိဘူး၊ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ်မရှိဘူး၊ အို ပူလို့ အိုက်လို့  ချွေးထွက်တာလည်း မရှိဘူး၊ အမြဲတမ်း သန့် ရှင်း သန့် ပြန့် နေတယ်။ သဘာဝကိုက သန့် ပြန့် နေတယ်။ သို့ သော် နတ်တွေဟာ ကံကုန်တော့မယ်ဆိုရင် ၀တ်ထားတဲ့ အ၀တ်တွေ နွမ်းလာတယ်၊ ပန်ထားတဲ့ပန်းတွေ ညှိုးလာတယ်၊ ခန္ဓာကိုယ်ဟာလည်း စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲခြောက်ခြောက် ဖြစ်လာတယ်၊ ချိုင်းကြားကနေ ချွေးတွေဘာတွေ ထွက်လာတယ်၊ ဒါက သူတို.သေခါနီးပြီဆိုတဲ့ sign ပြတာလို့ ခေါ်တယ်။ အဲဒီလို အခြေအနေတွေပေါ်လာတဲ့ နတ်တွေကို မိတ်ဆွေနတ်က နန္ဒ၀န်ဥယျာဉ်ထဲကို ဆွဲခေါ်သွားကြတယ်၊ ဆွဲခေါ်သွားပြီးတော့ စကား(၃)ခွန်းပြောဆိုမှာကြားကြတယ်။ "အေး ဘာမှမစိုးရိမ်ပါနဲ.၊ ဒီဘ၀ကသေသွားလို့ ရှိရင် အကောင်းဆုံးဘုံကို ရောက်အောင်သွားပါ၊ အကောင်းဆုံးဘုံကို ရောက်တဲ့အခါကျတော့ အကောင်းဆုံလက်ဆောင်ကို ရအောင်ယူလာပါ၊ ရထားတဲ့ လာဘ်လာဘကို ခိုင်မာအောင် ကြိုးစားပါ" ဆိုတဲ့ စကား (၃) ခွန်းကို ပြောလိုက်ကြတယ်။

ကံစီမံခြင်း မခံရလေအောင်



ကံစီမံခြင်း မခံရလေအောင်
ကြားဖူးတာလေး တစ်ခုက… သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်နေရင် စီးပွားတွေ တက်နေပြီး မကောင်းမှန်းသိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင် စီးပွားတွေ ကျပါသတဲ့။
အဲဒါ ဘာကြောင့်ပါလဲ၊ ကံက စီမံနေလို့ပါပဲ..။
ချမ်းသာတာဟာ အတိတ်က ကောင်းမှုကြောင့်ဆိုရင် ပစ္စုပ္ပန်မကောင်းမှုက အတိတ်ကောင်းမှုကို ထောက်ပံ့လို့ ချမ်းသာတာလား။ မဟုတ်ပါဘူး။ နှိပ်စက်လို့ ချမ်းသာတာပါ။ ဘယ်လိုနှိပ်စက်လဲဆိုရင် ကောင်းမှုအကျိုးတွေ မြန်မြန်ကုန်သွားအောင် နှိပ်စက်တာပါ။ ဒါမှ မကောင်းမှုအသစ်ရဲ့ အကျိုးတွေ မြန်မြန်ဝင်နိုင်ပါမယ်။ (ပျားရည်သုတ်ထားတဲ့ ဓားသွားကို လျှက်နေသလို ပျားရည်က ပါးပါးလေးရယ်ပါ။ အဲဒါကို အဟုတ်ထင်ပြီး ဆက်လျှက်နေရင် လျှာပြတ်ဖို့ပဲရှိပါတယ်။) (အကျိုးမပေးသေးခင်တော့ မကောင်းမှုကို ပျားသကာလို ထင်ကြတယ်လို့ ဓမ္မပဒထဲမှာ ဥပ္ပလဝဏ္ဏာထေရီကို ဖျက်ဆီးတဲ့ နန္ဒလုလင်နဲ့ ပက်သတ်ပြီး မြတ်စွာဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။)
ဒါဆို ကောင်းတာလုပ်ပြီး ဆင်းရဲတာကရော။ ပစ္စုပ္ပန်ကောင်းမှုက ချမ်းသာကို နှိပ်စက်လို့ ဆင်းရဲတာလား။ မဟုတ်ပါဘူး။ ထောက်ပံ့တာပါ။ ဆင်းရဲတွေကုန်သွားပြီး ချမ်းသာမှု မြန်မြန်ရောက်အောင် ထောက်ပံ့တာပါ။ (အစွမ်းထက်တဲ့ ဆေးခါးကြီး သောက်ရသလိုပါပဲ။

မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာ (၃၂) ပါး




မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ယောက်ျားမြတ်တို့၏ လက္ခဏာ (၃၂) ပါးဖော်ပြသည့် လက္ခဏသုတ်ကို ဟောကြားတော်မူပါသည်။ ဤသို့ ယောက်ျားမြတ်တို့၏ လက္ခဏာနှင့်ပြည့်စုံသော ယောက်ျားသည် လူ့ဘောင်၌နေခဲ့သော် စကြ၀တေးမင်း၊ ရဟန်းပြုခဲ့သော် ဘုရားဖြစ်မည်ဟူသော အလားအလာနှစ်ပါးမှတစ်ပါး အခြားအလားအလာမရှိဟု မိန့်တော်မူပါသည်။ ဤလက္ခဏာများရရှိခြင်းသည် ရှေးကာလ၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်အခါက ကောင်းမှုကုသိုလ်ကံများကို ပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ လက္ခဏာ (၃၂) ပါး ကို ဖော်ပြရာ၌ ဤသို့ရရှိသည့်အကြောင်းဖြစ်သော ကုသိုလ်ကံတို့ကို ယှဉ်တွဲဖော်ပြအပ်ပါသည်။
(၁) အညီအညွတ် ကောင်းစွာထိသော ခြေဖ၀ါးရှိခြင်း။ ရှေးဘ၀တို့တွင် ကုသိုလ်တရားကို မြဲမြံစွာဆောက်တည်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်ဆောက်တည်ခြင်း၊ မိဘဆရာ သက်ကြီးဝါကြီး ရဟန်းတော်များအား ရိုသေသမှု ပြုဖွယ်ဝတ်တို့ကို ပြုခြင်းတို့ကြောင့် ရရှိခြင်းဖြစ်ပါသည်။
(၂) အောက်ခြေဖ၀ါးပြင်တို့၌ စက်ဝန်းများဖြစ်ပေါ်လာခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ် လူအများ၏ချမ်းသာကိုဆောင်ခြင်း၊ ထိတ်လန့်တုန်လှုပ်ဖွယ် ဘေးတို့ကိုပယ်ဖျောက်ပေးခြင်း၊ တရားနှင့်လျော်စွာစောင့်ရှောက်မှု၊ ကာကွယ်မှု၊ လုံခြုံစေမှုတို့ကို စီရင်ပေးခြင်း၊ အခြံအရံနှင့်တကွသော အလှူပေးခြင်း စသော ကုသိုလ်ကံများကို ပြုလုပ်ခဲ့သည့် အကျိုးကျေးဇူးကြောင့် ရရှိသည်။
(၃-၅) ရှည်သောဖနောင့်၊ ရှည်သွယ်သောလက်ချောင်းနှင့်ခြေချောင်းများ၊ ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သောကိုယ် ရှိခြင်း။ ရှေးဘ၀ လူဖြစ်စဉ်အခါများက အသက်သတ်ခြင်းမှရှောင်ကြဉ်ခြင်း၊ မကောင်းမှုမှရှက်တတ်ခြင်း၊ သနားခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွားကို လိုလားခြင်း၊ စသော ကုသိုလ်ကံကောင်းမှုတို့ကြောင့် ရရှိသည်။
(၆) လက်နှစ်ဖက်၊ ဖြေနှစ်ဖက်၊ ပခုံးစွန်းနှစ်ဖက်၊ လည်ကုပ်တို့၌ ဖြိုးမောက်သောအသားရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဥင်္အခါက မွန်မြတ်သော၊ အရသာရှိသော စားဖွယ်သောက်ဖွယ်တို့ကို ပေးလှူခြင်း စသော ကုသိုလ်ကံကောင်းမှုကြောင့် ရရှိသည်။
(၇-၈) နူးညံ့နုနယ်သော ခြေဖ၀ါး၊ လက်ဖ၀ါး၊ ကွန်ရက်ပမာညီညာသော လက်ခြေ စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ဖွယ်သောစကားကိုဆိုခြင်း၊ အကျိုးစီးပွားကိုကျင့်ဆောင်ခြင်း၊ မိမိနှင့်တန်းတူရည်တူဆက်ဆံခြင်းတို့၏ အကျိုးကျေးဇူးကြောင့် ဤလက္ခဏာတော်တို့ကို ရရှိသည်။
(၉-၁၀) မြင့်သောဖမျက်နှင့် အထက်သို့ကော့တက်သောမွေးညင်းတို့ ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က အကျိုးရှိ၍ ကုသိုလ်တရားနှင့် စပ်ဆက်သောစကားကိုဟောလျက် လူအများ၏အကျိုးစီးပွားကို ပြခဲ့ခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွားချမ်းသာကို ဆောင်ကြဉ်းပေးခြင်း၊ ၀န်တိုမှုကင်းမဲ့ခြင်း၊ တရားအလှူကိုပေးလှူခြင်းတို့ကြောင့် ဤလက္ခဏာနှစ်ပါးကို ရရှိသည်။
(၁၁) ဧဏီသားကောင်ကဲ့သို့ ပြေပြစ်သောသလုံးမြင်းခေါင်းရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ၀ိဇ္ဗာ၊ သိပ္ပံပညာများကိုလည်းကောင်း၊ အကျင့်သီလနှင့် ကမဿကတာပညာကိုလည်းကောင်း လျင်မြန်စွာသိမြင်အောင် ဟောပြောပို့ချပေးခဲ့ခြင်း စသည့်ကုသိုလ်ကံတို့ကြောင့်ရရှိသည်။
(၁၂) ချောမွေ့သောအသားအရေရှိခြင်း၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ရဟန်း၊ ပုဏ္ဏားတို့ထံချဉ်းကပ်၍ အဘယ်တရားကုသိုလ်မည်၍ ဘယ်တရားသည် အကုသိုလ်မည်ပါသနည်း၊ ဘယ်တရားကိုမှီဝဲ၍ ဘယ်တရားကို မမှီဝဲသင့်ပါသနည်းဟု အဖန်ဖန်မေးမြန်းခဲ့သည့်ကံကြောင့် ရရှိသည်။
(၁၃) ရွှေအဆင်းနှင့်တူသော အသားအရေရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ ရန်ငြိုးထားခြင်းများကို မပြုခဲ့၊ သိမ်မွေ့သောအ၀တ်အထည်များကို ပေးလှူခြင်း စသည့်ကံတို့ကြောင့် ရရှိခြင်းဖြစ်သည်။
(၁၄) အအိမ်ဖြင့်ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြာမြင့်စွာပျောက်ကွယ်နေသော၊ ကြာမြင့်စွာကွဲကွာနေသော ဆွေမျိုးမိတ်ဆွေတို့ကို ပေါင်းဆုံညီညွတ်စေပြီး ၀မ်းမြောက်စေမှုကြောင့် ရရှိသည်။
(၁၅-၁၆) အလုံးနှင့်အရပ် ညီညွတ်လျက် ပညောင်ပင်ကဲ့သို့ လုံးဝန်းသောကိုယ်နှင့် မကိုင်းမညွတ်ဘဲရပ်လျက်ပင် နှစ်ဖက်သောလက်ဝါး အပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်ဆုပ်နယ်နိုင်ခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ဤသူသည် ဤအလှူကိုခံထိုက်၏ဟူ၍ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကို ခွဲခြားသိမြင်ပြီး ထိုက်တန်လျောက်ပတ်စွာ ပေးလှူတတ်ခြင်းကြောင့် ရရှိသည်။
(၁၇-၁၉) ခြင်္သေ့၏ကိုယ်အရှေ့ပိုင်းနှင့်တူသော ကိုယ်၊ လက်ပြင်နှစ်ဖက်ကြား၌ တစ်ပြင်တည်းညီလျက် ပြည့်ဖြိုးသောအသားနှင့် ညီညွာစွာလုံးသော လည်ပင်းလည်တိုင် စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က လူအများ၏ယုံကြည်မှု (သဒ္ဓါ)၊ အကျင့်(သီလ)၊ စာပေသင်ကြားမှု (သုတ)၊ စွန့်ကြဲလှူဒါန်းမှု (စာဂ) စသော တရားများနှင့်တကွ ပစ္စည်းဥစ္စာ ချမ်းသာ စည်းစိမ်တိုးပွားအောင်မြင်ခြင်းကို လိုလားတောင့်တမှုတို့ကြောင့် ဤလက္ခာတို့ကို ရရှိသည်။
(၂၀) အရသာကိုဆောင်သော အလွန်ကောင်းမြတ်သောအကြောရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က လက်၊ တုတ်၊ ဓား လက်နက်တို့ဖြင့် သတ္တ၀ါတို့ကို ညှင်းဆဲနှိပ်စက်ခြင်းမပြုခဲ့သော ကုသိုလ်ကံကြောင့် ရရှိသည်။
(၂၁-၂၂) အလွန်ညိုသောမျက်လုံးနှင့် နွားငယ်မျက်တောင်နှင့် တူသောမျက်တောင် စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က သူတပါးကို အမျက်ထွက်သဖြင့် မျက်လုံးပြူး၍ကြည့်ခြင်း၊ မျက်စောင်းထိုး၍ကြည့်ခြင်း၊ လျှို့ဝှက်စွာကြည့်ခြင်းများကို မပြုခဲ့၊ ရိုးဖြောင့်သော စိတ်ရှိသည်ဖြစ်၍ ရိုးဖြောင့်စွာသာကြည့်ရှုခဲ့ခြင်း၊ မေတ္တာဓာတ်ကိန်းသောမျက်စိဖြင့်သာ လူအများကိုကြည့်ရှုခဲ့ခြင်း စသည်တို့ကြောင့် ရရှိသည်။
(၂၃) သင်းကျစ်တပ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကာယသုစရိုက်၊ ၀စီသုစရိုက်၊ မနောသုစရိုက် စသည်တို့ကို ပြုကျင့်ခြင်း၊ လှူဒါန်းခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ အမိအဖတို့ကို ချစ်ခင်မြတ်နိုးခြင်း၊ ရဟန်းပုဏ္ဏားတို့ကို ကြည်ညိုလေးစားခြင်း၊ အသက်ကြီးသောဆွေမျိုးတို့ကို ရိုသေခြင်း စသောကုသိုလ်တရားတို့၌ လူအများ၏အကြီးအမှူး ရှေ့သွားခေါင်းဆောင်ဖြစ်ခဲ့ခြင်း စသည့်ကံတို့ကြောင့် ရရှိသည်။
(၂၄-၂၅) တစ်ပင်ချင်းပေါက်သော မွေးညင်းနှင့် မျက်မှောင်နှစ်ဖက်ကြား၌ နူးညံ့၍လဲဝါဂွမ်းနှင့်တူသော၊ ဖြူစင်သော ဥဏ္ဏလုံမွေးရှင် စသည်တို့ ပေါက်ခြင်း၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်က မုသားပြောခြင်းမှရှောင်ကြဉ်၍ မှန်သောစကား၊ စွဲမြဲတည်တံ့သောစကားကိုသာ ပြောတတ်ခြင်း၊ တစ်ဖက်သားအား လိမ်လည်လှည့်စားခြင်းကို ပြုလေ့မရှိခြင်း၊ စသောကံတို့ကြောင့် ရရှိသည်။
(၂၆-၂၇) သွားတော် ၄၀ နှင့် မကျဲသောသွားတို့ ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကုန်းချောစကားပြောခြင်းကို ရှောင်ကြဉ်၍ ကွဲပြားနေသူတို့ကို ညီညွတ်အောင်စေ့စပ်ပေးခြင်း၊ ညီညွတ်နေသူတို့ကိုလည်း ပို၍ညီညွတ်အောင် အားပေးခြင်းများ ပြုခဲ့သည့်ကံတို့ကြောင့် ရရှိသည်။
(၂၈-၂၉) ကြီးမားရှည်လျားနူးညံ့သော လျှာနှင့် ဗြဟ္မာ့အသံ၊ ကရ၀ိက်ငှက်အသံနှင့်တူသော အသံတို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြမ်းတမ်းသောစကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ အပြစ်ကင်းသော၊ နားချမ်းသာသော၊ ယဉ်ကျေးသိမ်မွေ့၍ လူအများနှစ်လိုဖွယ်စကားတို့ကိုသာ ပြောဆိုခဲ့ခြင်း စသည်ကံတို့ကြောင့် ရရှိသည်။
(၃၀) ခြင်္သေ့မေးနှင့်တူသောမေးရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပြိန်ဖျင်းသောစကားကိုပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊ မှန်ကန်၍ အကျိုးစီးပွားနှင့် စပ်သောစကားကိုသာ အခါအခွင့်အားလျော်စွာ ပြောဆိုခြင်းတို့ကြောင့် ရရှိသည်။
(၃၁-၃၂) ညီညာသောသွားနှင့် အလွန်ဖြူစင်သော စွယ်တော်လေးချောင်းတို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က မကောင်းသောအသက်မွေးခြင်းကို ပယ်၍ ကောင်းသောအသက်မွေးခြင်းဖြင့် အသက်မွေးခြင်း၊ အသပြာတုပြု၊ အချိန်အတွယ်အတိုင်းအတာ တို့ကို ကောက်ကျစ်စဉ်းလဲစွာ ချိန်တွယ်တိုင်းတာခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ သတ်ဖြတ်နှောင်ဖွဲ့ခြင်း၊ ခရီးသွားတို့ကို လုယက်ခြင်း၊ ပြည်ရွာကို ဖျက်ဆီးခြင်း၊ အနိုင်အထက်နှိပ်စက်ခြင်းတို့မှ ရှောင်ကြဉ်ခြင်းတို့ကြောင့် ရရှိသည်။
မြတ်စွာဘုရား ပါရမီဖြည့်သည့် (လူ့)ဘ၀အဆက်ဆက်တို့တွင် အကျင့်သီလနှင့် ပြည့်စုံစွာကျင့်ကြံနေထိုင်ခြင်း၊ ကုသိုလ်ကောင်းမှု အလှူဒါန များစွာပြုလုပ်ခြင်း၊ လူအများအပေါ် ကြင်နာထောက်ထားစွာ ဆက်ဆံပြောဆို ကူညီဆောင်ရွက်ပေးခြင်း စသည့် ကောင်းသောကံများ ပြုလုပ်ခဲ့သည့် အကျိုးကြောင့် ယခု ဘုရားဖြစ်မည့်ဘ၀တွင် ယောက်ျားမြတ်တို့၏ မဟာပုရိသလက္ခဏာ ၃၂ ပါးကို ရရှိခြင်းဖြစ်ကြောင့် သိရှိနိုင်စေရန် ဤလက္ခဏသုတ်ကို ဟောရခြင်းဖြစ်သည်။

 မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာ (၃၂) ပါး by အညတရ

Filed under: ဒီဃနိကာယ, Suttanta Pitaka

ဆင်းတုရှိခိုးတာ အကျိုးရှိသလား



ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။
မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။
ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။
ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?
ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။
ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။
ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့
သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။
သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။
ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ
အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို
ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်
စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဘုရားရှင်ရဲ့ ဉာဏ်တော်(၁၀)ပါး‏




စာရေးသူတို့ ကျောင်းမှာ ညစဉ်ရှိခိုးကြတဲ့ ဘုရားရှင်ရဲ့ ဉာဏ်တော်(၁၀)ပါး ဘုရားရှိခိုးပါ။
ဒသဗလဉာဏေန- အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏
(၁)အကြောင်းဟုတ်သည် မဟုတ်သည်ကို သိမြင်တော်မူသော ဌာနာဌာနကောသလ္လဉာဏ်တော်၊
(၂) ကံ၏အမျိုး ကံ၏အကျိုးကို အမျိုးမျိုးပင် သိမြင်တော်မူသော ကမ္မ၀ိပါကကောသလ္လဉာဏ်တော်၊
(၃) ထိုထိုဂတိ အဂတိသို့ ရောက်ဘိအကြောင်း ကျင့်လမ်းကြောင်းကို ကောင်းစွာထင်ထင် သိမြင်တော်မူသော အနေကဓာတု နာနာဓာတု ဉာဏ်တော်၊
(၄) ဓာတ်အများနှင့် ဓာတ်အများတွင် ထူးခြားအင်ကို သိမြင်တော်မူသော အနေကဓာတု နာနာဓာတုဉာဏ်တော်၊
(၅) သတ္တ၀ါတို့၏ လွန်ကဲစွဲပိုက် စိတ်အကြိုက်ကို စိုက်စိုက်ထင်ထင် သိမြင်တော်မူသော နာနာဝိမုတ္တိကတာဉာဏ်တော်၊
(၆) သတ္တ၀ါတို့၏ ဣနြေ္ဒငါးဆင့် နုအရင့်ကို ထောက်ချင့်ကာလျှင် သိမြင်တော်မူသော ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော်၊
(၇) ဈာန်သမာပတ် တရားမြတ်၏ ညစ်ကြောင်း ဖြူကြောင်း ထနိုင်ကြောင်းကို ကောင်းစွာထင်ထင် သိမြင်တော်မူသော ဈာနသံကိလေသာဒိဉာဏ်တော်၊

“ ဆင်းရဲခြင်း၏ အတိတ်အကြောင်း(၃)ပါး ”




ဗုဒ္ဓဒေသနာများ၏ ညွှန်ပြချက်အရ ဆင်းရဲမွဲတေခြင်း၏ အတိတ်အကြောင်းသုံးပါးကို တွေ့ရှိရသည်။

ယင်းတို့မှာ . . .

(၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

(၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည်
လှည့်ဖြားခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

(၃) ဣဿာမစ္ဆရိယ များခဲ့သောကြောင့်
ဆင်းရဲမွဲတေခြင်း တို့ ဖြစ်ပေသည်။

ထိုသုံးမျိုးတွင် ...

(၁) ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေရသူများသည်
လုံလ၀ီရိယဖြင့် ရှာဖွေခဲ့လျှင် စားနိုင်သောက်နိုင်
ဘ၀သို့ ရောက်သေးသည်။သနားတတ်သော သူတစ်ပါး၏
အကူအညီကိုလည်း အနည်းငယ်ရ နိုင်သေးသည်။

(၂) သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြား
ခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

အနိစ္စေ ဒုက္ခသညာ



 

မိမိရဲ့ စိတ်ကလေးကို မိမိနူးညံ့သွားအောင် ပျော့ပျောင်းသွားအောင် ဆိုဆုံးမနေ
တဲ့ လုပ်ငန်းခွင်တွေ ဖြစ်ပါတယ်။ အနိစ္စသညာကို ကြိမ်ဖန်များစွာ လေ့လာပြီးတဲ့
အခါ အနိစ္စဖြစ်တဲ့ ဒီခန္ဓာငါးပါးအပေါ်မှာ အနိစ္စသညာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်း
သိမြင်ပြီးတဲ့အခါ ဒီအနိစ္စဖြစ်နေတဲ့ ခန္ဓာငါးပါးတို့ရဲ့ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့်
လည်းကောင်း, ပျက်ခြင်းဒဏ်ချက်ဖြင့်လည်းကောင်း အမြဲမပြတ် အညှဉ်းဆဲအနှိပ်
စက်ခံနေရသည့်အတွက် ဒုက္ခဖြစ်ပုံအခြင်းအရာကို ၀ိပဿနာဥာဏ်ဖြင့် မြင်အောင်
ကြည့်ကာ ဒုက္ခသညာကို ဆက်ပြီးပွားရတယ်။ ပွားလိုက်တဲ့အချိန်အခါမှာ ဘာဖြစ်
လာသလဲ? မိမိကိုအသေသတ်ဖို့ရန် သန်လျက်ကို မြှောက်ချီကာမိုးထားတဲ့ လူ
သတ်သမားအပေါ်မှာ ကြောက်ရွံ့ထိတ်လန့်နေတဲ့ အမှတ်သညာသည် ရှေးရှုတည်
လာသလိုပဲဒီခန္ဓာငါးပါးတို့အပေါ်၌ ကြောက်ရွံ့နေတဲ့ အမှတ်သညာ = ဘယသညာ
သည် ရှေးရှုတည်လာမယ်။ ဒီလို ခန္ဓာငါးပါးအပေါ်မှာ ကြောက်ရွံ့နေတဲ့အမှတ်သ
ညာက ဘာလုပ်မလဲ? ဘာဝနာကို ပွားများအားထုတ်ဖို့ရန်အတွက် ပျင်းရိနေတဲ့
ဒီစိတ်ဓာတ်ကိုလည်း တိုက်ဖျက်ပေးမယ်။ ]တပည့်တော်လည်း ကြိုးစားပါဦး
မယ်ဘုရား}ဆိုပြီး အိမ်ပြန်ပြန်သွားတတ်တဲ့ စိတ်ထားမျိုးကို ဖယ်ရှားပေးနိုင်တယ်။
နောက်တစ်ခု - ကောသဇ္ဇေ = ပေါ့ဆတယ်။ တွန့်ဆုတ်နေတယ်။ ဘာဝနာလုပ်
ငန်းခွင်ကို လေးလေးနက်နက် အားမထုတ်ဘူး။ ပေါ့ပေါ့ဆဆလေး အားထုတ်
တယ်။ တွန့်ဆုတ်တွန့်ဆုတ်နဲ့ စိတ်မပါ့တပါ အားထုတ်နေတယ်။ ဒီလို စိတ်ထား
တွေကိုလည်း ဒီဒုက္ခသညာက တိုက်ဖျက်ပေးမယ်။

"ပြည့်တန်ဆာမနှင့်ဝိပဿနာ"




လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ကျော်လောက်က တကယ့်ဖြစ်ခဲ့တဲ့ ဇာတ်လေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။
ကာလအနေနဲ့ပြောရင် မြတ်စွာဘုရားပွင့်တော်မူနေတဲ့ ကာလပါ။ ပြည်က ဝေသာလီပြည်မှာပါ။
အဲဒီကာလ အဲဒီဝေသာလီပြည်မှာပဲ "မ၀ိမလာ" လို့ အမည်ရတဲ့ အမျိုးသမီးလေးတစ်ယောက်
ရှိခဲ့ဖူးပါတယ်။ ၀ိမလာရဲ့အဓိပ္ပာယ်က အညစ်အကြေး ကင်းစင်သူ၊ သန့်ရှင်းစင်ကြယ်သူပါ။
ဒါက တင်စားထားတဲ့ ရုဠီ နာမည်ပါ။ တကယ့်အရှိ အနွတ္ထအမည် မဟုတ်ပါဘူး။
ဝိမလာဟာ ဝေသာလီပြည်မှာ အလှဆုံးစာရင်းဝင် တစ်ယောက်ပါ။
သူ့ရဲ့ ထူးခြားချက်ကတော့ အမေဖြစ်သူက ပြည့်တန်ဆာမတစ်ယောက်ဖြစ်တဲ့အတွက် သူလည်း အရွယ်ရောက်လာတဲ့အခါ မိခင်ရဲ့
အလုပ်ကို ဆက်လုပ်ရပါတယ်။

အနာဂတ်သာသနာရေး အပိုင်း(၁၃၃) ဘုန်းကြီးပျံ, သတိပြုဖွယ်တွေ


ဘုန်းကြီးပျံ
ရွာဦး ရွာထိပ်၌  ကြည်ညို ကိုးကွယ်ထားသော ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တ်ာမူရာဝယ် ရပ်သူ ရွာသားတို့ လွမ်းဆွတ်မှု ပြေပျောက်အောင် သူ့ထက်ငါ အားကျ၍ နောက်ဆုံးပူဇော်ကြခြင်းကို အပြစ်မဆိုလိုပါ၊ သို့ရာဝယ် အသည်းအသန် မမာတုန်းက ပျံလွန်မည့်ပုဂ္ဂိုလ် စိတ်ကျေနပ်အောင် ဆရာကောင်း ဆေးကောင်း ဓာတ်စာကောင်းတို့ဖြင့် မကုသ, မပြုစုကြဘဲ ပျံလွန်ခါမှ ရာပေါင်း ထောင်ပေါင်း သောင်းပေါင်းများစွာ အကုန် အကျခံ၍ ပူဇော်ခြင်း၌ အကျိုးရှာမရသည့်အပြင် ၀မ်းနည်းဖွယ်ကို သာ မြင်နေရပါတော့သည်။
          ထင်ရှားစေပါဦးမည်…ဤစာကို ရေးရာနှစ်ကို ထောက်၍ လွန်ခဲ့သော ကိုးနှစ်လောက်က နာမည်ကျော် ဆရာတော်ကြီးတစ်ပါး အတော် စိုးရိမ်ရလောက်အောင် မကျန်းမမာ ဖြစ်၏၊  ဟိုက သည်က ဆေးအတွက် လှူကြသည်မှာ (၄၀)ကျော်တန်မျှသာ ရှိ၏၊ သို့ရာဝယ် ကံကောင်းလှ၍ ပျံတော်မမူသေးပါ၊ အကယ်၍ ပျံတော်မူပါလျှင် ထိုဒကာ ဒကာမ တပည့်တပန်းတို့ လေးရာမက လေးထောင်ကျော် အောင် အကုန်အကျခံ၍ ဘုန်းကြီးပျံပွဲ ဆင်နွှဲကြပေလိမ့်မည်။

အနာဂတ်သာသနာရေး အပိုင်း(၁၃၂) ရှင်လောင်းကို စိစစ်ပါ


ရှင်လောင်းကို စိစစ်ပါ
ရှင်သာမဏေပြုလုပ်မည့် အလောင်းအလျာကို “ရှင်လောင်း”ဟု ခေါ်၏၊  ထိုရှင်လောင်းဆိုသူတို့တွင် တချို့သည် စကားမျှ မပီသေး၊ တချို့ ကား အတော်အတန် ကြီးပါသော်လည်း ရှင်သာမဏေများ ကျင့်ရမည့် ကျင့်ဝတ်ကို နားမလည်၊ တချို့ရှင်ကလေးများမှာ မဏ္ဍပ် အတွင်း၌ သင်္ကန်းချည်၍ မဏ္ဍပ်က ထွက်လျှင် ထွက်ချင်း လူဝတ် လဲရတော့၏၊ မလဲလို့လည်း မဖြစ်ကြတော့, ရှင်သာမဏေပြုရာ၌ ““ဗုဒ္ဓံ  သရဏံ  ဂစ္ဆာမိ””  စသော  သရဏဂုံပါဠိ  ဆရာဘုန်းကြီးနှင့် ရှင်လောင်း နှစ်ဦးလုံးပင် ပီပီသသ (ဌာန် ကရိုဏ်းကျကျ) ရွတ်ဆို တတ်မှ ရှင်သာမဏေအစစ် ဖြစ်သည်ဟု ကျမ်းစာ၌ ဆိုထား၏၊ ယခုခေတ် မြန်မာလူမျိုးတို့ကား အင်မတန် ကြိုးစားမှ စာလာပေလာ အတိုင်း ပီနိုင်၏၊ ထိုသို့ မပီစေကာမူ ရှင်သာမဏေဟု ၀န်ခံ၍ ဆိုင်ရာကျင့်ဝတ်များကို ကျင့်တတ်လျှင် အပြစ်ကင်းဖွယ် ကုသိုလ် ရဖွယ် ရှိပါသေး၏၊ ယခုသော် များသောအားဖြင့် ရှင်ကျင့်ဝတ်ကို နားလည်သူများ နည်းပါး, ကျင့်သူက သာ၍ ရှားတော့၏၊ ဤကိစ္စကို တိုင်းသူပြည်သားတို့ နားလည်အောင် စီမံပြီးလျှင် မူလတန်းပညာ လောက်ကို (အနည်းငယ်) သင်ပြီး၍ ကောင်းစွာနေထိုင်တတ်မှသာ ရှင်သာမဏေပြုစေသင့်ကြပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၃၁) သားရှင်ပြု လှူဒါန်းကြပုံ


သားရှင်ပြု လှူဒါန်းကြပုံ
ဘုန်းကြီးဝါဒမှာ “နေ့စဉ်စိတ်ကောင်း ထား၍ နေ့စဉ် ဒါန၀တ်နှင့်ကိုယ်ကျင့် သီလ ကောင်းခြင်းကိုသာ အရာရာဝယ် သာယာအေးမြလျက် နောက်ဘ၀၌ မုချဂတိကောင်းကြောင်း အလုပ်ဖြစ်၏”ဟု ယူဆပါသည်၊ တစ်ရံတစ်ခါ ပကာသနများစွာဖြင့် ဒါနအကြီးအကျယ်ပြုမှုများကို အနှစ်အသားဟု မမှတ်ထင်သည့်အပြင် လူအများ၏ ကိုယ်ကျင့် ပျက်ကြောင်း, ရဟန်းတော်များ အလုပ် ပျက်ကြောင်း ဟုသာ ထင်ပါသည်။
          ရှင်းပြဦးအံ့… သားရှင်ပြုကိစ္စ၌ ဂုဏ်အသရေရှိ လူကြီး လူကောင်းတို့ကား ထိုကဲ့သို့သော အစာကို စားနေကျ ဖြစ်၏၊ သူက ဖိတ်လို့သာ အားနာ၍ (မသွားမကောင်းသဖြင့်) သွားရသည်၊ အိမ်မှာ အလုပ်ကိစ္စ တန်းလန်းနှင့် မအားကြ၊ ကျွေးမွေးရာ၌ ကုန်သောငွေလည်း မနည်းလှ၊ စားရသူတို့ကလည်း အားနာပါးနာ နှင့် မလွှဲသာ၍ လာကြရာဝယ် အဘယ်မှာ ကုသိုလ်ထုပ်ကြီး ရနိုင်ပါ မည်နည်း၊ ထိုအပေါ်မှာ ဂုဏ်ဖော်ချင်သော စိတ်ကောက်ကလေးက (ပကာသန, အကုသိုလ် လောဘစိတ်ကလေးက) ပါလိုက်ချေ သေး၏။

Tuesday, 15 July 2014

ပဌာန်း ဒေသနာတော် မှ သိမှတ်ဖွယ်ရာများ

ပဋ္ဌာန်းကို ပြောမယ်ဆိုရင် အဘိဓမ္မာ (၇)ကျမ်းလုံးကိုလဲ နည်းနည်းစိစစ်ရမယ် ၊ သတ္တ သတ္တာယ (၇) ခုကိုလဲ နည်းနည်းတော့ ရေးဥိးမှ ကောင်းမယ် ။
ပဋ္ဌာန်းကို စပြီးဆင်ခြင်တဲ့ သမိုင်းလေးရယ် ၊ ဆက်နွယ်နေတဲ့ ဖြစ်စဉ်လေးတွေရယ် ပါ သိရတော့ ပိုကောင်းပါမယ်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် -
(က) ပလ္လင်္ကသတ္တာဟ ။ ။ ဘုရားဖြစ်တဲ့ နေရာ (ပလ္လင်)ထက်မှာပဲ ကဆုန်လပြည့်ကျော် ( ၁ ) ရက်နေ့မှ (၇) ရက်နေ့အထိ မလှုပ်မရှား ဆက်ပြီး သီတင်းသုံးတော်မူပါတယ် ။ ပထမနေ့ ၊ နေ့အခါမှာ ဖလသမာပတ် ၀င်စားပြီး နေပါတယ် ။ညအခါမှာ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ ၊ ပဋိလုံ သုံးသပ်ဆင်ခြင်တော်မူပါတယ်။ ” ယဒါဟဝေ …” စသော ဥဒါန်း(၃) ဂါထာကို အသံမထွက်ဘဲ စိတ်ထဲမှ ကျူးရင့်တော်မူပါတယ်။ (သတ္တာဟ-၇-ရက် )
(ခ) အနိမိသ သတ္တာဟ။ ။ ဗောဓိပင်ရဲ.အနီး အရှေ.မြောက် ယွန်းယွန်း ၁၄-လံအကွာ နေရာမှာ ကဆုန်လပြည့်ကျော် (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ ၇-ရက် ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ” ငါသည် ပါရမီများဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ် (၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ တကား ” ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတ ပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံးကြည့်ရှုဝမ်း မြောက်နေတော်မူသည် ။[ အ = မ ၊ နိမိသ = မျက်စိမှိတ်သည် , အနိမိသ = မျက်စိမမှိတ်ဘဲ ]

Saturday, 12 July 2014

အနာဂတ်သာသနာရေး အပိုင်း(၁၃၀) ကထိန်ခင်း ပြုပြင်ရေး



ကထိန်ခင်း
ဝါဆိုလပြည့်ကျော် (၁)ရက်နေ့၌ ၀ါကပ်၍… (၀ါ မပျက်စေဘဲ) သီတင်းကျွတ်လပြည့်နေ့၌ ပ၀ါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ သင်္ကန်းတစ်ထည် ဖြစ်စေ, အများဖြစ်စေ “ဣမံ စီဝရံ သံဃဿ ဒေမိ-ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏”ဟု လျှောက်ထား၍ လှူရ၏၊ ထိုသင်္ကန်းကို သင်္ကန်းမရှိသော ရဟန်းအား ပေး၍ ထိုရဟန်းက (၀ိနည်းထုံးစံအရ) ကထိန်ခင်းရ၏၊ သံဃာအားလုံး သင်္ကန်းပြည့်စုံ ကြလျှင် အကြီးဆုံး မထေရ်အား ပေး၍ ထိုမထေရ်ကြီးက ကထိန် ခင်းရ၏၊ ထိုကထိန်ကို ၀မ်းမြောက်ကျေနပ်ပါကြောင်းပြောသော ရဟန်းများလည်း ကထိန်ခင်းသော ရဟန်းနှင့် အလားတူရသင့်သော အမျိုးများကို ရကြ၏၊ ရသင့်သော အကျိုးများကို စာလာအတိုင်း သိလိုသူတို့ စာတော်သော ဆရာသမားထံ မေးကြပါလေ။
ယခုခေတ်ကထိန်
အစပထမ၌  ““ကထိန်အလှူ”” ဟူသည် …သင်္ကန်းအလှူပင်ဖြစ်၏၊ နောက်မှ သင်္ကန်း၏ အခြံအရံအဖြစ်ဖြင့် အခြားလှူဖွယ်တွေ ပါလာ၏၊ ထိုအခြား လှူဖွယ်များတွင် ကျောင်း၌ မရှိမဖြစ်သော ပစ္စည်းမျိုးဆိုလျှင် သင့်တော်ပါသေး၏၊ ယခုသော် ပဒေသာပင် သီး၍ လှပအောင် တိုလီမိုလီကလေးတွေ များလှ၏၊ ပဒေသာတစ်ပင်လျှင် (၅၀)တန် တစ်ရာတန် စသည်ဖြင့် ဂုဏ်ယူကြ၏၊ ကျောင်းရောက်သော်ကား အသုံးမကျလှ၊ လူတွေမှာလည်း အကုန်မနည်းချေ၊ ဒီအထဲမှာ ပွဲတွေ ကိုလည်း ထည့်လိုက်ရသေး၏။

အနာဂတ်သာသနာရေး အပိုင်း(၁၂၉) သိမ်သမုတ်, ရဟန်းခံ


သိမ်သမုတ်
“သီမာ” ဟူသော  ပါဠိသည်  “အပိုင်းအခြား -နယ်နိမိတ် သတ်မှတ်ထားသော အရပ်” ဟု အဓိပ္ပာယ်ထွက်၏၊ “ရဟန်းများ ကံကြီးကံငယ် ပြုဖို့ရာ နယ်နိမိတ် သတ်မှတ်ထားသောအရပ်”ဟု သံဃာအများက အသိအမှတ်ပြုခြင်းကို “သိမ်သမုတ်”ဟု ခေါ်၏၊ ထို့ကြောင့် အစိုးရက နေရာတစ်ခုကို လူဝတ်ကြောင်တစ်ယောက်အား ဥပဒေနှင့်အညီ “သီးခြားရွာ”ဟု ပေးလိုက်လျှင်လည်း သိမ်သမုတ်ခြင်းကိစ္စ ပြီးတော့၏။
          သိမ်သမုတ်ရာ၌ အလွန်များစွာ ငွေကုန်ခံမည့်အစား ထိုနေရာ၌ မိုးလုံလေလုံရှိအောင် ကျောင်းဆောက်လိုက်ခြင်းသာ သာ၍ အကျိုး ရဖွယ် ရှိ၏၊ သို့ရာတွင် သိမ်သမုတ်ရာ၌ ပိဋကတတ်ကျွမ်းသော ဆရာတော်များ ပါဖို့ အရေးကြီး၏၊ နားမလည်သူများချည်းသာ သမုတ်လျှင်ကား အောင်မြင်ဖို့ မလွယ်ကူချေ။

အနာဂတ်သာသနာရေး အပိုင်း(၁၂၈) စာသင်တိုက်ကျောင်းဆောက်မှု



စာသင်တိုက်ကျောင်းဆောက်မှု
ကျောင်းဆောက်မှု၌ စဉ်းစားထိုက်သော အချက်တွေများလှ၏၊ စာသင်တိုက်ဟူသမျှ အသစ်တည်ရတော့မည်ဖြစ်လျှင် ကံကြီး ကံငယ် ပြုဖို့ရန် သိမ်လည်း ဖြစ်နိုင်, စာချကျောင်းလည်း ဖြစ်နိုင်, ဘုရားဆင်းတုတော် သီတင်းသုံး၍ ဘုရားဝတ်ပြုကြဖို့ရာ ဘုရား ကျောင်းလည်း ဖြစ်နိုင်, ကာလအားလျော်စွာ စည်းဝေးဟောပြော ဖို့ရာ ဓမ္မာရုံလည်း ဖြစ်နိုင်သော အလယ်ကျောင်းကြီးတစ်ကျောင်း (မြို့ရွာဒေသလိုက်၍) ခပ်ကောင်းကောင်း ဖြစ်ရန်လိုပေသည်၊ ထို ကျောင်းကြီးကို ပစ္စည်းတတ်နိုင်သူ တစ်ဦးတစ်ယောက်က မတည်၍ မြို့ရွာက ၀ိုင်းဝန်းကြပြီးလျှင် တစ်မြို့လုံးနှင့်ဆိုင်သော ကျောင်း ဖြစ်မှသာ ရပ်သူ ရွာသားတို့ သာ၍ ညီညွတ်ဖွယ်ရှိသည်။
          ထို့နောက် သံဃာအများ နေထိုင်ဖို့ရာ (စာချဘုန်းကြီးများနှင့် စာသင်သားများအတွက်) နှစ်ပါးနေ သုံးပါးနေ မိုးလုံ လေလုံ ခပ်ကြမ်းကြမ်း ကျောင်းကလေးတွေနှင့် ဆွမ်းစားကျောင်းကို လည်းကောင်း, သံဃာအလွန်များလျှင် စာချဖို့နေရာများကိုလည်းကောင်း အစီအစဉ်ကျကျနှင့် သပ်သပ်ရပ်ရပ် တည်ဆောက်သင့်ကြပေသည်၊ အနီးအပါး ကျောင်းဟောင်း ကျောင်းပျက် ဇရပ်ပျက်များကိုလည်း “၀ိနည်းတော်နှင့် မဆန့်ကျင်သော ကျောင်း ဇရပ်”ဟု စိတ်ချရလျှင် ရွှေ့ပြောင်း ဆောက်သင့်၏၊ နဂိုက ၀ိနည်းတော်နှင့် အပ်စပ်ပုံမရသော ကျောင်းများကို မူလစပ်ဆိုင်သော ဆွေမျိုးများက သူတို့ပိုင် ပစ္စည်းဟု သဘောထား၍ သယ်ယူရွှေ့ပြောင်း လှူလျှင် အပ်တော့သည်သာ၊ ထိုသို့ ကျောင်းဆောက်ပြီးနောက် စားရေးသောက်တာ အတွက်ကိုမူ ဂေါပကအဖွဲ့နှင့် ရပ်ရွာမြို့နယ်ကို အားထားရပေ လိမ့်မည်။ [ဤနေရာ၌ ဆိုင်ရာကျောင်းတိုက်များ၏ စည်းကမ်း ဥပဒေကိုလည်း သီးခြား ရေးသင့်၏။]

Wednesday, 9 July 2014

အနာဂတ်သာသနာရေး အပိုင်း(၁၂၇) ရွာကြီးတို့၌ စာသင်တိုက်ရှိကျိုး



ရွာကြီးတို့၌ စာသင်တိုက်ရှိကျိုး
မိမိတို့ရွာကြီးမှာ (သို့မဟုတ်) ရွာ၏အနီးမှာ စာသင်တိုက်ရှိလျှင် ဆယ့်သုံးလေးနှစ်သား အရွယ် မူလတန်းအောင်ပြီး၍ ဆယ့်ငါးနှစ် သားအရွယ်မှာ စာသင်တိုက်၌ စာသင်နိုင်၏၊ ဥတု မြေ ရေ တူမျှသောကြောင့် ကျန်းမာရေး၌လည်း မစိုးရိမ်ရ၊ အကယ်၍ မကျန်းမာလျှင် ချက်ချင်း ဆရာ မိဘ ရောက်လာနိုင်၏၊ ရပ်ရွာ နယ်ပယ် တစ်နယ်လုံးမှ စာသင်တိုက် တစ်တိုက်သာ ရှိသဖြင့် စားရေး သောက်တာ ပြည့်စုံနိုင်ရကား ငွေမပါဘဲ စာသင်နိုင်၏၊ သို့ဖြစ်လျှင် ငွေနှင့်စပ်သော အပြစ်အရပ်ရပ် ကင်း၍ သန့်ရှင်းလေပြီ၊ “မည်သူ့ သား မည်သည့် ဆရာ့တပည့်” ဟု အချင်းချင်း သိကြပြီးဖြစ်၍ ဟော့ရမ်း သော့သွမ်းမှုလည်း (ပွဲကြည့်မှု အိမ်လည်မှု စသည်လည်း) မရှိနိုင်တော့ပြီ၊ [ မျက်မြင်အားဖြင့် ရွာကြီးစာသင်တိုက် မြို့ငယ် စာသင်တိုက်များ၌ အုပ်ချုပ်၍ လွယ်ကူသည်ကို တွေ့ရပေ၏၊ ထို စာသင်တိုက်သံဃာများလည်း အချိုးကျကျ သီတင်းသုံးကြသည်သာများ၏။]

အနာဂတ်သာသနာရေး အပိုင်း(၁၂၆) စာသင်ကျောင်းတိုက်များ


စာသင်ကျောင်းတိုက်များ
အိမ်ခြေ နှစ်ရာ သုံးရာ ရှိကြသော ရွာကြီးနှင့် မြို့ကလေးများ၌ အစိတ်,သုံးဆယ်အောက် မနည်းသော သံဃာအများ သီတင်းသုံးရာ စာသင်တိုက်များ တစ်တိုက်ကျစီ တည်ရှိစေသင့်ပါသည်၊ အတော်အတန် ကြီးသော မြို့၌ကား နှစ်တိုက်လောက် ရှိစေကာမူ သင့်တော်ပေမည်၊ မန္တလေး ရန်ကုန် ကျောင်းတိုက်များမှာ အနာဂတ်ကာလ၀ယ် အထက်တန်းစာသင် ပုဂ္ဂိုလ်တို့သာ နေထိုင်ရာဖြစ်၍ ပါဠိတက္ကသိုလ် အဖြစ်ဖြင့် တည်ရှိစေသင့်၏၊ စာသင်တိုက်များ တည်ရာမဟုတ်သော ရွာငယ်များ၌ကား ရပ်ရွာ၏ သုမင်္ဂလ (အလှူအတန်း) ဒုမင်္ဂလ (အသုဘ) ကိစ္စတို့ကို  ရွက်ဆောင်ဖို့ရာနှင့် ရွာသားသူငယ်တို့အား မူလတန်းပညာ သင်ပြဖို့ရာ ရွာကျောင်းတစ်ကျောင်းသာ ရှိစေသင့် ပါသည်၊ ထိုစာသင်တိုက်, စာသင်ကျောင်းမှ တစ်ပါး တည်ရှိနေသော ကျောင်းတိုက်များကား တရားကျင့်ရာဌာနကျောင်းတိုက်များသာ ဖြစ်စေသင့်၏။
          ဤပြခဲ့သော စကားအရ ကျောင်းတိုက်အမျိုးအစားသည်… 
“၁-တက္ကသိုလ်ကျောင်းတိုက်၊ 
၂-မြို့ရွာစာသင်တိုက်၊ 
၃-ရွာငယ် မူလတန်းကျောင်း၊ 
၎-တရားကျင့်ကျောင်း”ဟု လေးမျိုးလေးစား ရှိသင့်ကြောင်းကိုပြသည်၊ [ မြို့ရွာစာသင်တိုက်များ၌ ပထမတန်း, ဒုတိယတန်း, တတိယတန်းစာသင်တိုက်ဟု သုံးမျိုးခွဲထားသင့်၏၊ ထိုသို့ ခွဲခြားဖို့ရန်လည်း စာသင်နည်းကိုက အတန်းခွဲပြီး ရှိရပေလိမ့်မည်၊ ထိုသို့ ခွဲခြားရာ၌ အုပ်ချုပ်သော ဆရာတော်တို့၌ စာပေ အရည်အချင်းလိုက်၍ ခွဲခြားသင့်၏၊ အနည်း အများလိုက်၍ ခွဲခြား ခဲ့လျှင် သံဃာများမှုကိုသာ ဂရုစိုက်ကြသဖြင့် မကြာခင် အုပ်ချုပ်၍ မနိုင်မနင်းဖြစ်ပါလိမ့်မည်။]
ကျောင်းမများခြင်းအကျိုး
“ဘုရား နှစ်ဆူပွင့်လျှင် သူ့ဘုရား ငါ့ဘုရားဟု အပြိုင်အဆိုင်စိတ်ထား သဖြင့် တရားမရနိုင်ဘဲ မတရားတွေ များဖွယ်သာရှိ၏”ဟု ကျမ်းစာ တို့၌ဆိုသည်၊ ထို့အတူ တစ်ရွာလျှင် စာသင်ကျောင်း စာသင်တိုက် နှစ်ဌာနရှိလျှင် သူ့ကျောင်း ငါ့ကျောင်းဟု ရွာသူ ရွာသား စိတ်ဝမ်း ကွဲပြားရုံသာမက အချင်းချင်း ပဋိပက္ခ ဖြစ်၍ ရုံးရောက်သော အမှုတွေ ယခုမျက်မြင်ပင် များလှပေသည်။
         
ထို့ကြောင့် တစ်မြို့ တစ်ရွာတည်း၌ စာသင်ကျောင်းတိုက် နှစ်ကျောင်း နှစ်တိုက် မလိုလားအပ်၊ သို့ရာတွင် ကမ္မဋ္ဌာန်းကျောင်းတိုက်လည်း သီးခြား ရှိဦးမည်ဖြစ်၍ ကျင့်လိုသော ပုဂ္ဂိုလ်များ ကမ္မဋ္ဌာန်းတိုက်၌လည်းကောင်း, စာသင်လိုသော ပုဂ္ဂိုလ်များ စာသင် တိုက်၌လည်းကောင်း တစ်စုတစ်ဝေးတည်း နေသင့်ပေသည်။
ကျေးရွာကြီးတို့၌ စာသင်တိုက်မရှိပြစ်
ထိုထိုရွာ၌ ရှိကြသော စာသင်သား အရွယ်ငယ်ငယ် ရဟန်းငယ်တို့သည် မိမိတို့ရပ်ရွာ အနီးအပါး၌ စာသင်တိုက်မရှိခြင်းကြောင့် ငယ်ရွယ်စဉ်က စည်းကမ်းကျအောင် စာမသင်ရဘဲ အသက်အရွယ် ကြီးမှ (ရဟန်းဖြစ်မှ) မြို့က စာသင်တိုက်သို့ ရောက်တတ်ကြ၏၊ ထိုသူတို့သည် ဉာဏ် အရည်အချင်း မည်မျှပင်ရှိသော်လည်း ထိပ်တန်းရောက်အောင် မတတ်မြောက်နိုင်ကြတော့။
         
ထိုသို့ ကြီးရင့်မှ စာသင်ရသဖြင့် စာသင်မှု၌ ပျင်းရိချင် လည်ပတ်ချင်စိတ်သာများလျက် သွားလာ လည်ပတ်ကာ မြို့ရွာ အတွင်း၌ မကြည်ညိုဖွယ်တွေသာ ဖြစ်တော့၏၊ ကိုရင်တုန်းက စာသင်ထွက်ကြသူတို့မှာလည်း ဆရာ မိဘတို့နှင့် ဝေးကွာနေသည့် အတွက် ကျန်းမာရေး ကိုယ်ကျင့် ထိန်းသိမ်းရေးမှစ၍ ကြောင့်ကြ စိုးရိမ်ဖွယ်တွေ များလှ၏၊ အမှန်မှာလည်း ကျန်းမာရေး ချို့ယွင်းလျက် ကိုယ်ကျင့်ပျက်သူတွေသာ များလှတော့၏။
ဗုဒ္ဓအလိုတော် မကျ
ရှင်းပြဦးအံ့…မိဘနှင့်ဝေးကွာနေ၍ မြို့တိုက်များ၌ စာသင်ရန်ထွက်လာသူတိုင်း ငွေမပါလျှင် (ယခုအခါ) မပြီးသလောက် ဖြစ်နေ၏၊ ငွေကို ခံယူသည်ကစ၍ ၀ိနည်းတော်အရ နိသဂ္ဂိယပါစိတ် အာပတ်သင့်၏၊ ငွေကို ကိုင်တိုင်းကိုင်တိုင်း ဒုက္ကဋ်အာပတ် အပြည့်အကျပ် ထပ်နေပြန်၏၊ ထိုငွေဖြင့် ၀ယ်၍ စားသောက် သုံးစွဲသမျှ စားဖွယ်သုံးဖွယ်တွေလည်း နိသဂ္ဂိယပစ္စည်းဖြစ်၍ မစွန့်ပစ်သမျှ နိသဂ္ဂိယအာပတ်နှင့် စားတိုင်း သုံးတိုင်း ဒုက္ကဋ်အာပတ်တွေ မရေမတွက်နိုင်အောင် ဖြစ်နေ၏၊ ထိုပစ္စည်းကို အခြားသူများ သုံးစွဲလျှင်လည်း ထိုအတိုင်း ပင် အာပတ်သင့်ကြရ၏၊ ဤသို့လျှင် မိဘနှင့် ဝေးကွာနေသော မြို့စာသင်တိုက်များဝယ် ငွေမပါလျှင် မပြီးနိုင်ကြသောကြောင့် အာပတ်အပြစ်တွေ မရေမတွက်နိုင်အောင် များလှတော့၏၊ ဗုဒ္ဓရှင်တော်၏တရားတော်ကို သင်ယူနေကြပါသော်လည်း ဗုဒ္ဓရှင်တော် တားမြစ်ထားသော အပြစ်တွေကို နေ့ရှိသမျှ ကျူးလွန်နေရပါလျှင် အဘယ်မှာ ဗုဒ္ဓအလိုတော်ကျပါတော့မည်နည်း၊ ဗုဒ္ဓအလိုတော် မကျမှန်း သိလျက် နေလျှင် အဘယ်မှာ သံသရာကျိုး ရပါတော့ မည်နည်း။
သာသနာ၌မပျော်နိုင်
ထိုကဲ့သို့ အပြစ်များကို ကျူးလွန်လာခဲ့ရသော စာတတ်ပုဂ္ဂိုလ်တို့သည် … အဘယ်မှာ သာသနာတော်၌ တရားနှင့်ပျော်ပိုက်နိုင်တော့မည်နည်း၊ တစ်နည်းအားဖြင့် စဉ်းစားရသော် သူဆရာဖြစ်သောအခါ၌လည်း တပည့် ပရိသတ်များကို တော်သလိုသာ အုပ်ချုပ်ပေတော့မည်၊ သို့ဖြစ်လျှင် မြန်မာနိုင်ငံ သာသနာသည် အဘယ်မှာ ကိုယ်ကျင့် ဘက်က တိုးတက်နိုင်ပါတော့မည်နည်း၊ လှော်ရင်း နစ်ရသော လှေသဖွယ် မြုပ်ကွယ်ဖို့ အချက်သာ များတော့မည် မဟုတ်ပါလော၊ အုပ်ချုပ်သော ဆရာတော်တို့လည်း ထိုအပြစ်ကို မြင်တော်မူကြပေ သည်၊ သို့သော် မိမိကိုယ်တိုင်က ဆွမ်းမကျွေးနိုင်သော တပည့်လေးတွေကို “ငွေနှင့်ဝယ်၍ မစားကြနှင့်, အငတ်နေကြ”ဟု ဆိုရက်ကြ မည်လော၊ ထိုသို့ မဆိုရက်သဖြင့် အောင့်သက်သက်နှင့် ကြည့်နေကြရသည်၊ ထို့ကြောင့် စာသင်တိုက်များကို မိမိတို့ ရပ်ရွာ အနီးအပါး၌ မရှိ ရှိအောင် အနာဂတ်ကာလ၌ ဧကန်ကြိုးစားကြမှသာ ငွေမပါဘဲ ဖြစ်နိုင်သော စာသင်နည်းဖြင့် သန့်ရှင်းစင်ကြယ်စွာ စာသင်နိုင်ကြပေလိမ့်မည်၊ ထိုသို့ သင်နိုင်မှသာ သူတော်ကောင်း ဖြစ်ဖို့ လွယ်ကူပါတော့မည်။

အနာဂတ်သာသနာရေး အပိုင်း(၁၂၅) အနာဂတ်ကျောင်းတိုက်များ



အနာဂတ်ကျောင်းတိုက်များ
ပရိယတ်နှင့် ပဋိပတ်ကျောင်း
ဗုဒ္ဓရှင်တော်မြတ်၏ သြ၀ါဒပိဋကတ်တော်များကို တာဝန်ယူကြရသော ရဟန်းတော်တို့၏ သီတင်းသုံးရာ ကျောင်းတိုက်များသည် ဗုဒ္ဓအလိုကျ ဖြစ်ဖို့ရာ ကျမ်းစာများကို သင်ကြားပို့ချသော ပရိယတ်ကျောင်းတိုက်နှင့် တရားကျင့်သုံးနေသော ပဋိပတ်ကျောင်းတိုက်များသာ ဖြစ်စေ သင့်ပါသည်၊ [ သံဃာအနည်းငယ် သီတင်းသုံးရာဌာနကို “ကျောင်း”ဟု ခေါ်၍ သံဃာ အစိတ် သုံးဆယ် စသည်စုပေါင်းလျက် သီတင်း သုံးရာဌာနကို “ကျောင်းတိုက်”ဟု ခေါ်တွင်စေသင့်သည်၊] ထို ပရိယတ် ပဋိပတ် နှစ်မျိုးတွင် တစ်မျိုးမျိုးမျှ ကျကျနန မရှိသော ကျောင်း, ကျောင်းတိုက်များသည် နှစ်အတော်ကြာလျှင် အလိုအလျောက် ကွယ်ပျောက်လောက်အောင် အစိုးရနှင့် ၀န်ဆောင် များက ကြောင့်ကြစိုက်သင့်ပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၂၄)မစွဲလမ်းရာ ဆယ်ဌာန



၅။ အနာဂတ်သာသနာခန်း
ကာလာမသုတ်တော်
မစွဲလမ်းရာ ဆယ်ဌာန
ကောသလတိုင်း အပါအ၀င်ဖြစ်သော ကာလာမမင်းတို့၏  အုပ်စိုးရာ   ကေသမုတ္တ  နိဂုံးသည် တောအုပ်တစ်ခု၏ အ၀င်ဝ၌ တည်သောကြောင့် ထိုတောလမ်းခရီးသွားတို့၏ တည်းခိုရာအရပ် ဖြစ်နေ၏၊ အယူ အမျိုးမျိုးရှိသော ဆရာကြီးတို့သည် ထိုအရပ်ရောက်လျှင် မိမိတို့ အယူကို ၀ါဒဖြန့်၍ အခြားအယူများကို ဖိနှိပ်ဟောပြောတတ်ကြ ကုန်၏၊ ထိုနိဂုံးသားတို့သည် အယူဝါဒနှင့် စပ်၍ ယောင်ဝါးဝါး ဖြစ်နေကြစဉ် ဗုဒ္ဓအရှင်တော်မြတ်လည်း ထိုအရပ်သို့ ရောက်တော် မူလာ၏၊ ထိုနိဂုံးသားတို့သည် အယူဝါဒအမျိုးမျိုးကို ကြားနေကြရ သဖြင့် ဟိုသူပြောတာ ဟုတ်နိုးနိုး, ဒီသူပြောတာ ဟုတ်နိုးနိုး တွေးတောနေကြရပါကြောင်း လျှောက်ကြလေရာ ဗုဒ္ဓအရှင်တော် မြတ်က အမျိုးမျိုးကြားနေရသော သင်တို့မှာ ယုံမှားတွေးတောစရာပဲ ဟု မိန့်တော်မူပြီးလျှင် နားထောင်ကြ ကာလာမအမျိုးသားတို့…
၁။       ကလေးဘ၀မှ စ၍ ကြားနာ မှတ်သားခဲ့ခြင်းဖြင့်လည်း ““ဟုတ်တယ် မှန်တယ်””ဟု အစွဲအမြဲ မယူကြနှင့်။
၂။       မိဘဘိုးဘွား စသည်တို့မှ ဆင်းသက်၍ (ပရံပရ-အဆက်ဆက်) မှတ်ယူလုပ်ကိုင်ရိုးဖြစ်၍လည်း အစွဲအမြဲ မှတ်ယူမထားကြနှင့်။
၃။       ““ဣတိ ကိရ-ဒီဟာက ဒီလိုတဲ့””ဟု အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲမှတ်ယူမထားကြနှင့်။
၎။       ““ဒီအယူအဆသာ ငါတို့ သင်အပ်သော ကျမ်းစာနှင့်ညီတယ်”” ဟု မိမိတို့ ကျမ်းစာနှင့် ညီနေရုံဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။

အနာဂတ်သာသနာရေး အပိုင်း(၁၂၃) ရာဇဂုရုတချို့


ရာဇဂုရုတချို့ 
ရဟန်းခံကိစ္စတစ်ခုကြောင့် သံဃာအများစုမိရာ သိမ်အတွင်း၌ … ဆရာတော်ကြီး တစ်ပါးက  သြ၀ါဒပေးရင်း “ကိုယ်တော်တို့ ကောင်းကောင်း နေကြပါ၊ ရှင်ဘုရင် လက်ထက်တုန်းက ရာဇဂုရုတံဆိပ်ရ တချို့သော်မှ ပြိတ္တာဘ၀၌ ရောက်နေကြသည်”ဟု အထင်အမြင် ပေါက်နေသော ပြာသာဒ် အုတ်ကျောင်းဆရာတော်က အမိန့်ရှိသည်ဟု ပြောပါသတဲ့။
မှတ်ချက်။                ရာဇဂုရုတချို့ဟု ဆိုသဖြင့် ကောင်းမွန်စွာကျင့်တော်မူကြသော ရာဇဂုရုဆရာတော်များ မပါဝင်ဟု မှတ်ပါ၊ မှန်၏၊ ရာဇဂုရုပင် ဖြစ်သော်လည်း ရှင်ဘုရင်က ထောက်ပံ့ သော ဆန်များကို ဆွမ်းမချက်တော့ဘဲ ရောင်းစားကြသောကြောင့် တချို့ဆရာတော်များအား ““ဆန်တော်ပါဘုရား””ဟု လျှောက်၍ ငွေကို လစဉ် ထောက်ပံ့ကြရပါသည်တဲ့၊ ထိုသို့ ဖြစ်လျှင် ယခုအခါ အဂ္ဂမဟာပဏ္ဍိတ တချို့အတွက် စဉ်းစားစရာပေ။
ဘုရားလူကြီးပြိတ္တာတွေ
လွန်ခဲ့သော တမြန်နှစ်လောက်က…ဘုန်းကြီးနှင့်စပ်သော ဆိုင်ရာဂုဏ်းဝင် ဒကာအချို့သည် အထက်၌ ထင်ရှားသော ဘုရားများကို အဖူးမြော် သွားကြ၏၊ မြို့တစ်မြို့သို့ ရောက်သောအခါ ဒကာတစ်ယောက်သည် ထင်ရှားသော ဘုရားကုန်းတော်ပေါ်သို့ ညဥ့်အချိန် တစ်ယောက် တည်း တက်သွား၍ ဘုရားစာများကို ရွတ်ပြီးလျှင် ကုသိုလ်အဖို့ကို အမျှဝေသောအခါ ဘုန်းကြီးတစ်ပါးလည်း ပါဝင်သော ဘုရားလူကြီးတွေဟု ထင်ရသော ပြိတ္တာအချို့သည် အလွန် ဆိုးရွားသော ရုပ်အဆင်းဖြင့် သာဓုခေါ်ဖို့ရန် ပါးစပ်မှ အသံမျှ မထွက်နိုင်သော ကြောင့် အလွန် ပင်ပန်းစွာ ခံနေရသည်ကို တွေ့ရပါသည်တဲ့။ [ထို အရပ်ရှိ လူတို့က ထိုဘုန်းကြီး၏ ဘုရားနှင့်စပ်၍ မတရားစီးပွား ရှာပုံကို ပြောပြလိုက်ပါသည်တဲ့။]

Sunday, 6 July 2014

လောကီမင်္ဂလာ (၁၂)ပါး




၁။ ဝိဇာတ မင်္ဂလာ=ပဋိသန္ဓေမှ ဖွားမြောက် အောင်မြင်ခြင်း။
၂။ မုခဒဿန မင်္ဂလာ=ဖွားပြီး သုံးရက်မြောက်သောကာလ ရတနာသုံးပါးနဲ့ ဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်ခြင်း။
၃။ ကေသစ္ဆေဒန မင်္ဂလာ=(ရ)ရက်မြောက်သောနေ့၌ ဆံပင်ရိတ်ခြင်း။
၎။ ဒေါလာကရဏ မင်္ဂလာ=ကောင်းမြတ်သောနေ့၌ ပုခက်အေးယာဉ် တင်ခြင်း။
၅။ တမ္ဘုလပတ္တ မင်္ဂလာ=(၇၅၀ရက်မြောက်သောနေ့၌ ကွမ်းဦးခွံ့ခြင်း။
၆။ ရဝိန္ဒုဒဿန မင်္ဂလာ=(၃)လမြောက်သောန့၌ နေ,လ တို့ကို ပြခြင်း။
၇။ နာမကရဏ မင်္ဂလာ=ရက်ပေါင်း ၁၀၀-မြောက်သောနေ့၌ အမည်မှည့်ခြင်း။
၈။ ပထမဘတ္တ မင်္ဂလာ=ခြောက်လပြည့်က ထမင်းဦးခွံ့ခြင်း။
၉။ ကေသဗန္ဒန မင်္ဂလာ=သင့်တင့်လျောက်ပတ် အရွယ်၌ ဆံဖွဲ့ထုံးခြင်း။
၁၀။ ကဏ္ဏဆိန္ဒ မင်္ဂလာ=သင့်တင့်သောအရွယ်၌ နားထွင်းခြင်း။(ကဏ္ဏဝိဇ္ဈန မူကွဲရှိသည်)
၁၁။ သာသနာနုဂ္ဂဟ မင်္ဂလာ=ချိန်ရွယ်ကျရောက်သောအခါ သာသနာဘောင်သို့ သွတ်သွင်းခြင်း။
၁၂။ အာဝါဟ ဝိဝါဟ မင်္ဂလာ=ချိန်ရွယ် ကျရောက်သောအခါ ထိမ်းမြားရခြင်း။

Min Naing

မဟာပဌာန်း ဒေသနာတော် (၂၄)ပစ္စည်း ဆုတောင်း


၁။ ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)
ကောင်းသော အလောဘ၊ အဒေါသ၊ အမောဟတရားများသာ အစဉ်ကိန်းအောင်းနိုင်ရပါစေသား။


၂။ အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဌဗ္ဗာရုံ၊ ဓမ္မာရုံ)
ကုသိုလ်ဖြစ်ဖွယ် ကောင်းသောအာရုံများနှင့်သာ တွေ့ကြုံရပါစေသား။


၃။ အဓိပတိပစ္စယော- အကြီးအမှူးခေါင်းဆောင်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
(ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ(ပညာ))
မိမိသူတစ်ပါး အကျိုးစီးပွါးကို အဓိပတိတရားတပ်၍ အားထုတ်ဆောင်ရွက်နိုင်ရပါစေသား။

၎။ အနန္တရပစ္စယော- အခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ရှေ့ရှေ့စိတ်တို့ကြောင့် နောက်နောက်ကုသိုလ်စိတ်တို့သာ ဖြစ်ပေါ်ရပါစေသား။

၅။ သမနန္တရပစ္စယော- ကောင်းစွာအခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား
ရှေ့ရှေ့စိတ်တို့ကြောင့် နောက်နောက်ကုသိုလ်စိတ်များသာ ကောင်းစွာဆက်တိုက် ဖြစ်ရပါစေသား။

၆။ သဟဇာတပစ္စယော- အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သော တရား
သူတော်ကောင်းတရား၊ သူတော်ကောင်းများနှင့်သာ အတူတကွ ပေါင်းဖော်ရပါစေသား။

အနာဂတ်သာသနာရေး အပိုင်း(၁၂၂) ကမ္မဋ္ဌာန်းဘုန်းကြီးတစ္ဆေ

ကမ္မဋ္ဌာန်းဘုန်းကြီးတစ္ဆေ       
ဂန္ဓာရုံကျောင်းတိုက်အနီး ကျောင်းတစ်ကျောင်းဝယ် တရားအားထုတ် ပြီး ရိပ်သာမှ ပြန်လာသော ကြီးမှ ရဟန်းပြုသော ပုဂ္ဂိုလ်နှစ်ပါးရှိ၏၊ မကြာမီ တစ်ပါး ပျံတော်မူ၍ ဆိုင်ရာ ဆွေမျိုးတို့ လာပြီးလျှင် ထို ကျောင်း၌ ခုနစ်ရက်လည်သည့်တိုင်အောင် နေကြ၏၊ ဆွေမျိုးများ ပြန်သွားပြီးနောက် ညဥ့်အချိန်ရောက်သောအခါ ကျန်ရှိသော တစ်ပါးက မီးထွန်း၍ ပြတင်းပေါက်တံခါးတို့ကို ပိတ်၏၊ တစ်စုံ တစ်ယောက်က ဖွင့်လေသည်၊ ထပ်ပိတ်ပြန်၏၊ ထပ်၍ ဖွင့်ပြန်သည်၊
ထို ကိုယ်တော်သည်  ကုဋီသွားချင်စိတ်ရှိ၍  ကျောင်းဘေးနားက ကုဋီကလေးသို့ ဆင်းသွားသောအခါ ထိုကုဋီထဲ၌ ပျံလွန်ပြီးသော ဦးပဉ္စင်းကြီး ထိုင်နေသည်ကို မြင်ရပါသည်တဲ့၊… ကျန်ရစ်သော ကိုယ်တော်သည် ကျောင်းပေါ်သို့ ပြန်တက်လာပြီးလျှင် ““မင့်ကို လူတုန်းကမှ မကြောက်ဘဲ, တစ္ဆေဖြစ်မှ ကြောက်ရမှာလား””ဟု ကြုံးဝါး၍ ကမ္မဋ္ဌာန်းသက်စောင့်ဓားရှည်ကြီးကို ခုတင်ပေါ်သို့ တင်လိုက်ပါသတဲ့၊ ထိုဓားရှည်ကို တစ္ဆေကိုယ်တော်က ယူ၍ လွှင့်ပစ် လိုက်သောအခါ ကျန်ရစ်သော ကိုယ်တော်သည် မကြောက်သော် လည်း… ““တစ်ညလုံး အိပ်ရတော့မှာ မဟုတ်””ဟု တွေး၍ သူ့ အိပ်ရာလိပ်ကလေးကို ယူပြီးလျှင် တခြားကျောင်းသို့ ထွက်သွား သောအခါ နောက်က လိုက်၍ (မသွားစေလိုသည့် သဘောဖြင့်) အိပ်ရာလိပ်ကို ဆွဲထားပြန်သည်တဲ့။

အနာဂတ်သာသနာရေး အပိုင်း(၁၂၁) ဂိဇ္ဈကုဋ်ပြိတ္တာများ



ဂိဇ္ဈကုဋ်ပြိတ္တာများ      
ငါတို့  ဗုဒ္ဓလက်ထက်တော်၌  ရာဇဂြိုဟ်မြို့အနီး ဂိဇ္ဈကုဋ်တောင်ကြီးဝယ် ဘုရားရှင်နှင့် တကွ ရဟန်းတော်များ သီတင်းသုံးတော်မူလေ့ ရှိကြ၏၊ အခါ တစ်ပါး၌… အရှင်လက္ခဏနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့သည် တောင်ပေါ်မှ ဆွမ်းခံဆင်းကြလေသော် တစ်နေရာ၌ အရှင်မဟာ မောဂ္ဂလ’ာန်သည် တန်ခိုးတော်ဖြင့် ဆင်ခြင်တော်မူလေရာ လွန်စွာ ထူးဆန်းသော ပြိတ္တာတွေကို မြင်လေသည်၊ ထိုအခါ “မိမိမှာ ဤ ပြိတ္တာအဖြစ်မျိုးမှ လွတ်ရလေပြီ”ဟု တွေး၍လည်းကောင်း, “ကံ၏ အကျိုးပေးပုံသည် (ကိုယ်တွေ့ မကြုံလျှင် ပြောရုံမျှဖြင့် မယုံနိုင်ကြ အောင် ဆန်းကြယ်ရကား) မကြံစည်အပ် မကြံစည်နိုင်”ဟူသော ဗုဒ္ဓတရားတော်ကို သတိရ၍လည်းကောင်း ပြုံးတော်မူသည်။
          ပြုံးတော်မူခြင်း၏ အကြောင်းကို အရှင်လက္ခဏက မေးသော အခါ ““ဗုဒ္ဓရှေ့တော်ရောက်မှ မေးပါ””ဟု ပြောသဖြင့် ဆွမ်းစားပြီး နောက် ဗုဒ္ဓရှေ့တော်ရောက်၍ ထိုအကြောင်းကို မေးလေသော် ““အရှင်လက္ခဏ ယနေ့ ဂိဇ္ဈကုဋ်တောင်မှ အဆင်းတွင် ရဟန်းပြိတ္တာ တွေကို မြင်ခဲ့ရသည်၊ သူတို့၏  သင်္ကန်းများလည်း  မီးတောက်လို့, သပိတ်များလည်း မီးတောက်လို့, ခါးပန်းကြိုးများလည်း မီးတောက် လို့, တစ်ကိုယ်လုံးလည်း မီးတောက်လို့ သူတို့၏ ပါးစပ်ကလည်း ကယ်ပါ ယူပါ တစာစာနှင့် နာကျင်သံကို အော်နေကြတယ်၊ ထို ရဟန်းပြိတ္တာတွေကို မြင်ရတဲ့အခါ သြော်…အံ့သြစရာကောင်းပေစွ, ဒီလို သတ္တ၀ါမျိုး ရှိမှ ရှိရလေတယ်””ဟု တွေးမိတဲ့အကြောင်းကို ပြောပြလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၂၀) ကဿပရှင်တော်၏နောက်ပိုင်းသာသနာ



ကဿပရှင်တော်၏နောက်ပိုင်းသာသနာ
တောင်ထိပ်တက်၍ တရားကျင့်ပုံ                 
ကဿပဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံပြီးနောက် တဖြည်းဖြည်း  သာသနာဆုတ်ယုတ်လာ သောအခါ ရဟန်းတော် ခုနစ်ပါးသည် သိက္ခာပုဒ်တော်ကို မလေးမစား ပြုနေကြသော အခြားရဟန်းများကို မြင်၍ “ဣဓ ကိံ ကရောမ-ဒီမှာ ဘာလုပ်နေကြတော့မှာလဲ၊ ဧကမန္တေ သမဏဓမံ္မ ကတွာ ဒုက္ခဿနံ္တ ကရိဿာမ-သင့်တော်သော နေရာ၌ ရဟန်းတရားကို အားထုတ်၍ ဒုက္ခဆုံးအောင် ပြုကြစို့ရဲ့”ဟု တိုင်ပင်ပြီးလျှင် တောင်ထိပ်သို့ လှေကားဖြင့် တက်၍ အထက် ရောက်မှ လှေကားကို ဖြုတ်ချကာ ရဟန်းတရားကို အစာမစားဘဲ အားထုတ်ကြလေရာ… ရဟန္တာတစ်ပါး ဖြစ်၍ အနာဂါမ်တစ်ပါး ဖြစ်လေသည်၊ ကျန်ငါးပါးကား သံသရာ၌ ကျင်လည်ကြပြီးလျှင် ငါတို့ ဗုဒ္ဓ၏ လက်ထက်တော်၌ တစ်ပါးသည် ပုက္ကုသာတိမင်း, တစ်ပါးကား ကုမာရကဿပထေရ်, တစ်ပါးကား ဗာဟိယဒါရုစီရိယ ထေရ်, တစ်ပါးကား မလ’ာမင်း၏သား အရှင်ဒဗ္ဗ, အခြားတစ်ပါးမှာ သဘိယပရိဗိုဇ် ဖြစ်လာ၏ဟု (ဓမ္မပဒအဋ္ဌကထာ ဗာဟိယဒါရုစီရိယ ၀တ္ထု၌) တွေ့ရ၏။ [ဤ၀တ္ထု၌ ကဿပဗုဒ္ဓရှင်တော်၏ သာသနာ နောက်ပိုင်းဝယ် ရဟန်းအများ၏ သိက္ခာပုဒ်တော်ကို မလေးမစား ပြုချိန်၌ သူတော်ကောင်းပုဂ္ဂိုလ်တို့မှာ သူတို့နှင့် အတူ မနေသာ အောင်ပင် ဖြစ်လာပုံကို သတိပြုပါ။]

Thursday, 3 July 2014

အနာဂတ်သာသနာရေး အပိုင်း(၁၁၉) စာပေဘက်၌လည်း အထင်ကြီး မခံရ



စာပေဘက်၌လည်း အထင်ကြီး မခံရ                     
မိမိတို့  ဘုန်းကြီးဘ၀မှာ  သူများ ပေးမှ ကမ်းမှ   စားသောက်  နေထိုင်ရသော ဘ၀မျိုး ဖြစ်၍ ပစ္စည်းလေးပါးဘက်၌ (အတောင်းအရမ်း များသူတို့ အပေါ်ဝယ်) ပစ္စည်းရှင်တို့ အထင် အမြင်သေးခြင်း ခံကြရသည်မှာ မထူးဆန်းလှပါ၊ အသက်နှင့်အမျှ ပညာဆည်းပူးရသော ဘ၀ဖြစ်၍ ပညာရေးဘက်၌မူ အများအပြားပင် အထင်သေးခြင်းကို မခံရထိုက်ပါ၊ သို့ရာဝယ် “ဘုန်းကြီးများ၏ ပါဠိဘက်၌ ကျွမ်းကျင်မှု နည်းပါးကြောင်းကို စာပြန်ပွဲ၌ ပါဠိဘာသာ ဖြေပုံကို ကြည့်၍ သိနိုင်ပါသည်”ဟူသော ပထမပြန်ကော်မတီ တစ်ဦး၏ စကားဖြင့် ပါဠိဘာသာဘက်၌လည်း အထင်သေးခံနေရကြောင်း သိရပါသည်၊ ဤသို့ အထင်သေးခံရခြင်းနှင့် စပ်လျဉ်း၍ ပါဠိဘာသာ နိုင်, မနိုင်ကို မိမိတို့ကိုယ်တိုင် စဉ်းစား၍ ပါဠိသင်နည်း ကို ပြင်ထိုက်, မပြင်ထိုက်ကိုပါ အောက်ပါအတိုင်း စဉ်းစားပါလေ။
၁။       ပါဠိဘာသာကို သဒ္ဒါနည်းလည်း မှန်၍ ပါဠိသွားနည်းလည်း ကျအောင် ရေးနိုင် ပြောနိုင်သလား၊
၂။       ပါဠိတော် အဋ္ဌကထာများကို ကြည့်ရှုပြန်လျှင် (မြန်မာဘာသာ လို) ရှင်းရှင်းလင်းလင်း နားလည်ရဲ့လား၊
၃။       နှစ်ပေါင်းများစွာ ပါဠိဘာသာကို သင်ယူနေကြပါလျက် မပြောနိုင် မရေးနိုင်ကြပါလျှင် ပါဠိသင်နည်းကို မပြင်ဘဲ နေထိုက်ပါသလား၊
၎။       လက်ရှိ စာမေးပွဲများ၌ ပါဠိတတ်လွယ်အောင် စည်ကမ်း ပြင်ထိုက်သည် မဟုတ်ပါလား။

အနာဂတ်သာသနာရေး အပိုင်း(၁၁၈) အထင်သေးခံနေရပုံ



စာသင်တိုက်နှင့် စာသင်ချိန်
များစွာသော မြို့ကြီး စာသင်တိုက်ကြီးများ၌  အမျိုးမျိုးသော အကြောင်းကြောင့် စာသင်ချိန် လည်း နည်းပါးလှ၏၊ များသောအားဖြင့် ၀ါတွင်းသုံးလလောက် ကြိုးကြိုးစားစားနှင့် သင်ယူရ၏၊ ၀ါကျွတ် သည်မှ စ၍ နောက်ဝါဆိုအထိကား ဆရာနှင့် သင်ယူရခြင်း နည်းပါးလှတော့သည်။
          ဤနည်းအတိုင်းသာ သင်နေကြရသမျှ (ခေတ်အလိုက်) စာတော်ပုဂ္ဂိုလ်တစ်ပါး မဖြစ်နိုင်ပါ၊ “စာတော်”ဟူရာ၌ မိမိကိုယ်တိုင် သဘောဉာဏ် ရှိ၍ ဆရာသမားထံ အနည်းငယ် သင်ယူပြီးနောက် ထိုထို ကျမ်းစာများကို ကြည့်ရှု၍ တော်သူ, ပင်ကိုဉာဏ်လည်း မှန်မှန်ရှိ၊ ဆရာ့အထံ၌လည်း နှစ်ရှည်လများ သင်ယူခြင်းဖြင့် တော်သူဟု နှစ်မျိုးရှိ၏၊ ပထမနည်းဖြင့် တော်သူသည် သူ့အတွက် သာ တော်၏၊ တပည့်များကို သူ့လို တော်အောင် ပို့ချတတ်ဖို့ကား မလွယ်ကူလှချေ၊ ဒုတိယနည်းဖြင့် တော်သူမှာ တပည့်များကိုလည်းတော်အောင် သင်ပြနိုင်၏၊ ယခုအခါ မြို့စာသင်တိုက်များ၌ ပထမနည်းဖြင့် စာတော်သူသာ ဖြစ်ခွင့်ရှိ၏၊ စာသင်ချိန် နည်းပါးရကား ဒုတိယနည်းဖြင့် စာတော်သူမှာမှာ အလွန် နည်းပါးပေလိမ့်မည်။
          မှန်၏၊ များစွာသော စာပြန်ပွဲတို့၌ စာအောင်ပုဂ္ဂိုလ်များသည် ဆရာ့ထံ အပြည့်အစုံ သင်ယူ၍ အောင်သူထက် ဆရာ့အထံ အနည်းငယ် သင်ယူပြီးလျှင် မိမိတို့ဘာသာ ကြိုးစား၍ အောင်သူတွေသာ များလေသည်၊ ဤအချက်ကို ထောက်၍လည်း အနာဂတ်ကာလ၌ မြို့ကလေးများနှင့် ရွာကြီးများဝယ် စာသင်တိုက်များ တည်ရှိစေလိုပေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၁၇) စရဏ မရောက်သမျှ အကျိုးမရ



စရဏ မရောက်သမျှ အကျိုးမရ
[ကိုယ်ကျင့်တရားကို ““စရဏ””ဟု ခေါ်၏၊]
ဥဒ္ဒါလကဇာတ်၌ ဥဒ္ဒါလရသေ့သည် ဝေဒသုံးပုံကို တတ်သော ဂိုဏ်းဦးစီးနာယက ဆရာကြီးတည်း၊ သူသည် ဘုရားအလောင်း ပုရောဟိတ်ကြီးနှင့် စကားပြောကြရာ၌ ပုရောဟိတ်ကြီးက “ဝေဒသုံးပုံကို တတ်ရုံမဆိုထားနှင့်, ဝေဒအပုံတစ်ထောင်ပင် တတ်၍ နေသော်လည်း အကျင့်စရဏသို့ မရောက်သေးသမျှ (ကောင်းကောင်း မကျင့်သမျှ) ဒုက္ခမှ မလွတ်နိုင်သေးပါ”ဟု ပြောဆိုလေသော်… ရသေ့က “ဒီလိုဆိုရင် ဝေဒတွေဟာ အကျိုးမပြီး အချည်းနှီးဟု ဆိုလိုပါသလား”ဟု မေးလျှင် ပုရောဟိတ်က “ဝေဒတွေကို အချည်းနှီးတွေ”ဟု မဆိုလိုပါ၊ ဝေဒတတ်တော့ “ဝေဒကျမ်းတတ် ပညာရှိကြီး”လို့ နာမည်ကျော်တာပေါ့၊ လာဘ်ပေါ၍ အခြွေအရံများတာပေါ့၊ ဘယ်လောက်ပင် နာမည်ကျော်ကြား၍ လာဘ်ပေါများသော်လည်း ဒီတစ်ဘ၀သာ နာမည်ကျော်နိုင် လာဘ်ပေါနိုင်တာပဲ၊ အကျင့်စရဏကို ကျင့်မှသာ နောက်နောင်အခါ ဘ၀သံသရာ၌ အေးချမ်းမှု ရှိနိုင်တယ်ဟု ပြောလေသည်။
မှတ်ချက်။       ။ဤဇာတ်တော်၌ ဝေဒသုံးပုံဟူသည် ပိဋကသုံးပုံကဲ့သို့           ဗြာဟ္မဏတို့ အလွန်လေးစားအပ်သော အတတ် ပညာတည်း၊ (ယခုအခါ “ဗေဒင်သုံးပုံ”ဟု ခေါ်သည်၊) ထိုဇာတ်၌ ပုရောဟိတ်ကြီး၏ စကားသည် ယခုအခါ စာပြန်ပွဲ အောင်မှုတစ်ခုကိုသာ အဓိကထား၍ ကြိုးစားကြသူများ သတိထားသင့်သော စကားတစ်ရပ်ပေတည်း၊ ကျမ်းစာတို့၌ကား “နာမည်ကျော်ကြား လာဘ်ပေါများအောင် စာသင်ခြင်းထက် (ဘာမျှ မလုပ်ဘဲ) အိပ်နေ ခြင်းက တော်သေး၏”ဟု မိန့်တော်မူပါသည်။ [မဇ္ဈိမပဏ္ဏာသ, အလဂဒ္ဒူပမာသုတ် အဋ္ဌကထာ။]

အနာဂတ်သာသနာရေး အပိုင်း(၁၁၆) ပစ္စက္ခသာသနာ့အခြေအနေ



ပစ္စက္ခသာသနာ့အခြေအနေ
ကျောင်း ဘုရား
မြန်မာပြည်၏  ရှေးခေတ်သာသနာရေးကို ပြပြီး၍ ပစ္စက္ခ (လက်ရှိ) သာသနာ့အခြေအနေ၀ယ် ပြုပြင်သင့်သော (ပြုပြင်၍ ရနိုင်လောက်သော) အချက်များကို ပြပါဦးမည်၊ အနော်ရထာမင်းစော လက်ထက်မှစ၍ သဒ္ဓါ မျိုးစေ့ ကျသဖြင့် ပေါက်ရောက်စည်ကားနေသော သာသနာတော် ဥယျာဉ်၌ ကျောင်းဘုရား စေတီ စသည် ထူးပြား သာသနာ့ အဆောက်အအုံ သစ်ပင်များသည် သူ့ခေတ် သူ့ခါ စိုစိုပြည်ပြည် ရှိခဲ့ကြပါသော်လည်း မင်းအဆက် ပြောင်းသလောက် ကျောင်းတိုက်များလည်း အဆက်ပြောင်းကာ ထိုက်တန်သော ကျောင်းထိုင်ပုဂ္ဂိုလ်များနှင့် ကွဲကွာ၍ မကြာမကြာ ပျက်စီးရှာရတော့သည်။
          မင်းတုန်းမင်းတရားလက်ထက်တုန်းက အလွန်ကျက်သရေရှိခဲ့ကြသော မန္တလေးတိုက်ကြီးများသော်မှ အနှစ်(၆၀)ကျော် (၇၀) အတွင်းမှာ အိုမင်း ပြိုကျ၍ အနိစ္စသဘောကို ဟောပြောနေကြပြီ၊ ဗြိတိသျှအစိုးရလက်ထက်၌ တည်ဆောက်ခဲ့ကြသော တိုက်တာကြီး များလည်း မူလဆရာတော်တို့ သက်တော်ယိုယွင်းလျှင်ပင် သူတို့ လည်း အိုမင်းသောလက္ခဏာဖြင့် သာယာဖွယ် မရှိကြတော့ချေ၊ မူလဆရာတော် ကွယ်လွန်ပြီးနောက် ဒုတိယ တစ်ဆက်လောက် ဆိုလျှင် အရှိန်အ၀ါ လျှောကျရသော ကျောင်းတိုက်တွေသာ များတော့၏။

အနာဂတ်သာသနာရေး အပိုင်း(၁၁၅) အနေသန (၂၁) ပါး



အနေသန (၂၁) ပါး
မှတ်ချက်။       ။ ရဟန်း သာမဏေတို့နှင့် မအပ်စပ် (မရှာကောင်း)သော ပစ္စည်းရှာနည်းကို “အနေသန”ဟု ခေါ်၏၊ ထို့ကြောင့် အောက်ပါအလုပ်များကို ပြုလုပ်ရာ၌ ဒကာ ဒကာမတို့က ပြန်၍ လှူချင်အောင် ပြုလုပ်ခြင်းများဟု မှတ်ပါ။
၁။ လူများကို ဆေးကုပေးခြင်း၊ [ မိဘ, ကိုးကွယ်ရာမဲ့ဖြစ် ၍ ကျောင်း ရောက်လာ သူ, ကျောင်းတာဝန်ဆောင်နေသော ကပ္ပိယ စသူ, ရန်မူမည့် မင်း, ခိုးသား, ဓားပြ, သူပုန် ဤသူများကို ဆေးကုပေး ကောင်း၏၊ အခြားသူများကို ဆေးမကုကောင်း။]
၂။ လူတို့၏ စေတမန်လုပ်ခြင်း၊ (လူတို့က စေလွှတ်သဖြင့် တစ်ရွာမှ တစ်ရွာသို့ ခရီးရှည်သွား၍ စာပေးစာယူ, စကားပေး စကားယူပြုခြင်း၊) [ ရတနာသုံးပါးနှင့်စပ်သော ကိစ္စမှတစ်ပါး အခြားကိစ္စ၌ မပြုရ။]
၃။ လူတို့၏ အစေအခိုင်း ခံခြင်း၊ [ ဟိုနား သည်နား ခရီးအတို သွား၍ ယူစရာ ငင်စရာတို့ကို ယူပေးဖို့ရန် အစေအခိုင်း ခံခြင်း။]
၎။       အနာကို ဓားနှင့် ခွဲပေးခြင်း၊
၅။ ဆေးလိမ်းပေးခြင်း၊
၆။ ပျို့အန်ဆေးပေးခြင်း၊
၇။ ၀မ်းလျှောဆေးပေးခြင်း၊
၈။ နှာဆေး ပေးခြင်း၊
၉။ မျက်စဉ်းဆေးပေးခြင်း၊
၁၀။ ဆေးဝါးပေးခြင်း၊
၁၁။ သစ်ရွက် (အိမ်မိုးဖို့ရာ သက်ငယ် ဓနိ စသည်)ပေးခြင်း၊
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated