ဝတ္ထုလေးကို ကြားဖူးကြမှာပါ။ သူဌေးသားရဲ့ မိဘတွေက သားဖြစ်သူကို ချစ်လွန်းလို့ ဒီတစ်သက်
စားမကုန်ဘူးဆိုပြီး ပညာမသင်စေဘဲ အပျော်အပါးနဲ့သာနေစေကာ သီချင်းဆိုတာ၊ တီးမှုတ်တာ
လောက်ပဲ သင်စေပါတယ်။
အရွယ်ရောက်လာတော့ သူ့လိုပဲ ကုဋေရှစ်ဆယ်ချမ်းသာတဲ့ ပညာမသင်ခဲ့တဲ့ သူဌေးသမီး
တစ်ယောက်နဲ့ အိမ်ထောင်ချပေးပါတယ်။ နှစ်ယောက်ပေါင်းလိုက်တော့ ကုဋေတစ်ရာ့ခြောက်ဆယ်
ချမ်းသာတဲ့ သူဌေးလင်မယားပေါ့။ ဒီလိုနဲ့ နှစ်ဘက်မိဘတွေ ကွယ်လွန်သွားကြတဲ့အခါ။
သူဌေးဆိုတော့ ဘုရင့်ဆီကို နေ့စဉ်အခစား ၀င်ရပါတယ်။ ဒါကို နေ့စဉ်တွေ့နေရတဲ့
အရက်သမားတွေ က စည်းရုံးဖို့ပြင်ဆင်ကြပါတယ်။ တစ်နေ့ သူဌေးသား ဘုရင့်ဆီက ပြန်အလာ
လမ်းမှာ အရက်သမားတွေက အရက်ကိုသောက်ပြ၊ အမြည်းကို စားပြနဲ့ စည်းရုံးလိုက်ရာ
သူဌေးသားဟာ အရက်သမားတွေ နဲ့ ပေါင်းမိပြီး အရက်တွေ သောက်ဖြစ်သွားပါတယ်။
ငွေတွေကို ဖြုန်းတီးလိုက်၊ အရက်တွေသောက်လိုက်နဲ့ အလုပ် မလုပ်ဘဲ အရက်ချဉ်း
ထိုင်သောက်နေလိုက်တာ တစ်နေ့ပစ္စည်းတွေကုန်ခမ်းပြီး တောင်းစားရတဲ့ဘ၀ ရောက်သွားပါတယ်။
တစ်နေ့ မြတ်စွာဘုရားက တောင်းစားနေတဲ့ သူဌေးသား လင်မယားကို ရဟန်း၊
သာမဏေတွေက စားကြွင်း စားကျန်တွေ ပေးနေတာ တွေ့မြင်တော့ အရှင်အာနန္ဒာကို
အောက်ပါအတိုင်း မိန့်တော်မူပါတယ်။
ချစ်သား အာနန္ဒာ အခုမြင်နေရတဲ့ နှစ်ယောက်ကို ကြည့်စမ်းပါ။ သူဌေးသားဟာ
ပထမအရွယ်မှာ တကယ်လို့ စီးပွားရှာလိုက်ရင် ဒီမြို့မှာ ပထမ အချမ်းသာဆုံး သူဌေးကြီးဖြစ်လိမ့်မယ်။
အိမ်မှထွက်ပြီး ရဟန်းပြု တရားအားထုတ်လိုက်မယ်ဆိုရင် အရဟတ္တဖိုလ်ကို ရလိမ့်မယ်။
သူ့မယား ကလည်း အနာဂါမ်ဖိုလ်ကို ရလိမ့်မယ်။
ဒါမှမဟုတ် ဒုတိယအရွယ်မှာ စီးပွားရှာလိုက်ဦးမယ် ဆိုရင်လည်း ဒီမြို့မှာ ဒုတိယ
အချမ်းသာဆုံး သူဌေးကြီးဖြစ်လိမ့်မယ်။ ရဟန်းပြု တရားအားထုတ်မယ်ဆိုရင် အနာဂါမ်ဖြစ်လိမ့်မယ်။
သူ့မယား ကလည်း သကဒါဂါမ်ဖြစ်လိမ့်မယ်။
ဒါမှမဟုတ် သတိဥာဏ်ဝင်ပြီး တတိယ အရွယ်မှာ စီးပွားရှာလိုက်မယ် ဆိုရင်လည်း တတိယ
အချမ်းသာဆုံး သူဌေးကြီးဖြစ်လိမ့်မယ်။ ရဟန်းပြု တရားအားထုတ်မယ် ဆိုရင်တော့
သကဒါဂါမ်ဖြစ်လိမ့်မယ်။ မယားကလည်း သောတာပန်ဖြစ်လိမ့်မယ်။
အခုအရွယ်မှာတော့ အချိန်တွေ လွန်ခဲ့လှပြီ။ လူ့စည်းစိမ်တွေမှ ဆုတ်ယုတ်ခဲ့သလို ရဟန်းအဖြစ်
ဆိုတဲ့ မဂ်ဖိုလ်တွေမှလည်း ဆုတ်ယုတ်ခဲ့ပြီ။ ရေခြောက်သွေ့နေတဲ့ ရေအိုင်ကို ရောက်ရှိနေတဲ့
ကြိုးကြာငှက်လို ဖြစ်ခဲ့ရရှာပြီ။
#(ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ
တရားရှာ) ဆိုတဲ့ လောကလူသားတွေပြောနေကြတဲ့ #စကားမှား ရှိပါတယ်။ ဒါပေမယ့်
အထက်က ၀တ္ထုလေးမှာ မြတ်စွာဘုရားက အရှင်အာနန္ဒာ ကို မှတ်ချက်ချပြတဲ့ စကားလေးက
အဓိက လိုရင်းပါ။
ဒီတော့ တရားထူး တရားမြတ်ရဖို့ ဘယ်အရွယ်ဟာ အခွင့်အရေး အသာဆုံးလဲဆိုရင်
မြတ်စွာဘုရားရှင် ရဲ့စကားတော်ကိုထောက်ပြီး ပထမအရွယ်ဟာ တရားထူး၊ တရားမြတ်ရဖို့
အခွင့်အရေး အသာဆုံးပါ။
ဒီဝတ္ထုလေးကို ထောက်ပြီး တရားထူး တရားမြတ်ရဖို့ ပထမ အရွယ်ဟာ ပထမအခွင့်အရေး
အသာဆုံးပါ။ ဒုတိယအရွယ်ဟာ ဒုတိယအခွင့်အရေး အသာဆုံးပါ။ တတိယအရွယ်ဟာ
တတိယအခွင့်အရေး အသာ ဆုံးပါ။ အဓိကပြောလိုရင်းကတော့ ငယ်ရွယ်နုပျိုနေတဲ့ ပထမ
အရွယ်ဟာ တရားထုး တရားမြတ်ရဖို့ အခွင့်အရေး အသာဆုံးဖြစ်သလို တရားအားထုတ်လို့
အကောင်းဆုံးအရွယ်လည်းဖြစ်ပါတယ်။ ငယ်ရွယ်သူတွေဟာ လောကီ အာရုံတွေနဲ့ အများကြီး
မတွေ့ရသေးတော့ တကယ့်အဖြူထည်လေးတွေပါ။ ဒုတိယအရွယ်ဆိုရင် အိမ်ထောင်သားမွေး
သားကိစ္စ၊ မယားကိစ္စ ရှိလာပါပြီ။ တတိယအရွယ်ရောက်လာရင် သားကိစ္စ၊ မယားကိစ္စအပြင်
မြေးကိစ္စ၊ မြစ်ကိစ္စပါ အဆစ်ပါလာပြီမို့ ” တရားအားထုတ်တာ ငယ်ရွယ်လေ ကောင်းလေပါပဲ”
ဆိုပြီး ပထမအရွယ်မှာ တရားအားထုတ်ကြပါလို့ တိုက်တွန်းရေးသားလိုက်ပါတယ်။
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
https://www.facebook.com/thein.wai.167
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment