@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Saturday 13 June 2015

**နမော ဓမ္မရာဇဿ**



နမော တဿ ဘဂဝတော အရဟတောသမ္မာသမ္ဗုဒ္ဓဿ။
**နမော ဓမ္မရာဇဿ**
* န တာဝတာ ဓမ္မရော၊ ယာဝတာ ဗဟု ဘာသတိ။
* ယော စ အပ္ပမ္ပိ သုတွာန၊ ဓမ္မံ ကာယေန ပဿတိ။
* သ ဝေ ဓမ္မရော ဟောတိ၊ ယော ဓမ္မံ နပ္ပ မဇ္ဇတိ။
(ဓမ္မပဒဂါထာ ၂၅၉)
* အပြောများရုံ၊ နှုတ်အာဂုံ၊ အစုံရပါစေ။
* လက်တွေ့မပွား၊ မကျင့်ငြား၊ တရားမဆောင်ပေ။

* တရားအနွယ်၊ မကွယ်ရုံသာ၊ စောင့်ပေးကာ၊ ကိုယ့်ဟာမဟုတ်ချေ။
* နို့မသုံးရ၊ မခိုင်းရဘဲ၊ အခကိုယူ၊ နွားကျောင်းသူ၊ ပုံတူမှတ်ကြလေ။
* သင်ယူနာကြား၊ လက်တွေ့ပွား၊ တရားမြင်အောင် ကျင့်တတ်ပေ။
* စွမ်းအားတက်အောင်၊ တရားဆောင်၊ အမှောင်ကင်းစင်ချေ။
* ရှေ့ နောက် ဆက်စပ်၊ သတိကပ်၊ ရှုမှတ်၍ သာနေ။
* တရားဆောင်သူ၊ စိတ်မပူ၊ စင်ဖြူအေးချမ်းပေ။

** လူလုပ်၍ဖြစ်နိုင်သော အထူးအဆန်း ဟူသမျှတို့တွင် တရားသည်သာ အထူးဆန်းဆုံးဖြစ်သည်။ လူစွမ်းကောင်းလုပ်နည်းတို့တွင်လည်း တရားသည်သာ အကောင်းဆုံးနည်းဖြစ်သည်။ လောကတွင်းရှိ လူစွမ်းကောင်းတို့တွင်လည်း တရားဖြင့် လူစွမ်းကောင်းလုပ်သူသာ အစွမ်းဆုံးဖြစ်သည်။ တရားသည် လောကကို အနိုင်ယူလွှမ်းမိုးဖို့သာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လောကအဆိုး ပေါ်လာတိုင်း နောက်ဆုတ်အရှုံးပေးဖို့ တရားပေါ်လာခြင်းမဟုတ်၊ တရားသည် တစ်ချို့ အဆိုးများကို အကောင်းအဖြစ်ပြောင်းလဲပေးသည်။ တစ်ချို့အဆိုးများကို ကင်းပျောက်အောင် ဖယ်ရှားပစ်သည်။ အဆိုးကို အဆိုးအတိုင်းလက်ခံကာ အဆိုးအတိုင်းပြန်မပေးတတ်ချေ၊ ထိုကြောင့်ပင် တရားသည် အားကိုးစရာ ရတနာဖြစ်လာရပေသည်။
** တရားဟူသည် စာသိ ကျင့်သိ ထိုးထွင်းသိအားဖြင့် အသိ၃-မျိုးပင်ဖြစ်သည်။ လောဘ ဒေါသ မောဟကို အနိုင်ယူလွှမ်းမိုးနိုင်မှ တရားဟုခေါ်သည်။ လောဘ ဒေါသ မောဟအားလုံးကိုနိုင်မှလည်း ဆင်းရဲ အပူအရှုပ်အားလုံးကို အနိုင်ယူနိုင်မည်ဖြစ်သည်။ စာသိကို ပရိယတ်၊ ကျင့်သိကို ပဋိပတ်၊ ထိုးထွင်းသိကို ပဋိဝေဓဟုလည်းခေါ်သည်။
*စာသိ* သည် ဆင်းရဲအပူကို အနိုင်ယူပုံနည်းစနစ်ဖြစ်၍ *ကျင့်သိ* သည် ဆင်းရဲအပူကို နိုင်အောင် လက်တွေ့လေ့ကျင့် နေခြင်းဖြစ်သည်။ *ထိုးထွင်းသိ* ကား ဆင်းရဲအပူကို တကယ်နိုင်သွားခြင်းပေတည်း။ ဆင်းရဲအပူကို တကယ်နိုင်သွားမှလည်း တကယ့် တရားအစစ်ကို ရရှိပိုင်ဆိုင်သွားမည်ဖြစ်သည်။
မကျန်းမမာဖြစ်နေသူသည် **ဘီရိုထဲမှာ ဆေးဝါးအစုံရှိသည်**
ဟု ဆိရုံမျှဖြင့် ရောဂါကင်း၍ ကျန်းမာလာမည်မဟုတ်ဘဲ ထိုရှိနေသော ဆေးဝါးထဲမှ သင့်လျော် လျောက်ပတ်သည့် ဆေးဝါးကို ရွေးချယ်သုံးစားမှီဝဲမှသာ စွဲကပ်နေသော အနာရောဂါ ပျောက်ကင်း၍ ကျန်းမာနိုင်မည်ဖြစ်သည်။ ဆင်းရဲအပူမျိုးစုံ ကြုံတွေ့နေရသူသည်လည်း စာသိ-ပရိယတ်သိ အပြည့်စုံရှိနေရုံမျှဖြင့် အပူကင်း၍ ငြိမ်းချမ်းလာမည်မဟုတ်ဘဲ စာသိ နည်းစနစ်အတိုင်း လက်တွေ့ ဖြည့်ကျင့် ကြိုးစား အားထုတ်မှသာ အပူကွာ၍ ချမ်းသာရာရနိုင်မည် ဖြစ်သည်။
* နှုတ်တက်အာဂုံဆောင်ကာ စာသိများစရှိ၍ သူတစ်ပါးတွက်ဟောပြောပို့ချ လမ်းညွှန်ရေးသားတတ်ရုံမျှဖြင့် ဓမ္မဓရ=တရားဆောင် ပုဂ္ဂိုလ်အစစ်မဖြစ်နိုင်သေး၊ တရားအမျိုး အနွယ်အဆက် မကွယ်ပျောက်ရုံ စောင့်ရှောက်ပေးနေရသည့် အစောင့်အရှောက် ပုဂ္ဂိုလ်သာ ဖြစ်နေဦးမည်။ စာသိလောက်မျှဖြင့် ကိုယ်ပိုင်တရားအစစ် မဖြစ်နိုင်သေး၊ အဖိုးအခကိုယူ၍ သူတစ်ပါးနွားကို ထိန်းကျောင်းပေးနေရသူသည် နွားကျောင်းခသာ ရမည်ဖြစ်၍ နွားများကို စိတ်ကြိုက်ခိုင်းခွင့်လည်းမရှိ၊ နွားမှဖြစ်ပေါ်လာသော နွားနို့ကိုလည်း သောက်သုံးခွင်မရှိ၊ စာသိမျှသာရှိ၍ များစွာဟောပြော ပို့ချ ဖြန့်ဝေပေးနေရသူသည်လည်း လူအများ၏ ပူဇော်လှူဒါန်းမှုလောက်သာ ခံယူရ၍ တရားကို စိတ်ကြိုက် ခိုင်းခွင့် အသုံးချခွင့်လည်းမရ၊ အလွန် ကောင်းမွန်သည့် တရားအရသာကိုလည်း သုံးစွဲ ရမည်မဟုတ်။
* ပရိယတ္တိဓမ္မဓရပုဂ္ဂိုလ်ကို တရားဆောင်အစစ် မဟုတ်သေးဟု ဆိုခြင်းမှာ ကိုယ့်အတွက်ရည်ရွယ်၍ ဆိုခြင်းဖြစ်သည်။ သာသနာအတွက် အများအတွက်ကား အလွန်အားကိုးရသည့် * တရားဆောင် * ပုဂ္ဂိုလ်များသာဖြစ်သည်။ ထို့ကြောင့်ပင် မြတ်စွာဘုရားကိုယ်တော်တိုင်က ပရိယတ္တိသုတကြွယ်ဝသူ ဗဟုသုတပုဂ္ဂိုလ်များကို * သုတဗုဒ္ဓ * ပုဂ္ဂိုလ်အဖြစ် ဂုဏ်တင် ချီးမွမ်းတော်မူခဲ့သည်။
* ပရိယတ္တိတရားဆောင်ဖြစ်သူ မိမိအတွက်ကား စာသိမျှဖြင့် ကိုယ်ပိုင်မဖြစ်သေး စာသိကိုအခြေခံ၍ နှလုံးသွင်းမှားကာ အလွဲသုံးစားလုပ်မိလျှင် ကဿပဘုရားရှင် သာသနာတုန်းက ပိဋက ၃ပုံ စာချအကြော်ဆရာတော် အရှင်ကပိလကဲ့သို့ အပါယ်သို့ပင် ရောက်တတ်ပါသေးသည်။ အရေးကြုံလာလျှင် ကိုယ့်ကို မကယ်နိုင်သေးပါ။
* သင် ယူ နာကြား စာသိများအောင် ကြိုးစား၍ ကျင့်သိများအောင် လက်တွေ့ပွားကာ အားထုတ်ပေးမှ ကိုယ်ပိုင်တရားဆောင် ပုဂ္ဂိုလ်ဖြစ်သးမည်။ ကျက့်သိပေါ်အောင် တိုးမြှင့်ပေးမှ တရားဆေးကို လက်တွေ့ သုံးစွဲရာရောက်သဖြင့် ကိလေသာအနာရောဂါပျောက်မည် ဖြစ်သည်။ လက်တွေ့ပွား၍ သစ္စာတရားမြင်သွားလျှင် ထိုးထွင်းသိအဖြစ် ရောက်သွားနိုင်သည်။ စာသိသည် ကျင့်သိအတွက်ဖြစ်၍ ကျင့်သိသည်လည်း ထိုးထွင်းသိ အတွက်ဖြစ်သည်။ သစ္စာကို တကယ်မြင်၍ ပဋိဝေဓ = ထိုထွင်းသိ အဆင့်ရောက်မှ ဓမ္မဓရအစစ် = တကယ့်တရားဆောင် ပုဂ္ဂိုလ်ဖြစ်ရတော့သည်။ စာသိအားဖြင့် အနည်းငယ် တစ်ဂါထာလောက်မျှကိုသာ လေ့လာသင်ယူထားသော်လည်း လက်တွေ့ကျင့်ကြံ ပွားများ အားထုတ်၍ မဂ်ဖိုလ်ရသွားလျှင် တကယ့်တရားဆောင် ပုဂ္ဂိုလ်ဖြစ်သွားသည်။
* တရားအားလုံကို သတိဖြင့် သတိဖြင့် ချုပ်ကိုင်ထားသည်ဖြစ်ရကား မဂ်ဖိုလ်ရရေးကို အရေးတကြီး ဦးစားပေးကာ သတိမပြတ်ရ့မှတ်နေလျှင်လည်း ဓမ္မဓရ '= တရားဆောင် ပုဂ္ဂိုလ်ပင်ဖြစ်သည်။ သတိမပြတ် ရှုမှတ်နေလျှင်ပင် ကိလေသာ အပူ အရှုပ် အညစ်များကို လက်တွေ့ အနိုင်ယူနေပြီ ဖြစ်သည်။ သို့ဖြစ်၍ အနည်းဆုံး ပဋိပတ္တိ ဓမ္မဓရ ဖြစ်အောင် သတိရှေ့ထား ဥာဏ်တရားဖြင့် ခန္ဓာကို လက်တွေ့အသုံးချနိုင်မှ တကယ့်လူစွမ်းကောင်း ဖြစ်လာနိုင်ပါလိမ့်မည်။
အရှင်သိရိန္ဒာဘိဝံသ (ယောဆရာတော်)
(မြတ်မြတ်ခိုင်ဖေ့ဘုတ်မှတဆင့်)

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated