@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 30 October 2013

တရားတမန် “သပြေကန်တရားပေါင်းချုပ် အမှတ်(၂)”


ဘဝပဒေသာတရားတော်
•••••••••••••••••••••••
ယနေ့ဘုန်းကြီးတို့ သင်္ကန်းအလှူ ဆက်ကပ်လှူဒါန်းကြ ဆွမ်းအလှူတော် ပါဝင်လှူဒါန်းကြ၊ ပစ္စည်းအလှူတော် ပူဇော်လှူဒါန်းကြ ကုသိုလ်ကောင်းမှုတွေ ပြုကြတယ်။ အဲဒီတော့ မိမိတို့ဟာ ရှေးဘဝက ဆည်းပူးခဲ့တဲ့ ကောင်းမှုအထူးရှိခဲ့ဖူးလို့ ယခုလို လူ့ဘဝမှာ လူလာဖြစ်ကြ၊ ထူးခြားတဲ့ လူ့ဘဝရောက်ကြရ၊ လူ့ဘဝရောက်ပြန်တော့လည်း သာသနာမထွန်းကားရာ ရတနာသုံးပါး မရှိရာ အရပ်ဒေသမှာ မဖြစ်ကြရဘဲနဲ့ သာသနာတော် ထွန်းကားရာ ရတနာသုံးပါး ထွန်းကားရာအရပ်မှာ မိမိတို့ ဖြစ်လာကြရတယ်။ ကံကောင်းကြတယ်၊ အဲဒီလို ကံကောင်းကြလို့လူလည်း ဖြစ်လာ၊ ဘုရားရှင် သာသနာတော်ကြီးနဲ့ ကြုံကြိုက်လာကြတဲအခါမျိုးမှာ မမေ့ကြနဲ့လို့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အလိုတော်အတိုင်းပေါ့။ ဘုန်းကြီးတို့ သြဝါဒပေးရတယ်။ မမေ့ကြနဲ့။ လူလည်းဖြစ်လာ ဘုရားပွင့်ရာ အခွင့်အခါကောင်းကြီးနဲ့ ကြုံကြိုက်လာကြတဲ့အခါမှာ မမေ့ကြနဲ့လို့ သတိပေးရတယ်။ ဒါဟာ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ နည်းလမ်းအတိုင်းပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ဟာ နေ့တိုင်း နေ့တိုင်း “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” မမေ့ကြနဲ့လို့ မကြာမကြာ သတိပေးတော်မူတယ်။

ချစ်သားတို့၊ အပ္ပမာဒဆိုတဲ့ မမေ့လျော့တဲ့ သတိရားနဲ့ အမြဲတမ်း ပြည့်စုံအောင် ကြိုးစားကြလို့ နေ့တိုင်းနေ့တိုင်း တပည့်သားတွေကို သြဝါဒပေးတော်မူတယ်။ ရှင်တော်ဘုရားဟာ သက်တော်ထင်ရှားရှိတုန်းလည်း အမြဲတမ်း သတိပေးရုံမက နောက်ဆုံးပရိနိဗ္ဗာန်စံတော်မူခါနီးမှာလည်း နောက်ဆုံး စကားအဖြစ်ဖြင့် -

ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊

ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။

ဘိက္ခဝေ=ချစ်သားတို့။ ဟန္ဒ=ငါဘုရား တိုက်တွန်းတော်မူခဲ့အံ့။ ဝေါ=သင်ချစ်သားတို့ကို။ အာမန္တယာမိ=နောက်ဆုံးစကား မှာကြားတော်မူအံ့။ ယသ္မာ=အကြင့်ကြောင့်။ သင်္ခါရာ=ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးဝ သင်္ခါရတရားတို့သည်။ ဝယဓမ္မာ=ပျက်စီးတတ်သော သဘောရှိပါပေကုန်၏။ တသ္မာ=ထို့ကြောင့်။ ဝါ၊ တသ္မာ=ထိုသို့ သင်္ခါရမှန်က ပျက်စီးတတ်သော သဘောရှိကြ လေသောကြောင့်။ တုမှေ=သင်ချစ်သားတို့သည်။ အပ္ပမာဒေန=မမေ့မလျော့ မပေါ့မဆ အပ္ပမာဒဆိုသော သတိတရားဖြင့်။ သမ္ပာဒေထ=ချမ်းသာဖို့အကြောင်း ကောင်းမြတ်သော သီလသမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ကိုယ်စီကိုယ်င ပြည့်စုံအောင် ကြိုးပမ်းကြပါကုန်လော။

အရေးကြီးလို့ အပ္ပမာဒတရားကိုဘုရားရှင် ကိုယ်တော်မြတ်ဟာ နေ့တိုင်းပဲ ဟောတော်မူခဲ့တယ်။ နောက်ပိတ်ဆုံး ပရိနိဗ္ဗာန်စံတော်မူခါနီးမှာလည်း အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ=မမေ့ကြနဲ့ဆိုတဲ့ နောက်ဆုံးစကားဖြင့် နိဂုံးချုပ်ပြီးတော့ မိန့်ကြားတော်မူခဲ့တယ်။ ပိဋကတ်သုံးပုံကို အကုန်ချုပ်ပြီးတော့ နိဂုံးအုပ်သလို အပ္ပမာဒတရားဖြင့် နိဂုံးချုပ်တော်မူတယ်။ အပ္ပမာဒတရားဆိုတာက ပိဋကတ်သုံးပုံကို အကုန်ခြုံမိတယ်၊ ငုံမိတယ်။ ပိဋကတ်သုံးပုံမှာ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတဲ့ သုတ္တန်တရားတွေရှိကြ၊ ဝိနည်းတရားတွေရှိကြ၊ အဘိဓမ္မာတရားတွေ ရှိကြတယ်။ အားလုံး ဒီတရားတွေဟာ အပ္ပမာဒထဲ ဝင်တာချည်းပဲ။ အားလုံးတရားတွေဟာ အပ္ပမာဒရှိမှ ကျင့်နိုင်ကြတယ်။ အပ္ပမာဒနဲ့ပဲ ကျင့်ကြံနိုင်ကြတဲ့ တရားတွေ အားထုတ်နိုင်ကြတဲ့တရားတွေ။ ဒါကြောင့်မို့ မမေ့ကြနဲ့ဆိုတဲ့ အပ္ပမာဒတရားကို ဘုရားရှင်ကိုယ်တော်မြတ်က မိန့်တော်မူခဲ့တာ။ ပိဋကတ်သုံးပုံကို အကုန်ငုံမိတဲ့ တရားလေးတစ်ပုဒ်။

ဘာကြောင့် မမေ့ရမှာတုံး၊ မိမိတို့က တကယ့်ထူးခြားတဲ့ ဘဝကြီးကို ရကြ၊ မနုဿတ္တဘာဝေါ=ဘဝပဒေသာဆိုရတဲ့ လူ့ဘဝကို။ လဒ္ဓေါ=ကံကောင်းထောက်မ ရခဲ့ပါပေပြီ။ ခဏောစ=ဘုရားပွင့်ရာ အခွင့်အခါ ကောင်းကြီးကိုလည်း။ ပဋိပါဒိတော=ရှေ့ရှုမျက်မှောက် ကျရောက်ဆုံတွေ့အပ်ပါပေပြီ။ (လူလည်းဖြစ်လာ၊ သာသနာတော်နဲ့လည်း ကြုံရတဲ့အတွက် မိမိတို့အဖို့ အင်မတန် ကံကောင်းတဲ့ အခွင့်အခါကြီးနဲ့ ကြုံကြိုက်နေကြလေသောကြောင့် မမေ့ကြနဲ့လို့ မှာကြားခဲ့တာ။ အဲဒီတော့ မိမိတို့မှာ မမေ့မှ ဖြစ်မယ်။ မမေ့ရင် အဲဒီဘဝ မဆုံးဘူး၊ ဒီဘဝက ထူးသထက်ထူးခြားတဲ့ ဘဝကို ရောက်ကြရမှာ၊ မြင့်သထက် မြင့်မြတ်တဲ့ ဘဝသို့ ရောက်ကြရမှာ လူ့ဘဝဟာ အလွန်တရားလည်း ကြုံကြိုက်ခဲတယ်။ ဘဝပဒေသာဆိုတဲ့ ဒီလူ့ဘဝကနေ ထူထောင်လိုက်မယ်ဆိုရင် လူ့အဖြစ်လည်း မခဲယဉ်းဘူး၊ လူချမ်းသာဖြစ်ဖို့လည်း မခဲယဉ်းဘူး၊ နတ်ချမ်းသာဖြစ်ဖို့လည်း မခဲယဉ်းဘူး၊ သောတာပန်ဖြစ်ဖို့လည်း မခဲယဉ်းဘူး၊ သကဒါဂါမ်ဖြစ်ဖို့လည်း မခဲယဉ်းဘူး၊ အနာဂါမ်ဖြစ်ဖို့လည်း မခဲယဉ်းဘူး၊ ရဟန္တာဖြစ်ဖို့လည်း မခဲယဉ်းဘူး၊ မမေ့မလျော့တဲ့ အပ္ပမာဒတရားနဲ့သာ ထူထောင်ကြမယ်ဆိုရင် အားလုံးရနိုင်တာချည်းပဲ။

ယော ဣမသ္မိံ ဓမ္မဝိနယေ၊

အပ္ပမတ္တော ဝိဟေဿတိ။

ပဟာယံဇာတိ သံသာရံ၊

ဒုက္ခဿန္တံ ကရိဿတိ။

ယော=အကြင်ပုဂ္ဂိုလ်သည်။ ဣမသ္မိံသာသနေ=ဤယခုကြုံကြိုက်နေကြတဲ့ ဘုရားရှင်ကိုယ်တော်မြတ်၏ သာသနာတော်မြတ်ကြီး၌။ အပ္ပမတ္တော=မမေ့မလျော့မပေါ့မဆဘဲ။ ဝိဟေဿတိ နေခဲ့သည်ဖြစ်အံ့။ ဇာတိသံသာရံ=ဖောက်ပြန်တလဲလဲ ဆင်းရဲတို့ဖြင့် ဖန်တီးထားတဲ့ ဇာတိဆိုတဲ့ ပဋိသန္ဓေနေရခြင်း သံသရာကြီးကို။ ပဟာယ=စွန့်ခွာနိုင်ကြ၍။ ဒုက္ခဿ=ဝဋ်ဆင်းရဲ၏။ အန္တံ=အဆုံးသတ်ရာဖြစ်တဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန်ကို။ ကရိဿတိ=ကောင်းစွာမသွေ ပြုနိုင်ပေတော့လတ္တံ့သတည်း။

ဒီလိုဘုရားရှင်သာသနာတော်မြတ်ကြီးနဲ့ ကြုံကြိုက်ကြတဲ့အခါမှာ မမေ့မလျော့ မပေါ့မဆဘဲ နေရင်ဖြင့် အဲဒီ ဒုက္ခအမျိုးမျိုးကို ဖန်တီးပေးတတ်တဲ့ သံသရာကြီးကို ပယ်ခွာနိုင်ပြီးတော့ ဒုက္ခဆုံးရာနိဗ္ဗာန်၊ ဒုက္ခဆုံးရာ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြလိမ့်မယ်လို့ ဟောကြားတော်မူခဲ့တာကြောင့် မိမိတို့ဘဝဟာ မမေ့ရတဲ့ဘဝ အဲဒီမမေ့ရမည့် ဘဝကို မမေ့လျော့ဘဲ နေကြရသဖြင့် တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်ပြီးတော့ အထက်တန်းကို တက်လှမ်းကြရမယ်။

ဥဒ္ဓံဂါမီ=အထက်တန်းသို့ တက်လှမ်းရမယ်။ ဝိသေသဂါမီ=ထူးခြားတဲ့ တရားထူး တရားမြတ်တွေ ရပြီးတော့ ထူးခြားတဲ့အဆင့်အတန်း အခြေအနေသို့ ဆိုက်ရောက်ကြလိမ့်မယ်။ ဒါကြောင့် မမေ့ကြဖို့ အရေးကြီးတယ်။ ဒီတော့ ဘုန်းကြီးက ယခုဒကာဒကာမတွေကို မေ့နေလို့ သတိပေးနေတာလား ဆိုတော့ မဟုတ်ပါဘူး၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ အပ္ပမာဒတရား လက်စွဲပြုပြီးတော့ အပ္ပမာဒတရားတို့မှာ ရှိတယ်။ အပ္ပမာဒတရားကို တို့ကျင့်သုံးနေတယ်လို့ လက်တွေ့ပြနေကြတာပဲ။ ယနေ့သင်္ကန်းဆက်ကပ်လှူဒါန်းကြ၊ ကုသိုလ်ကောင်းမှုတွေ ပြုကြတာဟာ မမေ့ကြလို့ပဲ။

ဓမ္မေသု=ကုသိုလ်တရားတို့၌။ အပ္ပမာဒေါစ=မမေ့မလျော့ခြင်းသည်လည်း။ ဥတ္တမံ=ကောင်းမြတ်သော။ မင်္ဂလံ=မင်္ဂလာမည်၏ဆိုတဲ့ ဒေသနာတော်အရ ကုသိုလ်တရား၌ မိမိတို့ နေ့တိုင်းလည်း မမေ့မလျော့ကြဘူး။ ဘုရားမမေ့ကြ၊ တရားကို မမေ့ကြ၊ သံဃာမမေ့ကြ၊ နေ့တိုင်းနေ့တိုင်း အပ္ပမာဒတရား လက်ကိုင်ထားနေကြတယ်။

ဒါကြောင့်မို့လို့ လူ့ဘဝဟာ အင်မတန် ဘဝပဒေသာကြီးလို့ ဘုန်းကြီး ဆိုခဲ့တယ်။ မနုဿတ္တဘာဝေါ=ဘဝပဒေသာဆိုရတဲ့ လူ့ဘဝကို။ လဒ္ဓေါ=ကံကောင်းထောက်မ ရခဲ့ပါပေပြီ။ အင်မတန် ရခဲကြတဲ့ ဘဝပဒေသာကြီး၊ အဲဒါကြောင့်မို့လို့ နတ်တွေက လူ့ဘဝကို သုဂတိလို့ ဂုဏ်တင်ကြတဲ့အကြောင်းကို ဘုရားရှင်ကိုယ်တော်မြတ်က အဖြေပေးတော်မူတယ်။ ကောင်းစွာ ရအပ်တဲ့ လာဘ်ကြီးဆိုတာက ဘာတုံးဘုရားလို့ ရဟန်းတော် တစ်ပါးက လျှောက်ထားတော့လည်း အဲဒီအခါ ဘုရားရှင်ကိုယ်တော်မြတ်က အဖြေပေးတော်မူတယ်။

ကောင်းစွာရအပ်တဲ့ လာဘ်လာဘဆိုတာ အဲဒီလူ့ဘဝကို ရောက်ပြီးတော့ သာသနာတော်မှာ သဒ္ဓါတရား ဖြစ်ပွားကြတယ်။ ဘုရားအပေါ်မှာ၊ တရားအပေါ်မှာ၊ သံဃာအပေါ်မှာ၊ သဒ္ဓါတရားဖြစ်ပွားကြတယ်။ အဲဒီ သဒ္ဓါတရားဟာ ကောင်းစွာရအပ်တဲ့ လာဘ်လာဘကြီးပဲလို့ အဖြေပေးတော်မူတယ်။ ဟုတ်တာပဲ၊ လူ့ဘဝမှာ တကယ့်လာဘ်လာဘကြီးဟာ သဒ္ဓါတရားပဲ၊ ဒီသဒ္ဓါတရား ရှိလို့လည်းပဲ လိုရာရနိုင်တဲ့ ဘဝကြီး၊ သဒ္ဓါတရားမရှိတဲ့လူ အဖို့ လူဖြစ်ပေမဲ့ အဲဒီ လာဘ်လာဘကြီးကို မရနိုင်ဘူး၊ သဒ္ဓါတရားရှိတဲ့ လူတွေမှာတော့ လူ့ပြည်ကိုလည်း ရနိုင်တယ်။ နတ်ပြည်ကိုလည်း ရနိုင်တယ်။ ဗြဟ္မာပြည်ကိုလည်း ရနိုင်တယ်။ သောတာပန်လည်း ဖြစ်နိုင်တယ်။ သကဒါဂါမ်လည်း ဖြစ်နိုင်တယ်။ အနာဂါမ်လည်း ဖြစ်နိုင်တယ်။ ရဟန္တာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် သဒ္ဓါတရားရှိပြီဆိုရင် လိုရာရတ, တိုင်းဖြစ်နိုင်တယ်။ သဒ္ဓါဟာ လူတို့အဖို့ အင်မတန်ထူးခြားတဲ့ လာဘ်လာဘကြီး။

သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ။

ဣဓ=ဤလောက၌။ ပုရိသဿ=ပုဂ္ဂိုလ်အပေါင်း၏။ အမျိုးသား အမျိုးသမီးအပေါင်း ပုဂ္ဂိုလ်မှန်သမျှ၏။ ဝိတ္တံ=နှစ်သက်ဖွယ် ပစ္စည်းဥစ္စာသည်။ သဒ္ဓါ=ရတနာသုံးတန် ကံ, ကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားတည်းဟူသော ဥစ္စာသာဖြစ်ပါပေတော့သတည်းလို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတဲ့ ဒေသနာတော်တစ်ခုရှိတယ်။

သဒ္ဓါဆိုတာ တကယ့်လာဘ်ကြီး၊ ဘာမဆို ဝယ်နိုင်တယ်၊ လူ့ဘဝစည်းစိမ်တွေကိုလည် ဝယ်နိုင်တယ်။ နတ်ဘဝစည်းစိမ်တွေကိုလည်း ဝယ်နိုင်တယ်။ ဗြဟ္မာဘဝစည်းစိမ်တွေကိုလည်း ဝယ်နိုင်တယ်၊ အသက်ရှည်ခြင်း ဂုဏ်ကိုလည်း ဝယ်နိုင်တယ်။ အဆင်းလှခြင်းဆိုတဲ့ ဂုဏ်ကိုလည်း ဝယ်နိုင်တယ်။ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်းဆိုတဲ့ ဂုဏ်တွေကိုလည်း ဝယ်နိုင်တယ်။ မရနိုင်တာ ဘာမျှမရှိဘူး၊ သဒ္ဓါရှိရင် အကုန်ရ၊ အဲဒါကြောင့် သဒ္ဓါဆိုတာ လူ့ဘဝရဲ့ တကယ့် ထူးခြားတဲ့ လာဘ်လာဘကြီး၊ ရတနာကြီး။ အဲဒါကြောင့်မို့လို့ သုဂတိဆိုတဲ့ လူ့ဘဝကို ရပြီဆိုရင် သဒ္ဓါတရားကိုရမှ ထိုပုဂ္ဂိုလ်ဟာ ကောင်းစွာရအပ်တဲ့ လာဘ်လာဘကြီးကိုရတဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း ဘုရားရှင်က အဖြေပေးတော်မူတယ်။

အဲဒီလို အဖြေပေးတဲ့ အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို ရဟန်းက ဆက်လျှောက်ထားပြန်တယ်။

“ရှင်တော်မြတ်ဘုရား ကောင်းစွာတည်တံ့သူဖြစ်အောင် ကြိုးစားပါလို့ဆိုတဲ့နေရာမှာ ကောင်းစွာတည်တံ့သူဆိုတ ဘယ်လိုပါလိမ့်ဘုရား” လို့ လျှောက်ထားတယ်။ “သာသနာတော်မှာ သဒ္ဓါတရားတည်းဟူသော လာဘ်လာဘကိုရတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီလာဘ်လာဘဆိုတဲ့ သဒ္ဓါတရားကို လူကလည်း မဖျက်ဆီးနိုင်၊ နတ်ကလည်း မဖျက်ဆီးနိုင်။် ဗြဟ္မာကလည်း မဖျက်ဆီးနိုင်၊ ဘယ်သူမျှ မဖျက်ဆီးနိုင်အောင် ခိုင်ခံ့တဲ့၊ စွဲမြဲတဲ့ သဒ္ဓါဖြစ်အောင်ကြိုးစားဖို့၊ အဲဒီလို ကြိုးစားလို့ရှိရင် တည်တံ့သူဖြစ်တဲ့အကြောင်း” ဘုရားရှင် ကိုယ်တော်မြတ်က အဖြေပေးတော်မူတယ်၊ အဲဒီအဆိုဖြင့် ဘာပြောတုံးဆိုတော့ မဂ်ရအောင် ကြိုးစားပါလို့၊ မဂ်ရပြီဆိုရင် ယုတ်စွအဆုံး သောတာပတ္တိမဂ်ရပြီဆိုရင် သောတာပန်ပုဂ္ဂိုလ်အဖြစ် ရောက်ပြီဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ဘယ်သူမှ သူ့သဒ္ဓါတရားကို မဖျက်ဆီးနိုင်တော့ဘူး၊ ဘယ်နတ်ကမျှ ရွေ့ရှားအောင် မတတ်နိုင်ဘူး။ ဘယ်ဆရာကြီးကမှ မတတ်နိုင်ဘူး။ ဘယ်လို တုန်လှုပ်ချောက်ချားပေမဲ့ တုန်လှုပ်ခြင်း မရှိတော့ဘူး၊ ရွေ့လျားခြင်း မရှိတော့ဘူး၊ ခိုင်မြဲတယ်။ ဘုရားအပေါ်မှာ၊ တရားအပေါ်မှာ၊ သံဃာအပေါ်မှာ ကြည်ညိုတိုးကာ စွဲသွားတယ်။ ကုသိုလ်တွေ အပေါ်မှာလည်း အကြည်ညိုစွဲသွားတယ်။ ဒါကြောင့် ကောင်းစွာတည်တံ့သူ ဖြစ်အောင် ကြိုးစားပါဆိုတာ အဲဒီသဒ္ဓါတရားကို အဓိဂမသဒ္ဓါဖြစ်အောင်ကြိုးစားပါလို့ဆိုတာ။ သဒ္ဓါလေးမျိုး ကြားဖူးကြမှာပဲ၊

အာဂမသဒ္ဓါ၊ အဓိဂမသဒ္ဓါ၊ သြကပ္ပနသဒ္ဓါ၊ ပသာဒသဒ္ဓါလို့ သဒ္ဓါလေးမျိုးရှိတယ်။

အာဂမသဒ္ဓါဆိုတာ ဘုရားလောင်းတို့ရဲ့ သဒ္ဓါမျိုး၊ နိယတဗျာဒိတ်ပန်း ဆင်မြန်းသည့်အခါကစ၍ ဘုရားဖြစ်တော်မူသည်အထိ ဘယ်တော့မှ မပျက်ပြားဘဲ တစ်သန်တည်း ဆိုက်ရောက်လာတဲ့ အလောင်းတော်တို့ရဲ့ သဒ္ဓါမျိုး။

အဓိဂမသဒ္ဓါဆိုတာ အရိယာတို့ သဒ္ဓါမျိုး၊ အရိယာမဂ်ကို ရခြင်းဖြင့် ရခဲတဲ့ သဒ္ဓါမျိုး။

သြကပ္ပနသဒ္ဓါဆိုတာ ဘုရား တရား သံဃာဟု ဆိုလိုက်လျှင်မတုန်မလှုပ် သက်ဝင်ယုံကြည်တဲ့ သဒ္ဓါမျိုး။ ကြည်ညိုသဒ္ဓါ ဖြစ်လာခြင်း မျိုးကိုတော့ ပသာဒသဒ္ဓါလို့ ဆိုပါတယ်။

အဲဒါကြောင့် ဘယ်သူမှ မဖျက်နိုင်အောင် ခိုင်မြဲတဲ့ အဓိဂမသဒ္ဓါဖြစ်အောင် ကြိုးစားမှ ဗုဒ္ဓသာသနာနဲ့ တွေ့ရကျိုးနပ်ကြောင်း ကောင်းကောင်းကြီးသိပြီး အဓိဂမခေါ် အရိယသဒ္ဓါမျိုးဖြစ်အောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။

(သာဓု၊ သာဓု၊ သာဓုပါဘုရား)

ကျေးဇူးတော်ရှင် သပြေကန်ဆရာတော်ဘုရားကြီး၏ “သပြေကန်တရားပေါင်းချုပ် အမှတ်(၂)” မှ ကူးယူပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated