@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 2 October 2013

ဘာမဆိုအတိတ်ကံကိုချည်းပုံချရင်မိစ္ဆာဒိဋ္ဌိ

ဗုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒဆိုတာက လောကမှာ ဖြစ်ပျက်နေသမျှ အရာအားလုံ၊ ခံစားနေရသမျှ ချမ်းသာဆင်းရဲအားလုံးဟာ အတိတ်ကံသက်သက်ကြောင့်ပဲ ဖြစ်တာလို့ ယူဆတဲ့ အယူဝါဒပါ။
 
က္ကဿာရနိမ္မာနဒိဋ္ဌိဝါဒ ဆိုတာက လောကမှာ ဖြစ်ပျက်နေသမျှ အရာအားလုံး၊ ခံစားနေရသမျှ ချမ်းသာဆင်းရဲ အားလုံးဟာ ဖန်ဆင်းရှင်ရဲ့ ဖန်ဆင်းမူကြောင့် ဖြစ်ရတာလို့ ယူဆတဲ့အယူဝါဒပါ။

အဟေတုကဒိဋ္ဌိဝါဒ ဆိုတာက လောကမှာ ဖြစ်ပျက်နေသမျှ အရာအားလုံး၊ ခံစားနေရသမျှ ချမ်းသာဆင်းရဲအားလုံးဟာ ဘာအကြောင်းကြောင့်မှ ဖြစ်တာ မဟုတ်ဘူး၊ အကြောင်းမဲ့သက်သက် သူဖြစ်ချင်သလို ဖြစ်နေတာပဲလို့ ယူဆတဲ့ အယူဝါဒပါ။


အဲဒီ အယူဝါဒသုံးပါးစလုံးဟာ ကြာကို ညစ်နွမ်းစေနိုင်တဲ့ ရွှံ့နွှံအညစ်အကြေးနဲ့တူတဲ့ အယူမှားတွေပါပဲ။ အဲဒီအယူမှားတွေကို အသေးစိတ် စိစစ်ရင်တော့ အကျယ်ချဲ့ပြီး ပြောရမှာပဲ။ အကျဉ်းချုပ်အားဖြင့် ပြောရရင်တော့…

ဗုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒ အရာရာဟာ အတိတ်ကံ သက်သက်ကြောင့်ချည်းပဲဖြစ်တယ်ဆိုတဲ့ အယူအဆ။ အဲဒီအယူအဆဟာလည်း မှားယွင်းတဲ့ အယူအဆပါပဲ။

အရာရာဟာ အတိတ်ကံသက်သက်ကြောင့်ချည်းပဲ ဖြစ်တယ်လို့ဆိုရင် ဒီဘ၀မှာ သူ့အသက်သတ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ သူ့ဥစ္စာခိုးနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကာမဂုဏ်မှားယွင်းနေတဲ့ ပုဂ္ဂိုလ်တွေ၊ လိမ်ညာပြောဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ကုန်းတိုက်တဲ့စကားပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကြမ်းတမ်းတဲ့စကားပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ၊ အကျိုးမရှိ သိမ်ဖျင်းတဲ့စကားပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ၊ သူတစ်ပါးရဲ့ ပစ္စည်းဥစ္စာကို မတရား ကြံစည်နေတဲ့ပုဂ္ဂိုလ်တွေ၊ သူတစ်ပါးကို သေကြောင်းကြံစည်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အယူမှားနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်တွေဟာ အတိတ်ကံကြောင့်ပဲ ဖြစ်နေတာဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားပါတယ်။

သူ့အသက်သတ်တာ သတ်ချင်လို့သတ်တာ မဟုတ်ဘူး၊ အတိတ်ကံကြောင့် သတ်ရတာ၊ သူ့ပစ္စည်းခိုးတာ ခိုးချင်လို့ခိုးတာ မဟုတ်ဘူး၊ အတိတ်ကံကိုကပါလာလို့ ခိုးတာပါ၊ အတိတ်ကံကြောင့် ခိုးတာပါ၊ မကောင်းမူဒုစရိုက်တွေ ပြုလုပ်နေတာဟာ အတိတ်ကံကြောင့် ပြုလုပ်နေတာပါဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲဒီလို မကောင်းမူ ဒုစရိုက်တွေ လုပ်နေတာပါဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲဒီလို မကောင်းမူ ဒုစရိုက်တွေက ရှောင်ကြဉ်တဲ့ ကုသိုလ်အမူတွေကလည်း အတိတ်ကံကြောင့် ဖြစ်ရတာပဲဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားပါတယ်။

တစ်နည်းပြောရရင်တော့ လောကမှာ သူယုတ်မာရယ်၊ သူတော်ကောင်းရယ်လို့ ပုဂ္ဂိုလ်နှစ်မျိုးရှိကြတယ်။ သူယုတ်မာတွေဟာလည်းပဲ အတိတ်ကံကြောင့် သူယုတ်မာဖြစ်နေကြတာပဲ၊ သူတော်ကောင်းတွေဟာလည်း အတိတ်ကံကြောင့် သူတော်ကောင်းဖြစ်နေကြတာပဲဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားပါတယ်။ အမှန်ကတော့ အတိတ်ကံ သက်သက်ကြောင့် သူယုတ်မာတစ်ယောက်ဖြစ်မသွားနိုင်သလို အတိတ်ကံသက်သက်ကြောင့်လည်း သူတော်ကောင်း တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက သာမာဝတီမိဖုရားကြီးကို ပန်းဆက်ရတဲ့ ခုဇ္ဇုတ္တရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူဟာ ပန်းဖိုး၊ ရှစ်ကျပ်ထဲက လေးကျပ်ကို ကိုယ့်အတွက် ခိုးယူထားပြီးတော့ လေးကျပ်ဖိုးပဲ ပန်းဝယ်ပြီး သာမာဝတီမိဖုရားကြီးကို ဆက်သတယ်။ တစ်နေ့မှာ မိမိပန်းဝယ်တဲ့ သုမနဆိုတဲ့ ပန်းသည်ရဲ့ အိမ်မှာ မြတ်စွာဘုရားကို ဆွမ်းကျွေးတဲ့အတွက်ကြောင့် ဝေယျာဝစ္စတွေ ကူညီလုပ်ကိုင်ပေးရင်းနဲ့ မြတ်စွာဘုရားရှင်ရဲ့ တရားကို နာကြားပြီး တရားတော်ကညွန်ကြားတဲ့အတိုင်း ၀ိပဿနာရူပွားလိုက်တော့ သောတာပန် ဖြစ်သွားပါတယ်။ အဲဒီ သောတာပန်ဖြစ်သွားတဲ့ အချိန်မှာတော့ ပန်းဖိုးလေးကျပ်ကို ခိုးယူမထားတော့ဘဲနဲ့ ရှစ်ကျပ်ဖိုး အပြည့်အ၀ ပန်းတွေဝယ်ပြီးတော့ သာမာဝတီမိဖုရားကြီးကို ဆက်သပါတယ်။

ဒီတော့ ပန်းဖိုး လေးကျပ် ခိုးခဲ့တဲ့အမူ၊ ပန်းဖိုး လေးကျပ် မခိုးတော့ဘဲနဲ့ ရှစ်ကျပ်ဖိုး အပြည့်အ၀ ၀ယ်လိုက်တဲ့အမူ၊ အဲဒီ အမူနှစ်ခုစလုံးဟာ ဗုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒသမားများရဲ့ အလိုအရ ပြောရရင် ရှေးကံကြောင့် ဖြစ်ရတာပါ။ ပန်းဖိုးခိုးတာလည်း ရှေးကံကြောင့်၊ ပန်းဖိုးမခိုးတော့ဘဲ အမှန်အတိုင်း သူတော်ကောင်းဖြစ်သွားတာလည်း ရှေးကံကြောင့် အဲဒီလို အဓိပ္ပာယ်သက်ရောက်နေပါတယ်။

တကယ်တော့ ပန်းဖိုး မခိုးတော့ဘဲနဲ့ သူတော်ကောင်း ဖြစ်သွားတာဟာ ရှေးကံအကြောင်း သက်သက်ကြောင့်ပဲ ဖြစ်သွားတာ မဟုတ်ပါဘူး၊ မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေးခြင်း၊ မြတ်စွာဘုရားရှင်ထံ ချဉ်းကပ်ခြင်း၊ မြတ်စွာဘုရားရှင်ရဲ့ တရားတော်ကို နာကြားခြင်း၊ တရားတော်ကို သင့်တင့်မှန်ကန်စွာ နှလုံးသွင်းခြင်း၊ တရားတော်နဲ့ လိုက်လျောညီထွေးတဲ့ အကျင့်ကို ကျင့်ခြင်းဆိုတဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေကို ပြုကျင့်တဲ့ အတွက်ကြောင့် သောတာပန် သူတော်ကောင်း အဖြစ်ကို ဆိုက်ရောက်သွားရခြင်း ဖြစ်ပါတယ်။

ဒီတော့ သူတော်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အတိတ်ကံသက်သက်နဲ့မဖြစ်နိုင်ဘူး၊ ပစ္စုပ္ပန်အကြောင်းတရားတွေပါမှ ဖြစ်နိုင်တယ်။ ဒါက ဘာသာရေးအမြင်ထဲကနေ ပြောတာပါ။ ကျန်တဲ့ လောကရေးရာတွေမှာလည်း ထို့အတူပါပဲ။ လောကအောင်မြင်မူ၊ ဆုံးရူံးမူ၊ ချမ်းသာမူ၊ ဆင်းရဲမူ၊ ပြည့်စုံမူ၊ မပြည့်စုံမူ၊ အစိုးရမူ၊ အစိုးမရမူ အစရှိတဲ့ အရေးကိစ္စတွေမှာလည်း အတိတ်ကံသက်သက်နဲ့ မဖြစ်နိုင်ဘူး၊ ပစ္စုပ္ပန်အကြောင်းတရား၊ ပစ္စုပ္ပန်ကံပါမှ ဖြစ်နိုင်တယ်။

ပစ္စုပ္ပန်ကံဆိုတာ ပစ္စုပ္ပန်မှာ ပြုလုပ်အားထုတ်တဲ့ ဥာဏ်နဲ့ ၀ီရိယကို ပြောတာပါ။ ပစ္စုပ္ပန်ဥာဏ်နဲ့ ၀ီရယကို ပစ္စုပ္ပန်ကံလို့ ခေါ်ပါတယ်။ အဲဒီလိုအားဖြင့် ပစ္စုပ္ပန်ကံကိုလုံးဝထည့်သွင်း မစဉ်းစားဘဲ အတိတ်ကံသက်သက်ကိုပဲ ယုံကြည်တဲ့ ဗုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒသည်လည်းပဲ အယူမှားတစ်ခုဖြစ်ပါတယ်။

ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက “ကြာလိုလူ” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated