@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 14 January 2016

ထေရ၀ါဒ အမြင်နှင့် ကယ်တင်ရှင်



ထေရ၀ါဒ ဒေသနာအစဉ်၌ ကယ်တင်ရှင်ဟူ၍ မရှိ။ ကယ်တင်ပေးနိုင်သူဟူ၍လည်း မရှိပေ။ ဗုဒ္ဓဘုရား ကိုယ်တိုင်လည်း လူသားတို့အတွက် ကယ်တင်ရှင် မဟုတ်ခဲ့၊ လူသားတို့အတွက် လမ်းညွှန်သူ သာဖြစ်လေ သည်။

ဗုဒ္ဓဘုရားရှင်က-
ချစ်သားတို့၊ သင်တို့ လွတ်မြောက်မှုအတွက် သင်တို့ကိုယ်တိုင် ကြိုးစား အားထုတ်အပ်၏၊ ဘုရားရှင်တို့ မည်သည် လမ်းညွှန် ဟောပြရုံသာ ဟောပြတော်မူနိုင်ကြကုန်၏၊ ဟု ဓမ္မပဒဒေသနာ၌ အတိအလင်း ဟောပြထား၏။
ထို့ပြင် ခန္ဓ၀ဂ္ဂသံယုတ်၊ အတ္တဒီပသုတ်၌လည်း-
ရဟန်းတို့၊ မိမိကိုယ်သာ မှီခိုကြလျက်၊ မိမိကိုယ်ကိုသာ အားထားကြလျက် အခြားတစ်ပါးကို အားမကိုးကြဘဲ တရားကိုသာ မှီခိုကြလျက်၊ တရားကိုသာ အားထားကြလျက် အခြားတစ်ပါးကို အားမထားဘဲ နေကြကုန်လော့၊ ဟု ဟောကြားတော်မူခဲ့သည်။
ဗုဒ္ဓဘုရားက လူသားတစ်ဦး၏ ဘ၀ကို တရားဓမ္မဖြင့်သာ နေထိုင်ကြရန် ဟောကြားခဲ့ သည်။ လူတို့သည် မိမိတို့၏ ဘ၀ကို မိမိတို့ ကိုယ်တိုင်သာ ဖန်တီးသည်။ ကိုယ့်ကံ ကိုယ်ပြု၍ ကိုယ့်အမှု ကိုယ်ဆောင်ကြရသည်။ မိမိဘ၀အတွက် ကောင်းမှု ဆိုးမှုတို့ကို မိမိကိုယ်တိုင်သာလျှင် ဖန်တီးသည်ဟု ဟောကြား၏။ ကောင်းမှု မကောင်းမှုဟူသော သဘောတရားတို့ကိုလည်း ဟောကြားပြသ၏။
မကောင်းမှုကို ရှောင်၍ ကောင်းမှုကို ဆောင်ရန်လည်း ညွှန်ကြားသည်။
ကောင်းမှုကို လုပ်သောသူသည် ကောင်းသော အကျိုးဆက်ကို ဖြစ်စေ၏။ မကောင်းမှုကို လုပ်သောသူသည် မကောင်းသော အကျိုးဆက်ကို ဖြစ်စေ၏။ ဤသို့လျှင် ကမ္မနိယာမ သဘော တရားဖြင့် ထိန်းကျောင်းလျက် မတိမ်းစောင်းအောင် ဟောပြတော်မူခဲ့သည်။
သို့ပါလျက် လူအချို့တို့သည် မိမိဘ၀အတွက် ကယ်တင်ရှင်ကို ရှာမှီးကိုးကွယ်နေကြသည်။ မမြင်ရသော၊ မမြင်ဖူးသော၊ ကြားဖူးနားဝရှိသော နတ်ဒေ၀တာတို့၏ ကူညီမစမှုကို အတွေးစိတ္တဇဖြင့် တောင့်တနေ ကြ၏။ တောင်းခံနေကြ၏။ မိမိတို့ လူသားအချင်းချင်းလည်း ကယ်တင်နိုင်မည်ဟု ထင်သော ပုဂ္ဂိုလ်ကြီး များ၏ မ စ မှုကို မျှော်လင့်နေကြသည်။
ဓာတ်ပွင့်အောင်၊ စန်းပွင့်အောင် တောင်းဆိုနေကြသည်။ ကောင်းမှုမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံ ပါစေကြောင်း ရှိခိုးဦးတင်၍ တောင်းဆုပန်ဆင်နေကြ လေသည်။ တကယ်တော့မူ လူသားတစ်ဦး ၏ ကောင်းမှု ဆိုးမှုကို လမ်းကြောင်းပြောင်း၍ တိမ်းစောင်းသွားအောင် ဘယ်ပုဂ္ဂိုလ်ကမှ ရွက်ဆောင် မပေးနိုင်ပေ။ ဆုတောင်းပေး၍လည်း မရ။
ဤသဘောတရားကို ဗုဒ္ဓဘုရားရှင်ကလည်း ဟောကြားခဲ့ပါသည်။
ဗုဒ္ဓဘုရားရှင်သည် နာလန္ဒမြို့၊ ပါဝါရိက သရက်ဥယျာဉ်၌ သီတင်းသုံးနေစဉ် ရွာသူကြီးတစ်ယောက် က လျှောက်ထား ခဲ့ဖူးသည်။
အရှင်ဘုရား၊ ပစ္ဆာဘူမိအရပ်မှာ နေသော ပုဏ္ဏားတွေက လူတွေကို နတ်ဘ၀ ရောက်အောင် လုပ်ပေးနိုင် သည်လို့ ဆိုပါသည်၊ အရှင်ဘုရားကော လုပ်ပေးနိုင်ပါသလား၊
ရွာသူကြီး၊ ကျောက်တုံးကြီး တစ်တုံးကို ရေထဲ ပစ်ချလိုက်ပြီးနောက် လူတွေက ၀ိုင်းပြီး အို ကျောက်တုံးကြီး ၊ ရေပေါ်မှာ ပေါ်ပါလော့၊ ကုန်းပေါ်သို့ တက်ခဲ့ပါလော့၊ လို့ အကြိမ်ကြိမ် တောင်းဆိုလျှင် ကျောက်တုံးကြီး ပေါ်လာ ပါမည်လား၊ ကုန်းပေါ်တက်လာပါမည်လား၊
မပေါ်လာနိုင်ပါ၊ မတက်လာနိုင်ပါဘုရား၊
ရွာသူကြီး၊ ထောပတ်အိုးတစ်လုံးကို ရေထဲမှာ ခွဲလိုက်မည်ဆိုလျှင် အိုခြမ်းကွဲတွေက ရေထဲမှာ မြုပ်ပြီး ထောပတ်တွေက ရေပေါ်မှာ ပေါ်နေလိမ့်မည်၊ ဒီအခါမှာ လူတွေက ၀ိုင်းပြီး ထောပတ်တွေ ရေအောက် နစ်မြုပ်ပါစေ၊ လို့ ဆုတောင်းကြလျှင် မြုပ်သွားပါမည်လား၊
မမြုပ်နိုင်ပါဘုရား၊
ရွာသူကြီး၊ ဒီဥပမာလိုပဲ၊ ကုသိုလ်ကောင်းမှု မလုပ်ဘဲ မကောင်းမှုတွေကို လုပ်နေပြီဆိုလျှင် ကောင်းရာ ဘ၀ ရောက်ပါစေလို့ ဘယ်လိုပင် ဆုတောင်းသော်လည်း မရနိုင်ဘူး၊ ကောင်းမှုတွေ လုပ်နေသူကိုလည်း မကောင်းသည့်ဘ၀ ခံရပါစေဆိုလို့ မရဘူး၊ ကောင်းမှု အကျိုးအတိုင်း ကောင်းသောဘ၀ကို ရရှိမည်သာတည်း၊
ဤဒေသနာတော်ကို ကြည့်လျှင် လူသားတစ်ဦးအတွက် အခြားသူက ကယ်တင်၍ မရနိုင်ကြောင်း၊ ဆုတောင်း၍လည်း မရနိုင်ကြောင်း၊ သူတစ်ပါးက ဆုတောင်းပေး၍လည်း မရနိုင် ကြောင်း၊ မိမိဘ၀ကို မိမိသာလျှင် ဖန်တီးနိုင်ကြောင်း၊ မိမိကိုယ်ကိုသာလျှင် မိမိကယ်တင်ရှင်ဖြစ် ကြောင်း ရေပြင် မှာ လှေယာဉ်သွားသလို ထင်ရှားလေပြီ။
ထေရ၀ါဒနှင့် အတိတ်နိမိတ် ယုံကြည်မှု
ဗုဒ္ဓဘုရားရှင် ပွင့်တော်မူသော ခေတ်၌ အိန္ဒိယနိုင်ငံတွင် အတိတ်စွဲ နိမိတ်စွဲစသော အယူအဆများလည်း များပြားလှ၏။ အတိတ်ကောင်း နိမိတ်ကောင်းနှင့် တွေ့ကြုံမှ မင်္ဂလာဖြစ် သည်။ မကောင်းလျှင် အမင်္ဂလာဖြစ်သည်ဟု လက်ခံ ယုံကြည်နေကြ၏။ ဤအယူအဆကို လောကီမင်္ဂလာဟု ခေါ်ကြသည်။ ဤအတိတ် နိမိတ်စွဲလည်း ၃-မျိုးရှိသည်။
(၁) ဒိဋ္ဌမင်္ဂလာ။ ။ အမြင်နိမိတ်ကို စွဲ၍ြ့ဖစ်သော မင်္ဂလာကို ခေါ်သည်။ နံနက် အိပ်ယာမှ ထလျှင် ပျံလွှားငှက်၊ မိုးစာငှက်၊ ကိုယ်ဝန်ဆောင်၊ အပျို လူပျို၊ အာဇာနည်မြင်း၊ နွားလားဥသဘ စသည်ကို မြင်လျှင် နိမိတ်ကောင်း သည်ဟု ယူဆကြ၏။ သူတောင်းစားစသည်ကို မြင်ရလျှင် နိမိတ်မကောင်း၊ အမင်္ဂလာဖြစ်သည်ဟု ယူဆကြသည်။
(၂) သုတမင်္ဂလာ။ ။ အကြားကို စွဲ၍ဖြစ်သော အတိတ်နိမိတ် မင်္ဂလာကို ခေါ်သည်။ဝမ်းမြောက် ပျော်ရွှင်ဖွယ် အသံကောင်း အဆိုကောင်းကို ကြားရလျှင် အတိတ်နိမိတ်ကောင်း မင်္ဂလာဖြစ်သည်ဟု ယုံကြည်ကြသည်။ ဇီးကွက်မည်သံကို ကြားရလျှင်လည်း ထို့အတူပင်။ ငိုေ<ကးသံ၊ ငှက်ဆိုးထိုးသံတို့ကို ကြားရလျှင် အတိတ်နိမိတ် မကောင်း၊ အမင်္ဂလာဖြစ်သည်ဟု ယုံကြည်ကြသည်။
(၃) မုတမင်္ဂလာ။ ။ အတွေ့ကို စွဲ၍ဖြစ်သော အတိတ်နိမိတ်မင်္ဂလာကို ခေါ်သည်။ အနံ့ကောင်း၊ အရသာကောင်း၊ အတွေ့အထိကောင်းများကို ရရှိလျှင် မင်္ဂလာရှိသောအတိတ်နိမိတ်ဟု ယုံကြည်ကြသည်။ အနံ့ဆိုး၊ အရသာဆိုး၊ အတွေ့အထိဆိုးတို့ကို တွေ့ရလျှင် နိမိတ်မကောင်းသော အမင်္ဂလာဟု ယုံကြည်ကြသည်။ အိန္ဒိယအယူဝါဒအရဆိုလျှင်ဇာတ်နိမ့်သော ဒွန်းစဏ္ဍားတို့၏ ကိုယ်နှင့် ထိမိလျှင် အမင်္ဂလာအမှုဟု၍ ယုံကြည်ကြလေသည်။
လူတို့၏ ရက်ရာဇာ၊ ပြဿဒါး၊ လာဘ်နေ၊ နတ်နေ၊ နက္ခတ်ကောင်း၊ မကောင်းစသော အယူအဆများမှာ လည်း ထိုအတိတ်နိမိတ်စွဲ မင်္ဂလာယုံကြည်မှုတို့၌ ပါဝင်သည်။ဗုဒ္ဓဘုရားသည် ဤကဲ့သို့ အတိတ် နိမိတ်စွဲ မင်္ဂလာတို့ကို အလေးထား၍ မယုံကြည်အပ်ကြောင်း နောက်ကြောင်းဖြစ်ရပ် ဇာတ်ဒေသနာ အဖြာဖြာဖြင့် ဟောပြခဲ့ပါသည်။
ဗာရာဏသီပြည်မှ မိဘနှစ်ပါးတို့သည် သားအတွက် ဇနပုဒ်မှ အမျိုးသမီးတစ်ဦးကို တောင်းယူရန် ရက်ချိန်းပေး၍ သတ်မှတ်ခဲ့ကြသည်။ အမျိုးသမီး၏ မိဘတို့ကလည်း သဘောတူ လက်ခံထားကြသည်။ ရက်ချိန်းပေးပြီးမှ အာဇီဝကတက္ကတွန်းကို သွားမေးရာ ထိုရက်မှာ နက္ခတ် ကောင်းသော ရက် မဟုတ်ကြောင်း ပြောသည်။
ထို့ကြောင့် သားရှင်တို့သည် ချိန်းဆိုသောရက်မှာ မသွားကြဘဲ နောက်ရက်သို့ ရွှေ့ ဆိုင်းနေကြ၏။ ဇနပုဒ်မှ သမီးရှင်များကမူ ချိန်းဆိုသည့်နေ့၌ စောင့်ဆိုင်းနေကြ၏။ အချိန်ကုန်၍ မလာသောကြောင့် အခြားယောက်ျားကလေးတစ်ဦီးနှင့် ပေးစားလိုက်ကြသည်။
ဤဖြစ်ရပ် ဇာတ်ကြောင်းကို အခြေခံ၍ ဗုဒ္ဓဘုရားက-
နက္ခတ်ကောင်း အချိန်ကောင်းကို စောင်းဆိုင်းနေသည့် အသိဥာဏ် မရှိသူကို လိုအပ်သော အကျိုးတရား သည် နီးကပ်လာပြီးမှ ကျော်လွန်သွားတတ်၏။ လိုအပ်သော အချိန်၌ လိုအပ်သော အလုပ်ကို လုပ်ဆောင်ခြင်းသည် အချိန်ကောင်း၊ နက္ခတ်ကောင်းပင် ဖြစ်၏။ ကောင်းကင်က နက္ခတ်တာရာတို့သည် ဘယ်အကျိုးကို ဖြစ်စေနိုင်ပါမည်နည်း။
ဟု နေ့ကောင်းရက်သာ ရွေးသူတို့အတွက် အမှန်တရားကို မြွက်ကြားတော်မူခဲ့ပေသည်။
အတိတ်စွဲ၊ နိမိတ်စွဲနှင့် ပတ်သက်၍လည်း ဗုဒ္ဓဘုရားရှင်က ချေဖျက်ဟောကြားခဲ့ပါ သည်။ ဘုရားရှင် လက်ထက်ကလည်း ပုထုဇဉ်ရဟန်းတို့သည် အတိတ်နိမိတ်စွဲ ယုံကြည်မှုများ ရှိနေကြဟန် တူပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ သမ္မာပရိဗ္ဗာဇနီယသုတ်၌-
ကာမဂုဏ်တို့ကို ပယ်စွန့်၍ လူ့ဘောင်မှ ထွက်လာသည့် ရဟန်းတို့မှာ ဘယ်ကဲ့သို့ ကောင်းစွာ ကျင်းသုံးနေရ ပါမည်နည်း၊ ဟု မေးသည်။
ထိုအခါ ဘုရားရှင်က ဤသို့ ဖြေကြားတော်မူ၏။
အကြင်ရဟန်းသည် ကောင်းကျိုးရကြောင်း နိမိတ်ကောင်း ဖြစ်သည်ဟု စွဲလမ်း ယုံကြည်သည့် လောကီ ဆိုင်ရာ မင်္ဂလာတို့ကို အရိယမဂ်ဖြင့် ကောင်စွာ ပယ်ပြီးပြီ။ မိုကြိုး ပစ်ခြင်း၊ လောင်မီးကျခြင်း စသော ဘေးဥပဒ် ဆိုင်ရာ အယူအစွဲ၊ သက်ရှိ သက်မဲ့ အသုံးအဆောင် ပစ္စည်းတို့၏ လက္ခဏာဆိုင်ရာ အယူ အစွဲတို့ကို အရိယမဂ်ဖြင် ကောင်းစွာပယ်ပြီးပြီ။ ထိုရဟန်းသည် မင်္ဂလာ နှင့်စပ်သော အဖြစ်ဟူသမျှ ပယ်ပြီးဖြစ်လေတော့သည်။ ထိုရဟန်းသည် လောက၌ ကောင်းစွာ ကျင့်သုံး နေနိုင်ပါပေသည်။
ဗုဒ္ဓဘုရားသည် ဤကဲ့သို့ အတိတ်စွဲ နိမိတ်စွဲယုံကြည်မှုများကိုလည်း ချေဖျက်၍ ဟောကြားပါသည်။ ဤယုံကြည်မှုများမှာ လူသားတို့၏ စိတ္တဇအတွေးဖြင့် သတ်မှတ်ယုံကြည်နေ သော ဖန်တီးမှုများသာ ဖြစ်သည်။ လက်ငင်း လက်တွေ့ မကျသော ယုံကြည်မှုများ ဖြစ်သည်။ ထိုအတွေးယုံကြည်မှုများမှာ ဘာမျှ အဓိပ္ပာယ်မရှိ။ လူ၏စိတ်ကို ညစ်နွမ်းစေသော ယုံကြည်မှုများသာ ဖြစ်၍ ပယ်မြစ်နေထိုင်ကြရန် ဟောကြားခြင်း ဖြစ်သည်။ ဤသို့ ပယ်မြစ်နေနိုင်ပြီဆိုလျှင် စိတ်ကို နှောင်ချုပ်ထာသော တရားများမှလည်း လွတ်မြောက်ပြီ။ စိတ်၏ လွပ်လပ်မှုကို ရရှိသွားပြီ။
ဗုဒ္ဓဘုရားသည် မိမိကိုတိုင်လည်း စိတ္တဇအတွေးဖြင့် ဖန်တီးထားသော အတိတ်နိမိတ်စွဲတို့ကို တော်လှန်ပြ ခဲ့သည်။ ကိုယ်တိုင်ကျင့်သုံး ပြခဲ့သည်။
by သလ္လာဝတီ အွန်လိုင်းစွယ်စုံကျမ်း

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated