@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 3 August 2015

ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်း ဆိုတာ ၀ါတွင်း ကာလ(မိုးကာလ)၌ မိမိတို့ ကျောင်းအသီးသီးတွင် သီတင်းသုံး နေထိုင်သည့် သံဃာတော် များအား လှူဒါန်းသည့် သင်္ကန်းလို့ ပြောနိုင်မယ် ထင်ပါတယ်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ၀ါဆိုသင်္ကန်းကို ၀ဿာဝါသိက သာဋိက လို့ ဟောထား ပါတယ်။

ပါဠိ အင်္ဂလိပ် အဘိဓာန် မှာတော့ a cloak for use in the rainy season လို့ဖွင့်ပြတယ်။ တိပိဋက ပါဠိ အဘိဓာန်က ၀ဿာဝါသိက မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက အ၀တ်(သင်္ကန်း) မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ ရှိသော ရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ဆိုပါတယ်။
ဒီနေ့ခေတ်မှာတာ့ များသောအားဖြင့် ၀ါမဆိုမီ ကာလမှာ ၀ါဆို သင်္ကန်းဆိုပြီး ကပ်လှူလေ့ ရှိတယ်။ဝါဆိုသင်္ကန်း ကပ်လှူပွဲဆိုပြီး ဘုရားဟော ကျမ်းဂန်များမှာတော့ တိုက်ရိုက် မလာပါဘူး။ ဆက်စပ် နှီးနွှယ်လို့ ယူနိုင်တဲ့ story background လေးကတော့ . . .
ဝိသာခါလို့ ပြောလိုက်ရင် ကျောင်းအမကြီးရဲ့ နာမည်လို့ ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။ ဘုရားရှင် (၂၅)၀ါ တိတိ သီတင်းသုံးတဲ့ သာဝတ္ထိမြို့ အရှေ့ဘက်မှာ ပုဗ္ဗာရာမ ပုဗ္ဗာရုံဆိုတဲ့ ကျောင်းကြီးကို ဆောက်လုပ် လှူဒါန်းခဲ့တဲ့ ကျောင်းအမကြီးပေါ့။ တစ်နေ့ ကျောင်းအမကြီး ၀ိသာခါက ဘုရား အမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းစားပင့်တယ်။ အဲဒီနေ့ညမှာ မိုးကလည်း ရွာလိုက်တာ မပြောပါနဲ့တော့၊ သဲကြီးမဲကြီး ကို ရွာတာ။ ဘုရားရှင်က တပည့် ရဟန်းတွေကို “ ရဟန်းတို့ ဒီမိုးဟာ ဇမ္ဗူဒိပ် တစ်ကျွန်းလုံး ရွာတဲ့မိုး…မိုးရာသီမှာ နောက်ဆုံး ရွာတဲ့ မိုးလည်း ဖြစ်တယ်။ ဒါကြောင့် ရဟန်းတို့ မိုးရေ ချိုးကြလို့” မိန့်တော် မူတော့ ရဟန်းတော် တွေဟာ မိုးရေချိုး ကြတာပေါ့၊ ဒါပေမယ့် သူတို့ရဲ့ ခန္ဓာကိုမှာ ဘာသင်္ကန်းမှ မပါဘဲ ရေချိုး ကြတာလေ။
မနက်မိုးလင်း ကျောင်းအမကြီး ၀ိသာခါအိမ်မှာ ဆွမ်းတွေ ပြင်လို့ပြီးတော့ သူ့အိမ်က ကျွန် မ တစ်ယောက်ကို ကျောင်းကို လွှတ်လိုက်တယ်။ ဘုရားအမှူးရှိတဲ့ သံဃာတော် တွေကို ဆွမ်းစားကြွဖို့ ပင့်ခဲ့ပေါ့။ ကျွန် မလေးကလည်း အပြေးအလွှား ကျောင်းကိုသွား၊ ကျောင်းကို ရောက်တော့ သင်္ကန်းမပါဘဲ ရေချိုးနေတဲ့ ရဟန်းတွေကို တွေ့တော့တာပေါ့။ ဒါနဲ့ အိမ်ကို ပြန်လာပြီး ရှင်မရေ “ ကျောင်းမှာလဲ ရဟန်းတော်တွေ တစ်ပါးမှ မရှိဘူး။ တက္ကဒွန်းတွေ ရေချိုး နေတာကိုပဲ တွေ့ခဲ့တယ်လို့” ပြန်ပြောတာပေါ့။ (တက္ကဒွန်းဆိုတာ ဘုရားခေတ်တုန်းက ဘာအ၀တ်မှ မ၀တ်ဘဲ နေကြတဲ့ သူတွေလေ၊ ဒီနေ့ခေတ်အထိ အိန္ဒိယနိုင်ငံမှာ ရှိနေသေးတယ်။ အ၀တ် ၀တ်ထားရင် အ၀တ်အပေါ်မှာ တက်မက် တွယ်တာတဲ့စိတ် ရှိတယ်ဆိုပြီး အကုန်ချွတ်ထား တဲ့အဖွဲ့ပေါ့။)
ကျောင်းအမကြီး ၀ိသာခါကတော့ တွေးတောတတ်တဲ့ ဥာဏ်အမြော်အမြင်ရှိ တော့ ကျွန် မလေးပြောတဲ့ စကားကို သဘော ပေါက်တယ်။ “တက္ကဒွန်း တွေတော့ မဟုတ် နိုင်ဘူး။ သင်္ကန်း သုံးထည်ကိုပဲ ၀တ်နေရတဲ့ ရဟန်းတော် တွေပဲ ဖြစ်ရမယ် ပေါ့။ ဒီလိုနဲ့ ဘုရားအမှူး ရှိတဲ့ သံဃာတွေ အိမ်ကိုကြွလာ … ဆွမ်းကပ်ပြီး ကျွန် မလေး ကြုံတွေ့ခဲ့ရတဲ့ အနေအထားကို ဘုရားရှင် အားလျှောက်တယ်။ ဒါနဲ့ မြတ်စွာဘုရားက မိုးရေခံ သင်္ကန်းကို ၀တ်ရုံ သုံးစွဲ ခွင့်ပြုတယ်ဆိုပြီး ခွင့်ပြုခဲ့တယ်။ မိုးတွင်းကာလမှာ ရဟန်းတော်တွေ သင်္ကန်းသုံး ထည်အပြင် မိုးရေခံသင်္ကန်းကိုပါ ၀တ်ရုံ သုံးစွဲခွင့်ပြုတာကို အကြောင်းပြုပြီး ဒီနေ့ခေတ်မှာ ၀ါတွင်း(မိုးကာလ) မိမိတို့ကျောင်းမှာ သီတင်းသုံးတဲ့ ရဟန်းတွေကို ၀ါဆို သင်္ကန်းဆိုပြီး ကပ်လှူနေကြတာပါ။
နောက် story တစ်ခုမှာလည်း ၀ိသာခါ ကျောင်းအမကြီးက ဆုရှစ်မျိုး တောင်းတဲ့အခါ ရဟန်းတော်တွေကို ၀ဿာဝါသိက သာဋိက ၀ါဆို သင်္ကန်း လှူဒါန်းခွင့် ပေးဖို့ ပထမဦးဆုံး ဆုအနေနဲ့ တောင်းခဲ့တာကို ထောက်ဆပြီး ၀ါတွင်းကာလမှာ အရင်က ထက်ပိုလို့ စာသင်စာချ (ပရိယတ်) တရားထိုင် တရားပြ (ပဋိပတ်) လုပ်တဲ့ သံဃာတော် တွေကို ၀ါဆို သင်္ကန်းဆိုပြီး ထေရ ၀ါဒ ဗုဒ္ဓဘာသာဝင်တွေက လှူဒါန်းနေကြတာပါ။
'ဒီဆုရှစ်မျိုးကတော့
ဆု ၈မျိုး
ဘုရားနှင့်ရဟန်းသံဃာများ ဆွမ်းကပ်ပြီး ကျောင်းအမကြီးသည် အရှင်ဘုရားအား တပည့်တော် ဆုလာဘ် ၈ မျိုး သနားချီးမြောက်တော်မူပါဘုရားဟု လျှောက်ထားလေသည်။ အပ်စပ်သောဆုဆို တောင်းစေ ဟု ဘုရားခွင့်ပြုတော်မူသောကြောင့် အောက်ပါဆို ဆု ၈ မျိုးကို တောင်းသည်။ ဘုရားလည်း ခွင့်ပြုသည်။
(၁) အသက်ထက်ဆုံး ရဟန်းတော်များအား ၀ါဆိုသင်္ကန်းလှူခွင့်ပြုရန်
(၂) ကျောင်းသို့ ရောက်လာကြသော အာဂန္တု ဧည့်သည် ရဟန်းတော်များအား ဆွမ်းဟင်းများ လှူခွင့်ပြုရန်
(၃) ခရီးသွား ရဟန်းတော်များအား ဆွမ်းဟင်းများ လှူခွင့်ပြုရန်
(၄) မနာမကျန်းဖြစ်နေသော ရဟန်းကို ပြုစုလုပ်ကျွေးနေသော ပုဂ္ဂိုလ်အား ဆွမ်းဟင်းများ လှူခွင့်ပြုရန်
(၅) မနာမကျန်းသော ရဟန်းအား ဆွမ်းဟင်းများ လှူရန်
(၆) မနာမကျန်းဖြစ်သော ရဟန်းအား ဆေးပစ္စည်းများ လှူရန်
(၇) အမြဲမပြတ် ဆန်ပြုတ် (ယာဂု)ဆွမ်းလှူရန်
(၈) ရဟန်းမ (ဘိက္ခုနီမ)တို့အား ရေသနုပ်လှူရန် တို့ဖြစ်သည်။
တကယ်တော့ ဒီဆု ၈ မျိုးကို သုံးသပ်ကြည့်မယ်ဆိုရင် ၀ိသာခါ ကျောင်းအမကြီးသည် အလှူဒါနပြုဖို့ အကြောင်းအမျိုးမျိုးရှာခြင်းပဲ ဖြစ်သည်။ သဒ္ဓါတရားကြီးသူတိုင်းသည် ဤကဲ့သို့ အကြောင်းရှာ ကောင်းမှုပြုလေ့ရှိသည်။
ဒီလို လှူဒါန်း ရတဲ့အတွက် အကျိုးကျေးဇူးလေးတွေကတော့ ( reflection အနေနဲ့ ) လှူဒါန်းသူဟာ ရောက်ရာ ဘ၀တိုင်းမှာ အသားအရည် ၀ါဝင်းပြီး ကိုယ်ရောင် ကိုယ်ဝါ တွေထွက်မယ်၊ အသားအရည် နူးညံ့ ပျော့ပျောင်းမယ်၊ အသားအရည် စင်ကြယ် သန့်ရှင်းမယ်။စိတ်ထဲမှာ လိုချင်တာကို တောင့်တ လိုက်ရင် ကိုယ်တောင့်တ(ဖြစ်ချင်)တာတွေ ဖြစ်လာမယ်။ အ၀တ်အစား တွေမရှားပါးဘူး။ လုံခြုံ ချမ်းမြေ့စွာ နေထိုင်ရမယ်။ ဧဟိဘိက္ခု ခေါ်ခံရမယ်။နောက်ဆုံး ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်ပြီး ကျွတ်တမ်း ၀င်ရမယ် ဆိုတာတွေ ဖြစ်နိုင်ပါတယ်။
ယနေ့ ကမ္ဘာမှာ reflection ရဲ့သဘောတရား နယူတန်ရဲ့ တတိယ နိယာမ ဖြစ်တဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတဲ့ သဘောတရားတွေကို ယုံကြည် လက်ခံနေကြပါပြီ။ ဗုဒ္ဓဘာသာ မှာတော့ ကံတရားရဲ့ အကျိုးဆက်လို့ လက်ခံကြတာပါ။ စဉ်းစားကြည့်ပါစို့ … ကိုယ်က အ၀တ်(သင်္ကန်း) ပေးတယ်။လှူတယ်၊ ရရှိသူက အဲဒီ ၀တ်သင်္ကန်းကို ၀တ်တယ်။ လေဒဏ် နေဒဏ် ကာကွယ်နိုင် သလို အရှက် အကြောက် ကိုလည်း ကာကွယ်ပြီး ဖြစ်တယ်။ ၀တ်သင့်တဲ့ အ၀တ်ကို ၀တ်ရသူရဲ့ အသားအရေဟာ အ၀တ်မ၀တ်ဘဲ နေရသူရဲ့ အသားအရေထက် ကြည်လင် နူးညံ့ ၀ါဝင်းတယ်။ ကောင်းပြီ ။ သူတစ်ဖက်သားကို အသားအရေ နူးညံ့ဝါ၀င်းအောင် လုပ်ပေးရင် ကိုယ့်မှာလည်း ဒီလို အကျိုးတရား ပြန်ရမှာ သေချာတာပေါ့။ အသက်ရှင်ရ သမျှအချိန် လေးမှာ အလုပ် ကောင်း ကံကောင်းတွေကို လုပ်နေရင် ကောင်းကံ တွေဆိုတာလည်း ရှိနေမှာပဲ။ စိတ်ထဲမှာ ပိုပြီး ရှိနေသင့် တာကတော့ စစ်မှန်တဲ့ ငြိမ်းအေးမှုကို ရှာဖွေခြင်းကသာ ကောင်းဆုံးသော လုပ်ရပ် ဖြစ်ပါလိမ့်မယ်။
( ဒီနေရာမှာ ကျွန်တော် ဖတ်မိရင်းအတွေးတစ်ခုဝင်လာတာက … ဒီလိုတွေတော့ဖြစ်နိုင်ပါတယ်။ဒီလိုတွေဖြစ်လို့ လှူကြရမယ်တော့မဟုတ်ဘူးဗျ။ ကျွန်တော်တို့ဟာအကျိုးလိုလို့ညောင်ညိုပင်ရေလောင်းတာမဟုတ်ပေမယ့် … ဗုဒ္ဓဘာသာဝင်တိုင်းလက်ခံယုံကြည်လို့ရတဲ့ ကံ ကံ၏ အကျိုးတရားဆိုတာ မိမိပြုမှုရာအကြောင်းတရားပေါ်မှာ စပ်လျဉ်းဖြစ်ပေါ်ကြတာပါ။ကိုယ်ပြုတဲ့ကံဟာတော့ မလွဲမသွေ ရှောင်ရှားလို့မရအောင် တန်ပြန် လာမယ် ဆိုတဲ့ သဘောတရားပါပဲ။ )
သင်္ကန်း လှူရကျိုး ( ၈ ) ပါး
၁။ ဖြစ်လေရာ ဘ၀၌ ရုပ်ရည်အဆင်း လှပခြင်း
၂။ မိမိခန္ဓာကိုယ်ဝယ် (ဂျီး) ကြေးမြူ အညစ်အကြေးကင်းစင်ခြင်း
၃။ ကိုယ်ရောင်ကိုယ်ဝါ တောက်ပ တင့်တယ်ခြင်း
၎။ တန်ခိုးသြဇာ အာဏာထက်မြက်၍ မိမိစကားကို နားထောင်လွယ်ခြင်း
၅။ မိမိခန္ဓာကိုယ်အသားအရေသည် နူးညံ့ ချောမွေ့နေခြင်း
၆။ သန့်ရှင်းဖြူစင်သော အ၀တ်အထည်တို့ကို ရရှိတတ်ခြင်း
၇။ ရွှေရောင်တောက်ပသော အ၀တ်အထည်တို့ကို ရရှိတတ်ခြင်း
၈။ နီထွေးနူးညံ့သော အ၀တ်အထည်တို့ကို ရရှိခြင်း . . . ။
သီတဂူစတား(၀ါဆိုသင်္ကန်း) နှင့် မိုးစက်နေ၏(ရည်မှန်းလှူတန်းမြတ်သင်္ကန်း) တို့ကိုမှီငြိမ်းပါသည်။
Credit to
Posted by မူကြိုဆရာ

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated