လောကမှာ မိတ်ဆွေကောင်း ရှိဖို့လိုပါတယ်။ အဲဒီ မိတ်ဆွေကောင်းအထဲမှာ မိတ်ဆွေ
မဟုတ်ဘဲနဲ့ မိတ်ဆွေယောင် ထင်နေရတဲ့ ပုဂ္ဂိုလ်မျိုးက လေးမျိုးရှိပါတယ်။ မြတ်စွာဘုရားက
သိင်္ဂါလောဝါဒသုတ္တန်မှာ သင်္ဂါလသတိုးသားကို ဆုံမသြ၀ါဒ ပေးတဲ့အနေနဲ့ဟောထားပါတယ်။
၁။ အညဒတ္ထုဟရ= ကိုယ့်ဘက်က တစ်ဖက်သတ် ကိုယ်ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်ထံက ဘာပဲ
ဖြစ်ဖြစ် ရအောင်ယူတတ်ပါတယ်။ ဟိုဟာလေး တောင်းမယ်။ ဒီဟာလေး တောင်းမယ်။ ဟိုဟာ
လေး ယူမယ်။ ဒီဟာလေး ယူမယ်။ အမြဲတမ်းရအောင် ယူတတ်ပါတယ်။ ပေးရင်လည်း နည်း
နည်းပါးပါးလေး ပေးပြီး များများရအောင် ယူသွားတတ်ပါတယ်။
၂။ ၀စီပရမ = ပေးရန် လက်မပါဘူး။ အပြောသက်သက်သာ ရှိပါတယ်။ အပြောနဲ့
လောကွတ်လုပ်တဲ့ မိတ်ဆွေမျိုးပါ။ သူက အတိတ်နဲ့ လောကွတ်လုပ်ပါတယ်။ အနာဂတ်နဲ့ လော
ကွတ်လုပ်ပါတယ်။ ဆိုပါစို့၊ အိမ်တစ်အိမ်သွားတယ်၊ အိမ်ရှင်သူငယ်ချင်းက၊ ဟာ.. သူငယ်ချင်း
ကွာ၊ မင်းနောက်ကျ လိုက်တာကွာ၊ ငါတို့ ကြက်သားချက်ထားတာ၊ ငါတို့အားလုံး စားလို့ကုန်
သွားပြီ။ အခုတော့ ချဉ်ပေါင်ဟင်းပဲ ကျန်တော့တယ်ကွာ။ (တကယ်ချက်ထားတာ မဟုတ်ဘူး)
တစ်ခါတစ်ရံ ဟိုမနှစ်က အရာနဲ့ ဧည့်ခံလိုက်တယ်။ “ဟို မနှစ် ငါစီးပွားဖြစ်တုန်းက မင်းကိုမျှော်
လိုက်တာ၊ မင်းမလာဘူး။ အခုတော့ ငါလည်း ဒုက္ခရောက်နေတယ်ကွာ။ ကူညီချင်လိုက်တာ။
(ဒါပေမယ့် ဟိုလူက၀မ်းသာသွားတယ်၊ သြော်..ဒီလူ ငါ့အပေါ်ကောင်းသားပဲလို့ ထင်သွားတယ်)
၃။ အနုပိယဘာဏီ= ဘယ်တော့မဆို အကြိုက်ကို လိုက်ပြောတတ်တဲ့ မိတ်ဆွေ။
ကောင်းတာပြောလည်း အေး..ကောင်းတယ်။ မကောင်းတာပြောလည်း အေး..ကောင်းတယ်။
ဟို တစ်ဖက်သား အကြိုက်ကို လိုက်ပြောတာပါ။ ဘယ်တော့ဖြစ်ဖြစ် အကောင်းဖက်ကနေ လိုက်
ပြောပါတယ်။ မကောင်းမှုတွေလုပ်လည်း ဟာ..ကောင်းတာပေါ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ လူရှေ့
ကျတော့ ချီးမွမ်းတတ်တယ်။ မင်းသိပ်တော်တာပေါ့ ဘာညာနဲ့ဆိုပြီး၊ ဒီလူလည်း ထွက်သွားရော
မေးငေါ့ကျန်ခဲ့တယ်။ ရှေ့တင် ကောင်းတယ်။ ကွယ်ရာကျတော့ အတင်းပြောတယ်။
၎။ အပါယသဟာယ= ပျက်စီးဖို့အတွက် အပေါင်းအသင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တဲ့။ ဘီယာ၊
အရက် သောက်ဖေါ်သောက်ဖက်။ အချိန်မတော် အချိန်တော် ထွက်လည်ဖို့ခေါ်မယ်၊ လိုက်မယ်၊
ဖဲရိုက်မယ်၊ လောင်းကစားလုပ်မယ်။ ဘုရားသွား၊ ကျောင်းတက်ကျတော့ မလိုက်ဘူး။ အဲဒီကိစ္စ
မျိုးမှာ လိုက်လျောတဲ့၊ အဖေါ်ပြုတဲ့ မိတ်ဆွေမျိုးဟာ မိတ်ဆွေအစစ် မဟုတ်ပါဘူး။
မြတ်စွာဘုရားက အဲဒီပုဂ္ဂိုလ်လေးမျိုးကို မိတ်ဆွေလို့ မခေါ်ဘူး။ အမိတ္တ ရန်သူလို့တောင်
သတ်မှတ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုး ကိုယ်ကိုယ်တိုင်လည်း မဖြစ်သင့်ဘူး။ ကိုယ်ပေါင်းသင်းတဲ့
ပုဂ္ဂိုလ်မှာလည်း ဒါမျိုးကို မိတ်ဆွေအဖြစ် မပေါင်းသင်းရဘူး။
ဒါကြောင့် တရားချစ်ခင် တရားကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေအပေါင်းက
လည်း မိတ်ကောင်းဆွေကောင်းကို ပေါင်းသင်းကြကာ ဘ၀မြင့်မြတ်သထက် မြင့်မြတ်ပြီး မြတ်
နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ လှိုင်မြို့နယ်၊ တိုင်းရင်း
သားများ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိ
ဝံသ၏ မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:
Post a Comment