@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 1 October 2013

ဘေးခတဲ့မျက်ရည်နဲ့ အေးမြတဲ့မဂ်ဆီ သွားရအောင်




တစ်ခါတုန်းက မိလိန္ဒမင်းကြီးက အရှင်နာဂသိန် မထေရ်မြတ်ကို မျက်ရည်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးခဲ့ဖူးပါတယ် ။

' အရှင်ဘုရား ... အမေသေလို့ ကျရတဲ့ မျက်ရည်နဲ့ တရားချစ်လို့
ကျရတဲ့ မျက်ရည် ၊ ဘယ်မျက်ရည်က ဆေးဖက်ဝင်ပါသလဲ ?
ဘယ်မျက်ရည်က ဆေးဖက်မ၀င်ပါသလဲ ?

' ဒကာတော်မြတ် ... ရာဂ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ အညစ်အကြေးတွေနဲ့ ညစ်နွမ်းပူလောင်နေတဲ့ မျက်ရည်ဟာ
ဆေးဖက် မ၀င်တဲ့ မျက်ရည် ဖြစ်ပါတယ် .။


တရားဓမ္မနဲ့ ယှဉ်တဲ့ နှစ်သက်ဝမ်းမြောက်မှု ပီတိသော
မနဿတွေနဲ့ သန့်စင်အေးမြနေတဲ့ မျက်ရည်ကတော့
ဆေးဖက်ဝင်တဲ့ မျက်ရည်ဖြစ်ပါတယ်။ '

ပါဋ္ဌိလို 'ဘေသဇ္ဇအဿု' ဆိုတာ မြန်မာလိုတော့ ဆေးဖြစ်တဲ့
မျက်ရည် ၊ ဆေးဖက်ဝင်တဲ့မျက်ရည် ၊ ဆေးပေါင်းခတဲ့
မျက်ရည်ပေါ့။

ပါဋ္ဌိလို 'အဘေသဇ္ဇအဿု' ဆိုတာကတော့ မြန်မာလို ဆေး
မဖြစ်တဲ့မျက်ရည် ၊ ဆေးဖက်မ၀င်တဲ့မျက်ရည် ၊ ဆေးပေါင်းခ
တဲ့မျက်ရည်၊ တနည်းအားဖြင့် -ဘေးဖြစ်တဲ့မျက်ရည်၊ဘေးဖက်ဝင်တဲ့မျက်ရည်၊ဘေးပေါင်းခတဲ့မျက်ရည်ပေါ့.....။

ကိလေသာအခြေခံတဲ့ မျက်ရည်မှန်သမျှ ၀မ်းနည်းလို့ပဲ ကျကျ ၊
ဝမ်းသာလို့ပဲ ကျကျ ၊ဘေးပေါင်းခတဲ့ မျက်ရည်ပါပဲ .....။
စိတ်ညစ်စရာ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရလို့ ၀မ်းနည်း
ပြီးကျတဲ့ မျက်ရည်မှ ဘေးပေါင်းခတာ မဟုတ်ပါဘူး ...။

စိတ်ချမ်းသာစရာ၊စိတ်ပျော်ရွှင်စရာ အဖြစ်အပျက်တွေနဲ့
ကြုံတွေ့ရလို့ ၀မ်းသာပြီးကျတဲ့ မျက်ရည်ဟာလည်း
ဘေးပေါင်းခပါတယ်...။ကိလေသာအခြေခံတဲ့ မျက်ရည်
ဆိုတဲ့နေရာမှာ ဖိုမရေးရာ တပ်မက်မှုကိုသာ ကိလေသာလို့ ခေါ်တာမဟုတ်ပါဘူး ...။

မိဘနဲ့သားသမီး၊ဆရာနဲ့တပည့်၊ညီအကိုမောင်နှမအချင်းချင်း၊မိတ်ဆွေအပေါင်းအသင်းအချင်းချင်း၊လုပ်ဖော်ကိုင်ဖက်
အချင်းချင်း၊ဆရာဒကာအချင်းချင်း၊သံယောဇဉ်အနှောင်အဖွဲ့နဲ့ ရစ်ပတ်တွယ်တာနေမှုမှန်သမျှ ကိလေသာတွေချည်းပါပဲ ...။

သက်မဲ့အရာဝတ္တုတွေအပေါ် တမြတ်တနိုးနဲ့ နှစ်ခြိုက်စွဲလမ်း သံယောဇဉ်တွယ်နေတာတွေ အားလုံးလည်း ကိလေသာတွေပါပဲ ...။

ဘယ်လို သံယောဇဉ်မျိုးကြောင့်ပဲ မျက်ရည်ကျကျ ၀မ်းနည်းတဲ့
ကိလေသာ၊၀မ်းသာတဲ့ကိလေသာ၊ကိလေသာကို အခြေခံတာ
ဖြစ်တဲ့ အတွက် ဘေးပေါင်းခတဲ့မျက်ရည်တွေချည်းပါပဲ ...။

တခြား ပြင်ပဘေးတွေ ဘာမှမတွေ့ရသေးဘူးပဲ ထားပါဦး စိတ်ပူလောင်တဲ့ဘေး၊စိတ်ရှုတ်ထွေးတဲ့ဘေး၊စိတ်မတည်မငြိမ်
ယောက်ယက် ခတ်တဲ့ဘေး၊စိတ်လှုပ်ရှားတဲ့ဘေး ကတော့ အတွင်းဘေးအဖြစ်နဲ့ သေချာပေါက် ရင်ဆိုင်ကြုံတွေ့ရမှာပါ ...။

ဝမ်းသာလို့ ကျတဲ့မျက်ရည်ဟာ လောဘအပူနဲ့ စိတ်ယောက်
ယတ်ခတ်ပြီး ဘေးခနေပါတယ် ..........

ဝမ်းနည်းလို့ ကျတဲ့မျက်ရည်ဟာ ဒေါသအပူနဲ့ စိတ်တင်းကျပ်ပြီး ဘေးခနေပါတယ် ..........

ဘုမသိ ဘမသိ အလိုလိုကျတဲ့မျက်ရည်ဟာ မောဟအပူနဲ့
စိတ်လွှင့်မျောပြီး ဘေးခနေပါတယ် ........

ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့ တွေ့ကြုံခွင့်ရတဲ့အခိုက် ကံကောင်းတာတစ်ခုကတော့ ဘေးပေါင်းခတဲ့မျက်ရည်ကို ဆေး
ပေါင်းခတဲ့ မျက်ရည်အဖြစ် အသွင်ပြောင်း ထုတ်လုပ်နိုင်ခြင်းပါပဲ .....။

တနည်းအားဖြင့် -

ပြောရရင်တော့ ဘေးခတဲ့မျက်ရည်နဲ့ အေးမြတဲ့ မဂ်ဆီ အရောက်သွားနိုင်ခြင်းပါပဲ .......

ဘေးကိုဆေးဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်းတွေ မြတ်စွာဘုရားရှင်က အပြည့်အစုံ ပေးထားပါတယ် .......

ဘေးကို ဆေးဖြစ်အောင် လုပ်တဲ့နေရာမှာ ကိုယ့်ဘက်က ပေးရမယ့် တန်ဖိုးကတော့" ယောနိသော မနသိကာရ " လို့ခေါ်တဲ့ စိတ်ထား တတ်မှု ၊ စိတ်ထားမှန်မှု ပါပဲ .....။

စိတ်ထားတတ်မှ၊စိတ်ထားမှန်မှ ဘေးကိုဆေးဖြစ်အောင် လုပ်နိုင်ပါတယ် .....

စိတ်ထားမတတ်ရင်၊စိတ်ထားမမှန်ရင် ဘေးကိုဆေးဖြစ်အောင် မလုပ်နိုင်ပါဘူး .....။
ဘေးပြီးတော့ဘေး ၊ ဘေးထက်ဘေးတွေပဲ တိုးပွားလာနိုင်ပါတယ် .....
- Young Buddhist's Association
ပါရမီဓာတ်ခံအရ ကိုယ်ကိုယ်တိုင်က စိတ်ထားမတတ်ခဲ့ စိတ်ထားမမှန်ခဲ့ရင်တောင်မှ စိတ်ထားတတ်အောင်၊စိတ်ထားမှန်အောင် လမ်း ညွှန်ပေးနိုင်တဲ့ ဆရာကောင်း သမားကောင်း၊မိတ်ကောင်း ဆွေကောင်းတွေရဲ့ အကူအညီကြောင့် ကိုယ့်ရဲ့ ဘေးခမျက်ရည်ဟာ ဆေးခ မျက်ရည်အဖြစ် အလိုလို အသွင်ပြောင်းသွားနိုင်ပါတယ် .....။

ကူညီသူရဲ့ လမ်းညွှန်ချက် မှန်ကန်ဖို့တော့ အရေးကြီးပါတယ် ...။မေတ္တာမှန်ရုံနဲ့ မပြီးပါဘူး၊ပညာပါ မှန်ဖို့ လိုအပ်ပါတယ် ...။

မြတ်စွာဘုရားရှင်လို ပုဂ္ဂိုလ်မျိုးရဲ့ အကူအညီကိုသာ ရလိုက်လိုက်လို့ကတော့ ကိုယ့်ရဲ့ ပူလောင်နေတဲ့ ဘေးခမျက်ရည်ဟာ အလွန် တရာအေးမြတဲ့ ဆေးခမျက်ရည်အဖြစ် အချိန်မဆိုင်း ချက်ချင်းပြောင်းလဲသွားမယ်ဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး .....။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက ပဋာစာရာ(အများပြော ပဋာစာရီ) ဆိုတာ ဘေးပေါင်းခတဲ့မျက်ရည်တွေနဲ့ အကြီးအကျယ် ပူလောင်ရူးသွပ်ခဲ့ရသူတစ်ဦးပေါ့ .......

ခင်ပွန်းသည်က မြွေကိုက်လို့သေ၊သားကြီးက ရေနစ်လို့သေ၊သားငယ်က စွန်ချီလို့သေ၊မိဘနှစ်ပါးနဲ့အစ်ကိုက လေကြီးမိုးကြီးကျပြီး အိမ်ပြိုပိလို့သေ၊တစ်နေ့တည်းမှာ အချစ်ရဆုံးသူခြောက်ဦးတို့ရဲ့ ခြောက်လောင်းပြိုင်သေပွဲကြီးနဲ့ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ ပဋာစာရာ မှ မရူးသွပ်ရင် ဘယ်သူရူးသွပ်ဦးမှာလဲ ???

အကြင်နာတရားကင်းမဲ့တဲ့လူတွေက 'အရူးမ၊အရူးမ 'လို့ခေါ်ပြီး သဲနဲ့ပက်၊ခဲနဲ့ပေါက် လုပ်ကြပေမယ့် အကြင်နာတရားပြည့်ဝ တဲ့ မြတ်စွာဘုရားရှင်ကတော့ သူ့ရဲ့တရားပွဲဆီ ပဋာစာရာ မရောက်ရောက်လာအောင် စိတ်တန်ခိုးအားနဲ့ ဆွဲခေါ်ဆောင်ယူတော် မူပါတယ် ....။

ဘုရားတန်ခိုးတော်နဲ့ တရားပွဲထဲရောက်လာတဲ့ ပဋာစာရာကို သဘောထားသေးသိမ်တဲ့ မေတ္တာတရား ခေါင်းပါးတဲ့ တရားနာ ပရိတ်သတ်က နှင်ထုတ်ကြပါတယ် .....။

မြတ်စွာဘုရားရှင်ကတော့ မေတ္တာတရားကြီးမားသူပီပီ ပဋာစာရာကို နှင်မထုတ်ဖို့ တရားနာပရိတ်သတ်ကို မိန့်ကြားပြီး အနီးနား ထိ ရောက်လာတဲ့ ပဋာစာရာကို " နှမလေးရယ် ...သတိလေးတစ်ချက်လောက် ထားလိုက်ပါဦးကွယ်" လို့ နှုတ်ခွန်းဆက် မေတ္တာ တရားစကား မိန့်ကြားတော်မူလိုက်ပါတယ် .....။

မြတ်စွာဘုရားရှင်ရဲ့ မေတ္တာဓာတ်၊ဓမ္မဓာတ်ကြောင့် အရူးစိတ် ပြေပျောက်ပြီး အသိစိတ်ဝင်ရောက်လာတဲ့ ပဋာစာရာကို မြတ်စွာဘုရားရှင် က ဘေးပေါင်းခတဲ့မျက်ရည် ပမာဏအကြောင်းနဲ့ ဘေးပေါင်းခတဲ့ မျက်ရည်ကို ဆေးပေါင်းခအောင် အသွင်ပြောင်းပုံ နည်းလမ်း အကြောင်း အခုလို မိန့်ကြားတော်မူပါတယ် .....။

"ချစ်နှမ ပဋာစာရာ . . . သမုဒ္ဒရာလေးစင်းထဲမှာရှိတဲ့ရေတွေဟာ တကယ်တော့ နည်းနည်းလေးပါကွယ် . . .ဘာမှမပြောပလောက်ပါ ဘူး...။

သံသရာမှာ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့ရလို့ ပူပင်သောကဖြစ်ပြီး ကျခဲ့ရတဲ့ သတ္တ၀ါတစ်ဦးတစ်ယောက်ရဲ့ မျက်ရည်တွေကမှ သမုဒ္ဒရာလေးစင်းထဲက ရေတွေထက် အင်မတန် များပြားလွန်းလှတာပါ . . .၊နည်းနည်းနောနောမှ မဟုတ်ပါပဲလား ??? ချစ်နှမရယ်...."

"သမုဒ္ဒရာလေးစင်းထက်များတဲ့ မျက်ရည်တွေ ကျခဲ့ဖူးလှတာတောင် ခုချိန်ထိ ဘာလို့များ မေ့လျော့နေချင်ရသေးတာလဲ . . . မမေ့လျော့သင့်တော့ဘူးလေ . . . ခုချိန်ကစပြီး မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ နေထိုင်မှုပုံစံသစ် ပြောင်းလိုက်ပါတော့ ချစ်နှမရယ် . . . နော် . . ."

မြတ်စွာဘုရားရှင်ရဲ့ မျက်ရည်တရားကို နားကြားရတဲ့အတွက် ပဋာစာရာရဲ့ ရင်ထဲက ပူလောင်မှုတွေ ငြိမ်းအေးသွားပါတယ်၊နုလုံးသား ထဲက ရှုပ်ထွေးမှုတွေ ရှင်းလင်းသွားပါတယ်...။

စိတ်ထဲက နောက်ကျုမှုတွေ ကြည်လင်သွားပါတယ် ၊ သွေးထဲက လှုပ်ရှားမှုတွေ ငြိမ်သက်သွားပါတယ် ပဋာစာရာရဲ့ စိတ်အစဉ် ငြိမ်အေးရှင်းလင်း ကြည်လင်ငြိမ်သက်သွားပြီဆိုတော့မှ မြတ်စွာဘုရားရှင်က

"မိဘဆွေမျိုး၊သားသမီး၊ဇနီး ခင်ပွန်း၊မိတ်ဆွေ စတဲ့ အပေါင်းအဖော်တွေဟာ အားကိုးမှီခိုရာ အစစ်မဟုတ်ကြောင်း၊အို နာ သေရေး စတဲ့ တကယ့်ဒုက္ခဘေးတွေနဲ့ တွေ့ကြုံလာတဲ့အခါ ဘယ်သူ့ကိုမှ အားကိုးမှီခိုလို့ မရကြောင်း၊အသိဥာဏ်ရှိတဲ့ သူတော်ကောင်းဟာ ကိုယ့်ရဲ့ နိဗ္ဗာန်သွားလမ်းကို သီလ အခြေခံပြီး အမြန်ဆုံး တည်ဆောက်လျှောက်သင့်ကြောင်း" ရှင်းလင်းမိန့်ကြားတော်မှုပါတယ် .....။

တရားတော်ရဲ့အဆုံးမှာ ပဋာစာရာ သောတပန်တည်သွားပါတယ် .....။နောက်တော့ -
ဘိက္ခုနီမ ပြုပြီး တရားဆက်အားထုတ်လိုက်တာ ပဋိသမ္ဘိဒါလေးပါးနဲ့တကွ ရဟန္တာဖြစ်သွားတဲ့အပြင် ၀ိနည်းဆောင်တဲ့ ဘိက္ခုနီတွေထဲ မှာ အသာဆုံးအမြတ်ဆုံး ဧတဒဂ်ဘွဲ့ကိုပါ ဆွတ်ခူးရရှိသွားပါတယ် .....။

ပဋာစာရာရဲ့ ဘေးပေါင်းခနေတဲ့ သောကမျက်ရည်ဟာ ဘုရားအဆုံးအမတရားတော်ကြောင့် ဆေးပေါင်းခတဲ့ ဓမ္မမျက်ရည်အဖြစ် အသွင်ပြောင်းသွားခဲ့ပါတယ် ...။
မြတ်စွာဘုရားရှင်ရဲ့ ကျေးဇူ့တရား ကြီးမားလှပါတယ် .....။
"အရူးမမို့ အဖက်မလုပ်ဘူး ၊အဖက်မလုပ်နဲ့" ဆိုတဲ့ သူတော်ကောင်းစိတ်မရှိသူတွေနဲ့ချည်းသာ တွေ့ဆုံရမယ်ဆိုရင်တော့ ပဋာစာရာ ရဲ့ ဘ၀ အခုလို လှပလာတော့မှာ မဟုတ်ပါဘူး .....။
လူအများစုရဲ့ သဘောက ကိုယ်ကသာ မိတ်ကောင်းဆွေကောင်း
လိုချင်တယ် ၊ကိုယ်ကတော့ သူတစ်ပါးရဲ့ မိတ်ကောင်းဆွေကောင်း
ဖြစ်ဖို့ မကြိုးစားချင်ကြပါဘူး .....။

သူတစ်ပါးအပေါ် နေရာတကာ အပြစ်မြင်၊အပြစ်တင်တဲ့ စိတ်နဲ့ အဆင့်အတန်းခွဲခြားပြီး ဆက်ဆံချင်ကြပါတယ် ....။
ကိုယ့်အတွက် ရပေါက်ရှိမှ ပေါင်းချင်ကြပြီး ရပေါက် မရှိရင် မပေါင်းချင်ကြပါဘူး ...။
ဒါကိုပဲ ' လူမှုဆက်ဆံရေးတော်တယ်' လို့ တလွဲ ဂုဏ်ယူတတ်ကြပြန်ပါသေးတယ်။
အမှန်ကတော့ -

တကိုယ်ကောင်းဆန်တာပါ ... မေတ္တာတရားခေါင်းပါးတာပါ .....။
ပဋာစာရာ ကျခဲ့ရတဲ့မျက်ရည်ဟာ တကယ်တော့ ကာမဂုဏ်အာရုံကို အကြောင်းပြုပြီး ကျခဲ့ရတာမို့ ဘေးပေါင်းခတဲ့မျက်ရည်ပါ ...။
ဒါပေမယ့် -

မြတ်စွာဘုရားရှင်ရဲ့ သဘောတရားအဆုံးအမနဲ့ ကျင့်နည်းကြံနည်း အဆုံးအမတရားတွေကြောင့် ဘေးပေါင်းခတဲ့မျက်ရည် ဟာ ဆေးပေါင်းခတဲ့မျက်ရည်အဖြစ် အသွင်ကူးပြောင်းခဲ့ရပါတယ် .....။

လူသားတိုင်း လူသားတိုင်း သက်ရှိသက်မဲ့ ကာမဂုဏ်အာရုံတစ်ခုခုကို အကြောင်းပြုပြီး မျက်ရည်ကျခဲ့ကြဖူးမှာပါ .......
ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ ကိုယ်မဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ ငိုခဲ့ကြဖူးမှာပါ .........
မငိုတောင်မှ စိတ်ဆင်းရဲတာ၊စိတ်မချမ်းသာတာ၊စိတ်ပူပန်တာ၊စိုးရိမ်ကြောင့်ကြတာ၊၀မ်းနည်းကြေကွဲတာတွေတော့ ဖြစ်ဖူးကြမှာပါ ....
ဘာကြောင့်ပဲ ငိုငို ၊ ငိုတယ်ဆိုတာ အဘိဓမ္မာတရားကိုယ်ကတော့
ဒေါသပါပဲ ။
ငိုနေတဲ့အချိန်မှာ ဖြစ်နေတဲ့စိတ်ဟာ ဒေါသစိတ်ပါ ။

စိတ်ဆင်းရဲတာ၊စိတ်ပူပန်တာ၊စိုးရိမ်ကြောင့်ကြတာ၊၀မ်းနည်းကြေကွဲတာတွေဟာလည်း ဒေါသစိတ်တွေချည်းပါပဲ .......။

အဲဒီလို ဒေါသစိတ်တွေ ဖြစ်ပေါ်လာရင် သက်ဆိုင်ရာဒေါသရဲ့
အပြစ်ကိုလည်း မြတ်စွာဘုရားအဆုံးအမတွေနဲ့အညီ ဆင်ခြင်
နှလုံး သွင်းရပါမယ် .....။

ဖြစ်ပေါ်နေတဲ့ ဒေါသကိုလည်း ဖြစ်ပေါ်နေတဲ့အတိုင်း သတိပဋ္ဌာန်နည်းလမ်းနဲ့အညီ ရှုမှတ်ပွားများရပါမယ် .....
စိတ်ဆင်းရဲရင် "စိတ်ဆင်းရဲတယ်"၊ စိတ်ပူရင် "စိတ်ပူတယ်" ၊
စိတ်ညစ်ရင် "စိတ်ညစ်တယ်" ၊ ၀မ်းနည်းရင် "၀မ်းနည်းတယ်" ပေါ့ .....။
ဘယ်လိုပဲ ရှုမှတ် ရှုမှတ် ဒေါသကို ရှုမှတ်နေတာပါပဲ ........

ဆင်ခြင်မှု၊ရှုမှတ်မှု ဆိုတဲ့ နည်းလမ်းနှစ်မျိုးနဲ့ ဘုရားအဆုံးအမကို လိုက်နာကျင့်သုံးသွားမယ်ဆိုရင် ပူလောင်တဲ့မျက်ရည်ဟာ
အေးမြတဲ့ မျက်ရည် ဖြစ်သွားပါလိမ့်မယ် .....။

ဘေးပေါင်းခတဲ့ မျက်ရည်ဟာ ဆေးပေါင်းခတဲ့မျက်ရည် ဖြစ်သွား
ပါလိမ့်မယ် .....။
အနာဂါမိ မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သွားပြီဆိုရင်တော့ မျက်ရည်သမုဒ္ဒရာလည်း ထာဝရခန်းခြောက်သွား ပါပြီလေ . . . .။


- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
Dhamma Danã Source ►youngbuddhistassociation

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated